ရွေးကောက်ပွဲ အလွန် (၂)

(မိတ်ဆက်။ ။ ယခု သုံးသပ်ချက်စာတမ်း The Myanmar Elections: Results and Implications ကို နိုင်ငံတကာ ပဋိပက္ခ တားဆီးကာကွယ်ရေး ဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ သုတေသန အကြံပေးအဖွဲ့ International Crisis Group က ဒီဇင်ဘာဆန်းမှာ ထုတ်ပြန်ခဲ့ပြီး ဆင်ခြင်နိုင်စေဖို့ ဘာသာပြန် ဖော်ပြလိုက်ပါတယ်။) (၄) ရလဒ် ဂယက် ရွေးကောက်ပွဲက နိုင်ငံရေး အာဏာခွဲဝေမှုမှာ ကြီးမားတဲ့ အလှည့်အပြောင်းကို ဖြစ်စေတယ်။ အန်အယ်ဒီဟာ ပြတ်ပြတ်သားသား အနိုင်ရပါတီ ဖြစ်လာပြီး အရေးကြီးပြီး အင်အားကြီးတဲ့ အရှုံးသမားတွေ ပေါ်ပေါက်လာတယ်။ နှစ်ဖက်က ဘယ်လို တုံ့ပြန်ကြသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး မြန်မာပြည် အနာဂတ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (၄-က) လက်ဟောင်း နိုင်ငံရေး ရေပေါ်စီတွေကို ဖယ်ရှားခြင်း အထင်ရှားဆုံး အရှုံးသမားတွေထဲမှာ ပြည်ခိုင်ဖြိုး ပါတီ (ယူအက်ဒီပီ) ပါတီနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ နေရာ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အပဲ့ အစင်လောက်ပဲ ပြန်ရလိုက်ပါတယ်။ ဥပဒေ ပြုလွှတ်တော်မှာ ၄၁ နေရာ (၈ ရာခိုင်နှုန်း) ပဲ အနိုင်ရပါတယ်။ ဒါဟာ နိုင်ငံရေး အလှည့်အပြောင်းဖြစ်သလို ပြည်ခိုင်းဖြိုးပါတီအတွက်လည်း အရှက်ရဖွယ် အရှုံးပါပဲ။ ဒုတိယ အကြီးဆုံး နိုင်ငံရေး ပါတီ ဖြစ်ပေမယ့် ဥပဒေပြုတဲ့ ကိစ္စမှာ လွှမ်းမိုးနိုင်စွမ်း မရှိသလောက် ဖြစ်သွားပါတယ်။ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကလည်း အရှက်တကွဲ ရှုံးနိမ့်ခဲ့တယ်။ တချို့ဆိုရင် အပိုင်တွက်ပြီး ၀င်ပြိုင်ခဲ့ကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ ဒီလို ရှုံးသူတွေထဲမှာ အရင် အစိုးရလက်ထက်က နံပါတ် ၃ ခေါင်းဆောင်ဖြစ်ခဲ့ပြီး၊ ထွက်သွားရတော့မယ့် လွှတ်တော် ဥက္ကဌ ဦးရွှေမန်းလည်း ပါဝင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့  ယာယီ ဥက္ကဋ္ဌ ဦးဌေးဦး၊ ကာကွယ်ရေး ၀န်ကြီးဟောင်း ဦးဝေလွင် အပါအ၀င် တခြား အငြိမ်းစား ၀န်ကြီးတွေလည်း ရှုံးကြပါတယ်။ ငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူး ဖြစ်ပြီ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မင်္တီမှာ ပါဝင်ပေမယ့် တသီးပုဂ္ဂလအဖြစ် ၀င်ပြိုင်ခဲ့တဲ့ ဦးအောင်မင်းလည်း ရှုံးပါတယ်။ အနိုင်ရတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေထဲက တယောက်ကတော့ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဘ၀ကနေ ပူပူနွေးနွေး အနားယူပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဦးလှဌေးဝင်း ဖြစ်ပါတယ်။ သူ့လိုပဲ အောက်လွှတ်တော်မှာ ရေတပ်ဦးစီးချုပ်ဟောင်း