DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်မှုကြောင့် ဒေသတချို့ ရေနစ်မြုပ်နေဆဲ
DVB
·
July 25, 2011
မိုးသည်းထန်မှုကြောင့် ဒေသတချို့ ရေနစ်မြုပ်နေဆဲ
Donate to DVB

သီတင်းတပတ်ကြာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြစ်ရေကြီးလာသလို ရခိုင်၊ ကရင်ပြည်နယ်နဲ့ ပဲခူး၊ ဧရာဝတီတိုင်းတွေမှာ ရေကြီးရေလျှံနေပါတယ်။

မိုးသည်းသည်းမည်းမည်း ရွာသွန်းနေတာကြောင့် ပဲခူးမြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေလျှံတက်နေပြီး လူထောင်ပေါင်းများစွာ စားဝတ်နေရေး အခက်ကြုံနေကြရဆဲပဲလို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မိုးသည်းထန်ပြီး တောင်ကျရေ ကျဆင်းမှုနဲ့ မြစ်ရေတက်မှုကြောင့် ပဲခူးမြို့ ကျောက်ကြီးစု၊ ကျွန်းသာယာ စတဲ့ရပ်ကွက်တွေ အပါအ၀င် ရပ်ကွက် ၁၀ ခု ကျော်မှာ ရေကြီးရေလျှံနေတာ ဖြစ်ပါတယ်။

ပဲခူးမြို့ သုံးပုံတပုံလောက် ရေကြီးတဲ့အတွက် ရေဘေး ဒုက္ခသည် ထောင်ပေါင်းမျာစွာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ခိုလှုံနေကြပါတယ်။ ရေဘေးဒုက္ခသည်တွေကို မြို့ခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကူညီနေကြတယ်လို့ ပဲခူးမြို့ခံ ကိုနေ၀င်းက ပြောပါတယ်။

“အာဏာပိုင်တွေရဲ့ ကြီးကြပ်မှုတော့ မပါဘူး။ ရေမြုပ်တဲ့မိသားစုတွေက အိမ်တွေကို စွန့်ခွာပြီးတော့ နည်းနည်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေ၊ ရေတွေက သူတို့ဆီလည်း တဖြည်းဖြည်း တက်လာကြတယ်။ ကလေးတွေကော ခွေးတွေကော သူတို့ လွတ်ရာလွတ်ကြောင်းပေါ့။ ထမင်းမစားရသေးဘူး ဆိုတော့ အဲဒီနားက လူတွေက အလှူရှင်တွေဆီမှာ ထမင်းထုတ် လိုက်ကောက်ပေးကြတယ်။ အဲလို ကျွေးတာပါ။ ရပ်ကွက်တိုင်းမှာ ကယ်ဆယ်ရေးဆိုပြီး ဖွင့်ထားတာတော့ မဟုတ်ဘူး။ ရပ်မိရပ်ဖတွေရဲ့ အစီအစဉ်နဲ့ ကယ်ဆယ်ရေး လုပ်နေကြတာ။ ရေနစ်တဲ့ရပ်ကွက်က ၁၄ ရပ်ကွက်လောက်ရှိတယ်၊ တရပ်ကွက်ကို ၃၀၀၀ လောက်နဲ့ တွက်၊ သောင်းဂဏန်းနဲ့ချီရှိတယ်။

ဒီနေ့ နေသာနေပေမယ့် ရေမကျသေးပါဘူး၊ ပဲခူး မြို့နယ်အပါအ၀င် သနတ်ပင်၊ ဒိုက်ဦးနဲ့ က၀မြို့နယ်တွေမှာလည်း ရေလျှံပြီး လယ်တွေ ရေနစ်ကုန်တယ်လို့ ပဲခူးမြို့ခံ ဦးအေးမြင့်က ပြောပါတယ်။

“ဒီနေ့လည်း ရေကလုံးဝ မကျဘူး။ ကားလမ်းပေါ်ထိ ရှိနေတုန်းပဲ။ ဒီလိုမျိုး ဖြစ်တာကတော့ ရေနုတ်မြောင်းတွေ စနစ်တကျ တူးဖော်ဖြင်းမရှိဘဲနဲ့ ထားတဲ့ကိစ္စကြောင့် ရေစီးရေလာ လုံးဝမကောင်းဘူး။ အခုက ပဲခူးမြို့နယ်။ သနပ်ပင်မြို့နယ်၊ က၀မြို့နယ် လယ်တွေအားလုံး ရေမြုပ်ကုန်တယ်။ ရေမြုပ်တဲ့အပြင် ရေတွေစီးတဲ့ ချောင်းပေါက်တွေမှာ ကျားပေါက်တွေ ထောင်ကြတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကလည်း မတားပေးဘူး။ အဲတော့ လယ်သမားဘ၀က မျိုးလည်းမရှိတော့ဘူး။ မျိုးရှိပြန်လည်း ပြန်စိုက်ဖို့ အချိန်က မရှိတော့ဘူး။ လယ်ရဲ့ ဆုံးရှုံးမှုတွေကတော့ တော်တော်များတယ်။ ရေနစ်ကုန်တယ်။”

အလားတူ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တံဆာမြို့ဘက်မှာရှိတဲ့ လယ်ဧက ၅၀၀ လောက်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ရေကြီးပြီး လယ်တွေ ရေနစ်နေတဲ့အတွက် စပါးပျက်စီးကုန်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် မြေနိမ့်ပိုင်း ကျတဲ့ အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်တွေမှာ ရေလျှံတဲ့အတွက် ရေဘေး ဒုက္ခ သည်တွေကို ကျောင်းတွေမှာ နေရာချပေးထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ပျဉ်ရွာမှာ တနေရာရှိတယ်။ နောက်ပြီးတော့ ရဲဘော်ဈေးက မူလတန်းကျောင်း၊ နောက်ပြီးတော့ အထက(၁)က မူလတန်းအဆောင်၊ အဲဒီမှာ ရေမြုပ်တဲ့လူတွေကို နေရာခွဲပြီးတော့ ထားတယ်။ လူကတော့ အားလုံး ၁၀၀ ကျော်လောက်ရှိတယ်။ အားလုံးပေါင်းလိုက်ရင် ၄၀၀၊ ၅၀၀ လောက် ရှိမယ်။ တချို့နေလို့ မရတဲ့ လူတွေက သက်ဆိုင်ရာလူကြီးတွေက အကုန်လုံး နေရာချထားပေးဖို့ အကုန်လုံး အဆင့်ဆင့် လုပ်ကြတယ်။”

ဒီနေ့မှာတော့ ရေစကျနေပြီလို့ ဆိုပါတယ်။ မကွေးတိုင်း စေတုတ္ထရာမှာလည်း အာဏာပိုင်တွေက ကြိုတင်​ အသိမပေးဘဲ ကျောက်နွားသိုး ဆည်ရေကို ဖောက်ချတဲ့အတွက် စကုမြို့နယ်ထဲက ရွာတွေမှာ ရေကြီးရေလျှံကုန်ပြီး လယ်ယာစိုက်ခင်းတွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအလားတူ ရေကြီးမှုတွေ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာ ဖြစ်ပွားနေပြီး လယ်ဧက သောင်းချီပြီး ရေနစ်မြုပ် ပျက်စီးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013