DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ် ဦးအောင်ကြည်တို့ ပထမဆုံး​ တွေ့ဆုံ
DVB
·
July 25, 2011
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ် ဦးအောင်ကြည်တို့ ပထမဆုံး​ တွေ့ဆုံ
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်တာဝန်ရှိသူတို့ ဒီကနေ့ မွန်းလွဲပိုင်း ရန်ကုန်၊ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာမှာ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_13193" align="alignleft" width="310" caption="သတင်းစာ​ ရှင်းလင်းပွဲတွင်​ ​တွေ့ရစဉ်"][/caption]

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့​ တွေ့ဆုံရာမှာ တရားဥပဒေစိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးနဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုအပြီး ၃ မိနစ်ကြာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နောက်ထပ်လည်း တွေ့ဆုံမှုတွေ ရှိလာဦးမယ်လို့လည်း ဦးအောင်ကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ဒီလိုတွေ့ဆုံမှုအတွက် နှစ်ဖက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှု ရှိကြပါတယ်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။ ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါတယ်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ကိုလည်း သဘောတူညီခဲ့ကြပါသည်။ ဒီလောက်ပါပဲခင်ဗျာ။”

ဒါ့ ​အပြင် ဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စတွေအတွက် အစခြေလှမ်းတခုဖြစ်တယ်လို့လည်း ၀န်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

“ကျနော်တို့ ဒီတွေ့ဆုံမှုတွေကို ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ခုနက ဒီအထဲမှာ ပါတဲ့အတိုင်းပဲ ကျနော်တို့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီဥစ္စာက ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက်လုပ်သွားစရာ ကိစ္စတွေ၊ အများကြီးရဲ့ အစခြေလှမ်းတခုလို့လည်း ပြောမယ်ဆို ပြောနိုင်ပါတယ်။”

ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ အရင်အစိုးရလက်ထက်တွေက ၉ ကြိမ်ရှိခဲ့ပြီး အဲ့ဒီတွေ့ဆုံမှုတွေကနေလည်း ထူးခြားတဲ့ အကျိုးဖြစ်ထွန်းမှုတွေ မရှိခဲ့ဘူးလို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း  ၀န်ကြီး ဦးအောင်ကြည်က

“အကျိုးအမြတ် မထွက်ဘူးလို့ ကျနော်တို့ မပြောနိုင်ပါဘူး။ အရင် ကျနော်တို့ ၉ ကြိမ်တွေ့ခဲ့ပြီးပါပြီ။ အဲဒီမှာ အထိုက်အလျောက် အကျိုးဖြစ်ထွန်းမှု ရှိပါတယ်။ အခု တွေ့ဆုံမှုကတော့ အဲဒီရလဒ်များထက် ပိုမို ကောင်းမွန်တဲ့ ရလဒ် ဖြစ်လိမ့်မယ်လို့ ကျနော်အနေနဲ့ မျှော်လင့်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီတွေ့ဆုံမှုကနေ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးဖြစ်စေမယ့် ရလဒ်တွေကို မျှော်လင့်ကြောင်း သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျမတို့ကတော့ တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်ကိုပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်ပေါ့နော်။ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ ပြောပြော ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည် ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုပဲ မျှော်လင့်ပါတယ်။”

လက်ရှိအခြေအနေမှာတော့ အစိုးရသစ်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားမ၀င်တော့တဲ့ နိုင်ငံရေးပါတီတခုအဖြစ် ကြေညာသလို အစိုးရ အာဘော်ထုတ် သတင်းစာတွေကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံရေးပါတီ ထူထောင်ဖို့ တိုက်တွန်းရေးသားမှုတွေ ရှိခဲ့ပြီး အခုလို တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အာဆီယံဒေသတွင်း လုံခြုံမှု အစည်းအဝေးမှာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ခန့်ထားရေးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာက စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက်ပိုင်း အခုလို တွေ့ဆုံလာတာလည်း ဖြစ်ပါတယ်။

ဝန်ကြီး ဦးအောင်ကြည်ကို အရင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီး အောက်တိုဘာလဆန်းပိုင်းမှာ စတင်ခန့်ထားခဲ့ပြီး ၉ ကြိမ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီနောက် ဦးအောင်ကြည်ဟာ အစိုးရသစ်ရဲ့ ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၀န်ကြီး အဖြစ် တာဝန်ယူပြီး အခုလို တွေ့ဆုံမှုတွေကို ပြန်လည် ပြုလုပ်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013