သက်ဆွေ၊ လက်ရှိ ဒုသမ္မတ ဦးဥာဏ်ထွန်း၊ စိုင်းမောက်ခမ်း၊ ၀န်ကြီးဟောင်း ဦးသိန်းဆွေ၊ ကြယ်သုံးပွင့် ဗိုလ်ချုပ် အငြိမ်းစား ဦးသောင်းအေးတို့ အနိုင်ကြပါတယ်။ အထက်လွှတ်တော်မှာ လက်ရှိ ဥက္ကဌ ဦးခင်အောင်မြင့်က ပြန်နိုင်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း နိုင်ပါတယ်။ ဒီ ပုဂ္ဂိုလ်ကြီးတွေက ပြည်ခိုင်ဖြိုးအမတ် အနည်းစုလေးကို လွှတ်တော်တွင်း ဦးဆောင်ရပါမယ်။ တကယ်တော့ ရွေးကောက်ပွဲ ၀င်ရတဲ့ မျှော်လင့်ချက်နဲ့ တကယ် ဖြစ်လာတာ မတူပါဘူး။ ပြည်ခိုင်ဖြိုးပါတီက လူထုစစ်တမ်းတခု ပြုလုပ်တဲ့အခါမှာ ခွက်ခွက်လှန် ရှုံးနိုင်တယ်ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပါတီ ခေါင်းဆောင်တွေ အတော်များများကတော့ ဒီတောင်ကို သူတို့ ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ အတွင်းစည်းမှာ ခန့်မှန်းကြတာက ပြည်ခိုင်းဖြိုးပါတီက အောက်လွှတ်တော်မှာ သုံးပုံတပုံ နီးပါးလောက် အနိုင်ရရင် တပ်မတော်သား ကိုယ်စားလှယ်တွေ၊ တချို့ လူမျိုးစု တိုင်းရင်းသား ပါတီတွေနဲ့ ပေါင်းပြီး အများစုဖြစ်လာနိုင်တယ်လို့ တွက်ဆခဲ့ကြပါတယ်။ တကယ်တော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို လျှော့တွက်ခဲ့ပုံရပါတယ်။ သူ့ရဲ့ လွှမ်းမိုးမှု၊ အပြောင်းအလဲ သတင်းစကား၊ တိုင်းပြည်ကို ဆယ်စုနှစ်ချီ အုပ်ချုပ်လာတဲ့ စစ်တပ် အီလစ် တသိုက်ကို ပြည်သူတွေက ဘယ်လောက်တောင် ပ-ထုတ်ချင်နေသလဲဆိုတာတွေကို လျှော့တွက်ခဲ့ကြတာပါ။ ပြည်ခိုင်ဖြိုးပါတီရဲ့  တွက်ကိန်းကတော့ ထိပ်သီး အင်အားကြီး အမတ်လောင်းတွေရဲ့  အရှိန်အ၀ါ၊ လက်ရှိ အာဏာရပါတီ ဖြစ်နေတဲ့ အားသာချက်တွေ ပေါင်းစည်း၊ တဖက်မှာ အန်အယ်ဒီအပေါ် လူထုထောက်ခံမှု ကျဆင်းနေတဲ့ အခြေအနေ၊ အစိုးရရဲ့  ပြုပြင်ပြောင်းလဲရေးတို့က မဲရလဒ်မှာ ရောင်ပြန်ဟပ်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ သူတို့ တွက်ကိန်းလည်း မမှားပါဘူး။ ပြည်ခိုင်ဖြိုးပါတီဟာ မဲအရေအတွက် ၂၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး အန်အယ်ဒီက ၅၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မဲများသူ နိုင်စတမ်း ရွေးကောက်ပွဲ စနစ်အရ အန်အယ်ဒီက ပြည်ခိုင်ဖြိုးထက် မဲ နှစ်ဆပဲ ပိုရခဲ့ပေမယ့် အနိုင်ရ မဲဆန္ဒနယ်မြေချင်းနှိုင်းယှဉ်တဲ့အခါ ၁၀ ဆနီးပါး ကွာဟသွားပါတယ်။ တကယ်တော့ ၁၉၉၀ နဲ့ ၂၀၁၂ တို့မှာလည်း ဒီပုံစံမျိုး အတိုင်းပဲ ဖြစ်ခဲ့တာပါ။ အကယ်၍ အချိုးကျ ကိုယ်စားပြုမှု စနစ် ဖြစ်ခဲ့ရင် ပြည်ခိုင်ဖြိုးပါတီအတွက် အခုထက် အခြေအနေ ပိုကောင်းနိုင်ပါတယ်။ ဒါပေမယ့် တိတိပပ မရှိတဲ့ အကြောင်းကြောင့် ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး အကောင်အထည် မဖော်ခဲ့ကြပါဘူး။ ပြည်ခိုင်ဖြိုးပါတီနဲ့ အမတ်တွေလောင်းတွေဟာ အရှုံးအတွက် သဘောထားကြီးကြတယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။ ရလဒ်က ပြတ်သားသလောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့တာလည်း ပါနိုင်ပါတယ်။ တကယ်တော့ အပြောင်းအလဲ ဗိသုကာတွေ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်၊ အတိုင်ပင်ခံ ၀န်ကြီးတွေ၊ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ အတွက် ငြိမ်းချမ်းပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံက အပြတ်နိုင်ပြီး စနစ်တကျ အာဏာအလွှဲအပြောင်း ဖြစ်မြောက်မယ်ဆိုရင် သူတို့အတွက် ဂုဏ်သိက္ခာလည်းစရာပါပဲ။ ရွေးကောက်ပွဲ ကော်မရှင်ကို အသုံးချပြီး ရလဒ်ကို ပြောင်းပြန်လှန်ချင်တဲ့ တဦးစ တယောက်စ ရှိကောင်း ရှိနိုင်ပေမယ့် သူတို့ဟာ ပါတီမှာ အဆင့်နေရာရော၊ အာဏာရော၊ ထောက်ခံမှုရော မရှိကြတော့ပါဘူး။ ဒါကြောင့် ရလဒ်ကို ကြီးကြီးမားမား ပြောင်းလဲဖို့ ဆိုတာ ကြိုးစားလည်း အရာထင်တော့မှာ မဟုတ်ပါဘူး။ (၄-ခ) တပ်ဘက်က တုံ့ပြန်မှု ပြည်ခိုင်ဖြိုးပါတီရဲ့  အရှုံးက မရူ့မလှဆိုပေမ့ယ် စစ်တပ်ကတော့ ပန်းပန်လျက်ပဲလို့ ဆိုရမှာပါ။ အကြောင်းကတော့ ရွေးကောက်ပွဲရလဒ်ဟာ စစ်တပ်အတွက် ရေတို၊ ရေရှည် ရည်မှန်းချက်တွေကို အထောက်အပံ့ ဖြစ်သွားလို့ပါပဲ။ ဒီလို ရည်မှန်းချက်တွေထဲမှာ အမေရိကန်နဲ့ အနောက်နိုင်ငံ စစ်တပ်တွေနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ပြီး တရုတ်ရဲ့  လွှမ်းမိုးမှုကို ထိန်ညှိဖို့က တကြောင်းပါဝင်သလို၊ တိုင်းပြည်စီးပွားရေးက အင်အားကြီးမားပြီး ခေတ်မီတပ်တော် ဖြစ်အောင် ထောက်ပံ့ပေးနိုင်ဖို့၊ ပြည်တွင်းမှာ တပ်မတော် ဂုဏ်သိက္ခာပြန်တက်လာအောင် မြှင့်တင်ဖို့ အကြောင်းတွေလည်း ပါဝင်ပါတယ်။ ဒီလိုဆိုတာကြောင့် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က မစိုးရိမ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ စစ်တပ်ဟာ အန်အယ်ဒီက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း ရှိပါ့မလား ဆိုပြီး သံသယရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်နိုင်ငံတွေ (အထူးသဖြင့် ကိုလိုနီ ပြုဖူးတဲ့ ဗြိတိန်) နဲ့ နီးစပ်တာကိုလည်း စိုးရိမ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ရလဒ်ကို အခုလောက် ပြတ်ပြတ်သားသားမဖြစ်ဘဲ အငြိမ်းစား စစ်အရာရှိကြီးတွေ အနိုင်ရတာကို မြင်ချင်ခဲ့မှာပါပဲ။ ဘာပဲဖြစ်ဖြစ် စစ်တပ်ရဲ့  နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားပြီး ဖြစ်သလို၊ ဖွဲ့စည်းပုံ အပြောင်းအလဲတွေကို ဗီတိုအာဏာကို သုံးပြီး ပယ်ချ နိုင်ပါတယ်။ ဖွဲ့စည်းပုံက တပ်မတော်ကို ပေးအပ်ထားတဲ့ ဥပဒေပြုခွင့် အာဏာဟာ ဘယ်ပါတီရဲ့ ထောက်ခံမှုကိုမှ တောင်းခံစရာ မလိုဘဲ ကိုယ်ပိုင်အခွင့်အာဏာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်ကလည်း အံ့သြကောင်း အံ့သြပါလိမ့်မယ်။ ဒါပေမယ့် တပ်မတော် အကျိုးစီးပွားအပေါ်မှာတော့ အနှုတ်လက္ခဏာ သက်ရောက်မှု မရှိနိုင်ပါဘူး။ တကယ်တမ်း စနစ်တကျ အာဏာလွှဲပြောင်းရေး အဆင်ချောမွေ့ခဲ့ရင် (ဖြစ်ဖို့လည်း များပါတယ်) အန်အယ်ဒီက တောင်ပြိုကမ်းပြိုအနိုင်ရရှိမှု၊ အတိုက်အခံက အာဏာရတာ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုတာ၊ ရလဒ်အပေါ် ၀င် မစွက်ဖက်တာတွေအတွက် စစ်တပ်ဟာလည်း ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်ပေးတဲ့အတွက် ဂုဏ်သိက္ခာတက်စရာတခု ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ကို အနောက်နိုင်ငံကို ပြန်လည်ပေါင်းစည်းဖို့နဲ့ စစ်တပ်ရဲ့  ရပ်တည်ချက်အတွက် အောင်ပွဲ ဖြစ်ပါတယ်။ ဒီခရီးမှာ အန်အယ်ဒီ အစိုးရနဲ့ ဆက်ဆံရေးမှာ ထိပ်တိုက်တွေ့ခဲ့ရင် အဓိက အဖျက်အမှောင့် ဖြစ်သွားနိုင်ပါတယ်။ ဒီလို ဖြစ်လာရင် ပြဿနာက မသေးသလောက်၊ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ နောက်ကြောင်း ပြန်သွားနိုင်ပါတယ်။ ပြည်တွင်းပြည်ပက စစ်တပ်ကိုပဲ အပြစ်ဖို့ကြပါလိမ့်မယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ တဖက်က နိုင်ငံရေး လွှမ်းမိုးမှုကို ထိန်းထားပြီး၊ တဖက်က အန်အယ်ဒီနဲ့ အပြုသဘော ဆက်ဆံရေးကို လိုလားပါတယ်။ နှစ်ဖက် မယုံကြည်မှု အတိတ်သမိုင်းကို ဖြတ်ကျော်နိုင်ကြလားဆိုတာကတော့ နှစ်ဖက်စလုံးရဲ့  အမြော်အမြင်ပေါ် မူတည်ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တယောက်ချင်း ပထမဆုံးတွေ့ဆုံမှုက အပြုသဘော ဆောင်ပုံ ရပါတယ်။ အသေးစိတ်တွေကို မထုတ်ပြန်ပေမယ့် ကိုယ်နေဟန် ဘာသာစကားနဲ့ အပြောအဆိုတွေကို ကြည့်ရတာ အပေါင်းလက္ခဏာ အရိပ်ယောင်ပါပဲ။ (၄-ဂ) တိုင်းရင်းသား ပါတီတွေအတွက် စိန်ခေါ်မှုများ အကြီးမားဆုံး အံ့သြစရာကတော့ တိုင်းရင်းသား လူနည်းစု ပါတီတွေ ရှုံးနိမ့်မှု ဖြစ်နိုငပါတယ်။ လူဦးရေကို အခြေမခံဘဲ ပြည်နယ် ၇ခု၊ တိုင်းဒေသကြီး ၇ က ကိုယ်စားလှယ်တွေ အညီအမျှ စေလွှတ်တဲ့ အထက်လွှတ်တော်မှာ ရှုံးနိမ့်မှုက မျှော်လင့်မထားတာ ဖြစ်နိုင်ပါတယ်။ ဒါတင်မက တိုင်းရင်းသား ပါတီတွေဟာ ကိုယ့်ပြည်နယ် လွှတ်တော်တွေကနေလည်း ပ-ထုတ်ခံလိုက်ရ ပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေ ဖောင်းပွတာက တကြောင်းဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းရင်သားပါတီ ၂၄ ခုပဲ ယှဉ်ပြိုင်ခဲ့ရာက ၂၀၁၅ မှာ ၅၅ ပါတီ တောင် ရှိခဲ့ပါတယ်။ တိုင်းရင်းသား လူမျိုးစု တခုတည်းမှာပဲ ပါတီတွေ အမြောက်အမြား ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် မဲပေးသူတွေက တိုင်းရင်းသားလူမျိုးစု ပါတီတွေကို မဲမပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို