DVB Logo
Home
Lead Story
“ရှမ်းအလှည့် မဟုတ်တော့ဘူး။ ရှမ်းအလှည့် ကျော်သွားပြီ” စိုင်းညွန့်လွင် (ကျားခေါင်းပါတီ)
DVB
·
January 22, 2016
“ရှမ်းအလှည့် မဟုတ်တော့ဘူး။ ရှမ်းအလှည့် ကျော်သွားပြီ” စိုင်းညွန့်လွင် (ကျားခေါင်းပါတီ)
Donate to DVB

လာမယ့် ဖေဖော်ဝါရီလဆန်းမှာ စတင်ခေါ်ယူကျင်းပတော့မယ့် ရှမ်းပြည်နယ် လွှတ်တော်သစ်မှာ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်ပေါင်း ၆၆ ဦးနဲ့ အများစုနေရာယူထားမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) နဲ့ အခြား တိုင်းရင်းသားပါတီပေါင်းက ၆၁ နေရာရှိမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရှမ်းပြည်နယ်လွှတ်တော်ရဲ့ အလားအလာနဲ့ စိန်ခေါ်ချက်တွေအကြောင်း (အက်စ်အန်အယ်လ်ဒီ) ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်သစ်ကို မျှော်ကြည့်လိုက်တော့ ပြည်ခိုင်ဖြိုးက ၃၂ နေရာနဲ့ အများဆုံးရထားတယ်။ အက်စ်အန်အယ်လ်ဒီက ၂၄ နဲ့ ဒုတိယ၊ အန်အယ်လ်ဒီက ၂၁ နဲ့ တတိယ၊ ဆိုတော့ ပြည်နယ်လွှတ်တော်သစ်က ဘယ်လို ပုံဖော်လာနိုင်မယ်မှန်းလဲ။

“သတိမထားမိတဲ့ အချက်တချက် ရှိသေးတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာ အများဆုံး တပ်မတော်ကိုယ်စားလှယ်တွေပဲ ၃၄ ယောက်ရှိတယ်။ သူက ၄ ပုံ ၁ ပုံဆိုပေမယ့်လည်း သူက ၂၅ ရာခိုင်နှုန်း အပြည့်ရတာကိုး၊ ကျန်တဲ့သူတွေက ၂၅ ရာခိုင်နှုန်း မပြည့်ကြဘူး။ အဲ့ဒီသဘောပေါ့၊ အဲ့ဒီတော့ ခုနက မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဒီအခင်းအကျင်းက ကာချုပ်နဲ့ အန်အယ်လ်ဒီဥက္ကဋ္ဌနဲ့ စေ့စပ်ညှိနှိုင်းမှုပေါ် မူတည်တယ်။ အန်အယ်လ်ဒီအနေနဲ့က တပ်မတော်နဲ့ ပြေလည်ဖို့လိုအပ်တယ်လေ။ တပ်မတော်ဘက်ကလည်းပဲ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တောင်းမယ်လို့ ထင်ကြည့်တာပေါ့ဗျာ။ အဲ့ဒါဆို သူက (အန်အယ်လ်ဒီ) ပေးမှာပဲလို့ ထင်တယ်။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီနိုင်တဲ့ထဲမှာလည်း ရှမ်းပြည်ဝန်ကြီးချုပ် လုပ်ပြီးတော့ ထိန်းနိုင်မယ့်သူ ကျနော် မတွေ့ဘူး။ ရှမ်းပြည်နယ်က တခြားပြည်နယ်တွေနဲ့ မတူဘူးဗျ။ စစ်တိုင်းကြီး ၄ တိုင်း ရှိတယ်ဗျာ။ လက်နက်ကိုင်အဖွဲ့အစည်း အင်အားပေါင်း ၅၀၀၀ ကျော် ရှိတယ်ဗျာ။ နယ်ခြားစောင့်ပြည်သူ့စစ်အဖွဲ့ ၃ ခု ရှိတယ်ဗျာ။ ဆိုတော့ အဲ့ဒီကိစ္စတွေက အခက်အခဲ အများကြီးရှိတယ်။ ၀န်ကြီးချုပ်ကို ရွေးချယ်ခွင့်ကတော့ သမ္မတပဲ ရှိတယ်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကိုတော့ ကြံ့ခိုင်ရေးက ရွေးမှာလေ။ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ပေါင်းလိုက်ရင် ကျနော်တို့ မနိုင် နိုင်ဘူး။ ၀န်ကြီးချုပ်ကတော့ ကျနော်ထင်တယ် ကြံ့ခိုင်ရေးကပဲ ဖြစ်ဖို့များတယ်။”

