နှစ်ပေါင်း ၁၃၀ ရှိ မွတ်စလင်သင်္ချိုင်း ဖျက်ဆီးခံရ
DVB
·
July 25, 2011
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျ ရပ်ကွက်မှာရှိတဲ့ အနှစ် ၁၃၀ ရှိ ရှေးဟောင်း စွတ်နီမွတ်စလင်သင်္ချိုင်းကို ဆောက်လုပ်ရေး ကုမ္ပဏီတခုက ဒီနေ့မနက်မှာ ဖျက်ဆီးခဲ့တဲ့အတွက် မြို့ခံ အစ္စလမ်ဘာသာဝင်တွေနဲ့ ရုန်းရင်းဆန်ခက် ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေ မြို့ခံတဦးက ပြောပါတယ်။
ဒီကနေ့မနက် လူ တထောင် နီးပါးလောက်ရှိတဲ့ မွတ်စ္စလင်ဘာသာဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး မြို့ခံကအခုလို ပြောပါတယ်။
“ပေတရာ အရှည်လောက်ရှိတဲ့ အုတ်တံတိုင်းကြီးကို ဘိုဒူဇာနဲ့ ထိုးပြီးသွားပြီ၊ ထိုးပြီးသွားတော့ အဲဒီမှာ မွတ်စလင်တွေက ထိုးတဲ့လူကိုလည်း ခဲနဲ့ထုတယ်။ ဆက်ပြီးလည်း လုပ်ခွင့်မပေးတော့ အဲဒီဘိုဒူဇာထိုးတဲ့သူက မူစလင်အများစုကို မြင်ပြီးတော့ ဆင်းပြေးသွားတယ်၊ အပြင်မှာကော အတွင်းမှာပါ မူစလင်တွေ အရမ်းများသွားတယ်။ တချို့မွတ်စလင် အမျိုးသမီးတွေက ငိုတောင်ငိုကြတယ်။ မနက်ခင်းကတော့ လူတော်တော်ကို များသွားတယ်။ ဒီကလည်း ရဲတွေကို ဒီပြင်မြို့က ရဲတွေပါ ခေါ်ပြီး ချထားလိုက်တယ်။”
မြေ ၅ ဧကလောက်ရှိတဲ့ သင်္ချိုင်းကို ဘူဒိုဆာ ကားသုံးစီးနဲ့ သင်္ချိုင်း အုတ်ရိုးကို ဖြိုဖျက်ခဲ့ပြီး သင်္ချိုင်းဝင်းအတွင်းက အုတ်ဂူတ၀က်လောက် နီးပါးကိုလည်း ဖြိုဖျက် မြေညှိခဲ့တာလို့ မွတ်စလင်ဘာသာဝင်တဦးက ပြောပါတယ်။
“ဖြစ်တာကတော့ ဌာနဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေမပါဘဲနဲ့ ကုမ္ပဏီတခုက ၀ယ်ထားတယ်လို့ သိရတယ်။ အဲဒီကုမ္ပဏီက သူတို့အစီအစဉ်နဲ့ သူတို့လာဖျက်တာ၊ အုတ်တံတိုင်းကို ဘိုဒူဇာနဲ့ ၀င်ထိုးသွားတယ်။ သုသာန်တွေ အားလုံးကိုလည်း ၀င်ထိုးပစ်တယ်။ ကျနော်တို့ရဲ့ မြို့မှာ အကြီးအကဲဖြစ်တဲ့ ဆရာအရှင်လေးရဲ့ ဂူဗိမာန်လည်း ရှိပါတယ်။”
ရှေးဟောင်းသင်္ချိုင်း ဖြိုဖျက်တာကို အငြိမ်းစား တပ်မတော်အရာရှိဟောင်း ဗိုလ်မှူး ထွန်းထွန်းဝင်းက ဦးဆောင်ခဲ့တယ်လို့ မြို့ခံတွေအပြောအရ သိရပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါ။
ညနေ့ပိုင်းမှာတော့ မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ မြို့နယ် အာဏာပိုင်တို့ စွတ်နီသင်္ချိုင်း အဖျက်ခံရတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးနေကြတယ်လို့ သိရပြီး အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးတိုးမြင့် ချထားတယ်လို့လည်း မြို့ခံတွေပြောအရ သိရပါတယ်။