မဲ အကွဲကွဲအပြားပြား ဖြစ်ခဲ့တာက အဓိက အကြောင်းမဟုတ်ပြန်ပါဘူး။ ပြည်နယ်တွေမှာ အန်အယ်ဒီက အနိုင်ရတဲ့ မဲဆန္ဒနယ်တွေကို ကြည့်ရင် အန်အယ်ဒီက ရရှိတဲ့ မဲအရေအတွက်ဟာ တိုင်းရင်းသား ပါတီတွေ ရရှိတဲ့ မဲအားလုံး ပေါင်းလဒ်ထက် ပိုများပါတယ်။ ဒါကြောင့် မဲမကွဲခဲ့ရင်တောင် ပြည်ထောင်စု လွှတ်တော်မှာ တိုင်းရင်းသား လူမျိုးစု ပါတီတွေ အနိုင်ရမယ့် ထိုင်ခုံနေရာ သိပ်များမှာ မဟုတ်ပါဘူး။ တချို့ တိုင်းရင်းသားနယ်မြေတွေမှာ နယ်ခံတိုင်းရင်းသားပါတီကို မဲမပေးဘဲ အန်အယ်ဒီကိုပဲ ထောက်ခံခဲ့ကြတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းတွေ တခုမက ရှိနိုင်ပါတယ်။ အန်အယ်ဒီရဲ့ တခုတည်းသော ကြွေးကြော်သံ(တချို့က ရိုးလွန်းတယ်လို့ ဆိုကြတယ်) “အပြောင်းအလဲ” ဆိုတာက တနိုင်ငံလုံးကို ပဲ့တင်ထပ်ခဲ့တယ်။ တဖက်မှာလည်း ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းပြည်မှာ ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အနေနဲ့ ပေးလိုက်ကြတဲ့ မဲတွေကို အများဆုံးရတဲ့ ပါတီဟာ အန်အယ်ဒီပါပဲ။ တကယ်တော့ အန်အယ်ဒီက သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်တုန်းက တိုင်းရင်းသားပါတီတွေ အထိုက်အလျှောက် အခြေအနေကောင်းခဲ့တာ ကလည်း တိုင်းရင်းသားပါတီတွေကို ကြိုက်လို့ ထောက်ခံမဲပေးတာထက် ပြည်ခိုင်ဖြိုးပါတီကို မကြိုက်လို့ ကန့်ကွက်မဲ ပေးလိုက်ကြတဲ့ သဘောမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာ တိုင်းရင်းသား နိုင်ငံရေးမှာ ကြီးကြီးမားမား ဂယက်ရိုက်ပါလိမ့်မယ်။ တိုင်းရင်းသား နယ်မြေတွေမှာ အန်အယ်ဒီကို မဲပေးခဲ့ကြပေမယ့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒေသ ခေါင်းဆောင်တွေ တော်တော်များများက အန်အယ်ဒီကို ဗမာပါတီ လို့ပဲ မြင်ကြတာလည်း ရှိပါတယ်။ တိုင်းရင်းသားတွေရဲ့  ခံစားချက်၊ မျှော်လင့်ချက်တွေကို နားမလည်တဲ့ ပါတီအဖြစ် မြင်ကြပါတယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ရပ်စလုံးမှာ အန်အယ်ဒီက လွှမ်းမိုးထားရုံမက၊ ပြည်နယ်လွှတ်တော်တွေ အများစုမှာ လွှမ်းမိုးထားတဲ့အတွက် စိုးရိမ်းမှုတွေ မနည်းမနောရှိပါတယ်။ တကယ်၍ ပြည်နယ် ၀န်ကြီးချုပ်တွေကို အန်အယ်ဒီ ဗဟိုက ခန့်ပြီး အန်အယ်ဒီ ကိုယ်စားပြုတွေ ဖြစ်နေခဲ့ရင် တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။ တိုင်းရင်းသားဒေသ ပြည်သူတွေရဲ့ ဘ၀တွေအပေါ် သက်ရောက်မယ့် ဆုံးဖြတ်ချက်တွေကို ဒေသခံတွေက ထိန်းချုပ်ခွင့် ပိုရမယ့်ဆိုတဲ့ ကတိအတိုင်း ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆိုတာ ဘယ်ဆီဘယ်ဝယ်မှာလဲလို့ စောဒက တက်လာနိုင်ပါတယ်။ ဒီဂယက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ဘယ်လို