ဘာကြောင့်ထင်တာလဲ သူတို့က လူများလို့ ထင်တာလား။
“မဟုတ်ဘူး မဟုတ်ဘူး။ ထိန်းကျောင်းနိုင်မယ့် အခြေအနေပါမယ်။ တခုက အန်အယ်လ်ဒီ အစိုးရဖြစ်မယ်ဆိုတော့ ကျနော်တို့က အတိုက်အခံလုပ်ဖို့ ခက်မယ်လေ။ အရင် ပြည်ခိုင်ဖြိုး အစိုးရဆိုရင်တော့ အတိုက်အခံလုပ်ရတာ ပြဿ နာ မရှိဘူး။ နောက်ပြီးတော့ တခုက ပြည်နယ်ကိစ္စ တခုထားလိုက်ဦး၊ ပြည်ထောင်စုမှာက ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် အန်အယ်လ်ဒီကို အားပေးသင့်တယ်လို့ ထင်တယ်။ သူ အခက်အခဲဖြစ်အောင် ကျနော်တို့ အုပ်စုတွေက ၀ိုင်းပြီး မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာလို့ဆိုတော့ ကျနော်တို့ လန်ကျသွားလို့ရှိရင် လူဟောင်းတွေ ပြန်လာလိမ့်မယ်ဗျ။ အဲ့ဒါလဲ မကောင်းဘူး။ အဲ့ဒီတော့ အဲ့ဒါမျိုး မဖြစ်အောင် ကျနော်တို့က သူ့ကို ၀ိုင်းထိန်းပြီး လုပ်ခွင့်ရအောင် ကျနော်တို့ အသက်ရှည်ဖို့ ကျနော်တို့ လုပ်ပေးဖို့ လိုတယ်ဗျ။”

အဲ့ဒီတော့ ပြည်နယ်အတွက် သမ္မတအပေါ် မူတည်နေတယ်ပေါ့။
“အခု ကျနော်တို့ အက်စ်အန်အယ်လ်ဒီ ဘာမှ မတတ်နိုင်ဘူး။ ဖြစ်နေတာက ၀န်ကြီးချုပ်ကိစ္စက အန်အယ်လ်ဒီအပေါ် မူတည်နေတယ်ဗျာ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကျတော့လည်း ကြံ့ခိုင်ရေးနဲ့ စစ်တပ်အပေါ် မူတည်နေတယ်။ အဲ့ဒီလို ဖြစ်နေတာ။”

အတည်ပြုလို့တော့ မရသေးဘူးပေါ့။ ဒါပေမယ့် ထွက်နေတဲ့သတင်းတွေအရ လွှတ်တော် ဥက္ကဋ္ဌ နေရာတွေမှာ ကရင်တို့ ကချင်တို့ ပါလာတယ်လို့ ကြားရတယ်။ နောက် ရှမ်း ပါလာနိုင်လား၊ ဘယ်လိုထင်လဲ။
“အမှန်မှာတော့ နံပါတ်တစ် ရှေ့ပြေးနေတာ ရှမ်းဗျ၊ အောင်စာရင်းထွက်တော့ မပါဘူးဖြစ်နေတယ်။ ဒါပေမယ့် အောင်စာရင်းကလည်း အပြီးမဟုတ်သေးဘူးထင်တယ်။ ရှမ်းပါမှာပါ။ ကျန်တာကတော့ ကက်ဘိနက်ပဲ ကျန်မှာပါ။ ခုန ပြောတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ဘာတွေလဲ ဖြစ်လာနိုင်တာပဲ။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတယ်။”

အစိုးရထိပ်ပိုင်းနေရာတွေမှာရော ရှမ်းတိုင်းရင်းသားတွေ ပါလာနိုင်ပါသလား၊
“ခန့်မှန်းရတာပဲ၊ သို့သော် ဒီနေ့ထိတော့ မထူးသေးဘူးဗျ။ အချိန်လည်း ကျန်ပါသေးတယ်၊”

တခုက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းကို ဒုတိယသမ္မတနေရာ ပေးခဲ့တာလည်း ရှိနေတယ်လေ။
“အေးဗျာ၊ အဲ့ဒါကြောင့် ပြောတာပေါ့။ အခုဟာက အလှည့်ကျစနစ်နဲ့ ပြောမယ်ဆိုရင် ရှမ်းအလှည့် မဟုတ်တော့ဘူး။ ရှမ်းအလှည့် ကျော်သွားပြီပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013