Home
မြန်မာသတင်း
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်က လူမိုက်နှင့် ဘိန်းရာဇာများကို ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
January 21, 2016
ရန်ကုန်၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့က လူမိုက်နဲ့ ဘိန်းရာဇာတွေကို ရဲတပ်ဖွဲ့က ဖမ်းမိပြီလို့ ရန်ကုန်ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ရန်ကုန်ရဲတပ်ဖွဲ့သတင်းထဲမှာ ဇန်န၀ါရီ ၁၇ ရက်က ဖေ့စ်ဘွတ်ပေါ်ရောက်လာတဲ့ “ဘုရားဒကာ အမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” ခေါင်းစဉ်နဲ့ လှိုင်သာယာမြို့နယ်က လူမိုက် ၀င်းနိုင်နဲ့ လူမိုက် ခင်စိန်တို့ဦးဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချခြင်း၊ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်း စတဲ့ အကြောင်းအရာများကို မှတ်တမ်းဓာတ်ပုံများဖြင့် ဖော်ပြပါရှိလာခဲ့တယ်။ ဒီဖော်ပြချက်အရ အများပြည်သူဘ၀လုံခြုံရေးကို ထိပါးစေတဲ့အပြင် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုထိခိုက်လာစေနိုင်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ စီမံညွှန်ကြားမှုဖြင့် အထူးအဖွဲ့များဖွဲ့စည်းပြီး လူမိုက်တွေကို ဇန်န၀ါရီ ၂၀ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလော ဖမ်းမိထားသူတွေက ဖေ့စ်ဘွတ်ပေါ် ပါလာတဲ့ လှိုင်သာယာမြို့နယ်က ၀င်းနိုင်၊ (၄၄)နှစ်၊ လိပ်(ခ)ခင်စိန်(၄၇)နှစ်၊ အောင်စိုး(ခ)အောင်စိုးလေး၊ (၄၁)နှစ်၊ ရွှေအိုးစည်(ခ)ရဲညွန့်၊ (၄၂)နှစ်တို့ဖြစ်ပြီး ရွှေပြည်သာမြို့နယ်က ၀င်းနိုင်၊ (၅၀)နှစ်၊စိန်ဌေး၊ (၅၆)နှစ်တို ဖြစ်ကြပါတယ်။ ဖမ်းထားတဲ့ ၀င်းနိုင်ပါ(၆)ဦးတို့အား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာရဲစခန်းများမှယ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မယ်လို့ ရဲသတင်းက ဆိုပါတယ်။ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့အတွင်း မြေကွက်ပိုင်ရှင်သူဌေးတွေက အဲ့ဒီလူမိုက်တွေကို ပိုက်ဆံပေးငှားပြီး မြေကွက်ပေါ် ကျုးကျော်နေသူတွေကို မောင်းထုတ်ခိုင်းလေ့ရှိရာက လူမိုက်ခေါင်းဆောင်တွ ပိုပြီးအလုပ်တွင်ကျယ်လာကြတယ်။ ကျုးကျော်နေသူတွေထံကလည်း ဆက်ကြေးကောက်တယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း နယ်စပ်ဖြစ်လို့ ဘယ်ကလာတဲ့ လူမိုက်တွေမှန်း ခန့်မှန်းရ ခက်တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024