သက်ရောက်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရပါမယ်။ ဒီနေရာမှာလည်း အန်အယ်ဒီရဲ့  အောင်မြင်မှု အတိုင်းအဆက အများကြီး စကားပြောပါတယ်။ အန်အယ်ဒီရဲ့ ရည်ရွယ်ချက်အပေါ် တချို့ လက်နက်ကိုင်တွေကြားမှာ သံသယ နည်းကြသလို၊ အစိုးရ ဖြစ်လာရင် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြပေမယ့်၊ တဖက်မှာလည်း အန်အယ်ဒီဟာ တိုင်းရင်းသား ပဋိပက္ခရဲ့  အကြောင်းရင်းကို နားမလည်၊ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကင်းကွာခဲ့တဲ့ အတွက် ဆွေးနွေးထားတာတွေကို နားမလည်ဘူးလို့ မြင်တာတွေလည်း ရှိပါတယ်။ အန်အယ်ဒီကို စတင်ထူထောင်စဉ်က ဒုတိယ ဥက္ကဌက ၁၉၇၀ ပြည့်လွန်နှစ်တွေက စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဦးတင်ဦးလို ပုဂ္ဂိုလ်မျိုးတွေ၊ ဟိုးအရင်စစ် အစိုးရခေတ်က အကြီးတန်းခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။ ဒါတင်မက အန်အယ်ဒီနဲ့ စစ်တပ် တို့ကြားက ဆက်ဆံရေး အလားအလာ ဘယ်လို ဖြစ်မလဲ ဆိုတဲ့အပေါ်မှာလည်း စိုးရိမ်မှု မျိုးစုံ ရှိပါတယ်။ အန်အယ်ဒီ အစိုးရက စစ်တပ်အပေါ် သြဇာ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူးဆိုပြီး စိုးရိမ်သူတွေက ကတိ၀၀တ်တွေ လက်တွေ့ အကောင်အထည် မဖော်နိုင်မှာကို စိုးရိမ်ကြပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာလည်း အလားတူပဲ စိုးရိမ်ခဲ့ကြပါတယ်၊ တခြား တဖက်မှာလည်း အန်အယ်ဒီ အစိုးရဟာ ပြည်တွင်း ပြည်ပ ထောက်ခံမှု အခိုင်အမာ ရရှိထားတာကြောင့် စစ်တပ်နဲ့ နားလည်မှု ရရှိပြီး ပေါင်းစည်းမိသွားရင် ဗမာအချင်းချင်း ညီညွတ်ပြီး အပေးအယူ ညှိရနှိုင်းရ ခက်ခဲသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ (၄-ဃ) အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်တွေရဲ့  ထောက်ခံမဲ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလမှာ နိုင်ငံရေး ရည်မှန်းချက်အတွက် ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေးဝါဒကို ထပ်တလဲလဲ အသုံးချခဲ့တာ ရှိခဲ့ပါတယ်။ အထူးသဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေဆိုတာကို မဘသ သံဃာတွေက တင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့  ထောက်ခံမှုနဲ့ ၂၀၁၅ မေနဲ့ သြဂုတ်လမှာ ဥပဒေ ဖြစ်လာပါတယ်။ ဒီအတွက် အောင်ပွဲ အခမ်းအနားတွေကို နိုင်ငံတ၀ှမ်းလုံးမှာ စက်တင်ဘာလထဲမှာ ပြုလုပ်ပြီး ဥပဒေကို မထောက်ခံသူတွေကို ဝေဖန်ခဲ့ပါတယ်။ တခါတလေ အန်အယ်ဒီကပဲ ပြောင်ပြောင်တင်းတင်း ထိုးနှက်ခဲ့တာပါ။ အန်အယ်ဒီ ကိုယ်တိုင်က မွတ်စလင် အမတ်လောင်းတွေကို အရွေးခဲ့ပေမယ့် အကြီးတန်း သံဃာတပါးက အန်အယ်ဒီကို အစ္စလာမ္မစ်တွေ ကျောထောက်နောက်ခံပေးထားတဲ့ ပါတီဆိုပြီး လွန်လွန်ကျွံကျွံ ဝေဖန်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ ဘာသာရေးကို အသုံးမချဖို့ ဥပဒေက တားဆီးထားတဲ့အတွက် အန်အယ်ဒီကလည်း ဒီကိစ္စကို အမှု ဖွင့်ဖို့ ဖြစ်လာပါတယ်။ လောလောဆယ်မှာ မွတ်စလင် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပြင်းထန်နေတာ၊ အန်အယ်ဒီက ဒီကိစ္စနဲ့ ပတ်သက်လာရင် အပြတ်သားဘူးလို့ ယူဆကြတာ ရှိတဲ့အတွက် အကျိုးဆက်တွေ ဖြစ်လာနိုင်တာကို တချို့ စောင့်ကြည်သူတွေက ခန့်မှန်းနေကြပါတယ်၊ အထူးသဖြင့် ဧရာဝတီ ဒေသလိုမျိုး ကျေးလက်ဒေသတွေမှာပါ။ အပြင်ပန်းအားဖြင့် ဒီလို ပြဿနာ ဖြစ်မယ့် အရိပ်အယောင် မရှိပါဘူး။ အန်အယ်ဒီက ရရှိတဲ့ မဲအရေအတွက်ဟာ ၁၉၉၀ တုန်းက အတိုင်းပါပဲ။ အဲဒီ တုန်းကတော့ မွတ်စလင် ကိစ္စ မပေါ် သေးပါဘူး။ တိုင်းဒေသကြီးတွေမှာ အန်အယ်ဒီ အမတ်လောင်းတွေဟာ ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေးကို အသုံးချတဲ့ ပါတီတွေက တင်တဲ့ အမတ်လောင်းတွေကို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (NDP)၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) တို့ အပါအ၀င် မကသနဲ့ ဆက်နွယ်နေတဲ့ မြန်မာအမျိုးသားကွန်ယက် (MNN) က တင်တဲ့ တသီးပုဂ္ဂလ အမတ်တွေက အားလုံး ရှုံးခဲ့ကြပါတယ်။ မွတ်စလင် ဆန့်ကျင်ရေး အားကောင်းတဲ့ မိတ္ထီလာနဲ့ သာစည် မြို့နယ်တွေမှာတော့ အန်အယ်ဒီက နေရာအနည်းငယ် ရှုံးသွားခဲ့ပါတယ်။ ဒီအခြေအနေတွေကို ကြည့်ပြီး မဘသရဲ့  ဘာသာရေး အရ စည်းရုံးမှု အင်အား၊ နိုင်ငံရေးအရ စည်းရုံးမှု အင်အား ကျဆင်းသွားပြီလို့ နိဂုံးချုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ မဘသမှာ ရွေးကောက်ပွဲလိုမျိုး ရိုးရှင်းတဲ့ ကိစ္စမဟုတ်တဲ့ တခြား ကိစ္စတွေ ရှိနေပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ဖို့၊ သံဃာတော်တွေ မဲပေးခွင့် လိုမျိုး အငြင်းပွားဖွယ် ကိစ္စတွေကို ရှေ့တန်း တင်လာဖို့ အစွမ်းကုန် ကြိုးစားပါဦးမယ်။ မြန်မာဗုဒ္ဓ၀ါဒအကြောင်း နားလည်တဲ့ ပညာရှင်တယောက်က ပြောသလို အန်အယ်ဒီကို မဲပေးတာနဲ့ ဗုဒ္ဓဘာသာ၊ အမျိုးသားရေး ၀ါဒ တို့ကြားထဲမှာ ၀ိရောဓိ ဖြစ်စရာ အကြောင်း မရှိပါဘူး။ အန်အယ်ဒီရဲ့  အောင်ပွဲကို ကြည့်ပြီး မဘသကို ဆန့်ကျင်တဲ့ မဲတွေ ရရှိသွားတယ်လို့ ယူဆလို့ မဖြစ်နိုင်ပါဘူး။ တဖက်မှာ ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် ၂၈ ရာခိုင်နှုန်းအထိ ရရှိတာဟာ အမျိုးသားရေးဝါဒအပေါ် ရပ်တည်ချက် ပြတ်သားမှုနဲ့ တစိတ်တပိုင်း သက်ဆိုင်ပါတယ်။ သေချာပြောနိုင်တာတခုကတော့ တချို့ မဘသ ဘုန်းကြီးတွေက လူကြိုက်များတဲ့ အန်အယ်ဒီကို ပြောင်ကျကျ တရားလက်လွန် ဝေဖန်တိုက်ခိုက်ပြီး၊ ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နေသွင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up