Home
သတင်းဓာတ်ပုံ
မူဆယ် ဗဟိုစီးပွားရေးဇုန်ဖွင့်၊ မြန်မာ-တရုတ် ကုန်သွယ်ရေးဆွေးနွေး
DVB
·
January 20, 2016
Photo03 - Soe Tun
Photo02 - Soe Tun
Photo - Soe Tun
12592213_938085872893215_359638487497435797_n
12524200_938086012893201_1285217571412275238_n
12523134_938086022893200_4428836810479686578_n
12495204_938085932893209_2758245080652618620_n
မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရအဖွဲ့က ကိုယ်စားလှယ်တွေဟာ နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဇန်န၀ါရီ ၁၉ ရက်နေ့က ဆွေးနွေးကြပါတယ်။ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေဟာ ဇန်န၀ါရီ ၁၉ ရက် မနက်က ကျင်းပတဲ့  မူဆယ်ဗဟိုစီးပွားရေးနယ်မြေ ဖွင့်ပွဲအပြီးမှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ကြဖို့ကို အလေးထား ဆွေးနွေးခဲ့ကြတာလို့ ကိုယ်တိုင်ဆွေးနွေးရာမှာပါတဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆန်၊ ပဲ၊ ပြောင်း တင်ပို့ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပူးပေါင်းအဖြေရှာဖို့ အသေးစိတ် ဆွေးနွေးကြတယ်လို့လည်း သူက ပြောပါတယ်။ ဒေါက်တာစိုးထွန်းက “ကျနော်တို့ဘက်က ၁ အချက်အနေနဲ့ ကျနော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှု လာပြီး ကုန်ချောအဆင့်အထိ ပြုလုပ်ဖို့တချက်၊ ၂ အချက်က ကျနော်တို့ဆီမှာ ကုန်သွယ်မှု လုပ်တဲ့အခါမှာ ငွေပေးချေမှု finance and banking (ဘဏ္ဍာရေးနှင့်ဘဏ်လုပ်ငန်း) နဲ့ ပတ်သက်ပြီး အခက်အခဲဖြစ်တယ်။ ကျနော်တို့ ကုန်သည်တွေရဲ့ တချို့ဘဏ်အကောင့်တွေ တနှစ်လောက်ရှိပြီပေါ့နော် freeze (ထိန်းချုပ်ကန့်သတ်) ထားတာ၊ ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် တာဝန်ယူပေးဖို့၊ နောက်တချက်ကတော့ တရုတ်နိုင်ငံက ထွက်ကုန်တချို့ကို အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ ကြီးကြပ်ကွပ်ကဲပေးဖို့၊ အရည်အသွေး မမီတာတွေ တင်သွင်းတာရှိတဲ့အတွက်ကြောင့်မို့လို့” လို့ ပြောပါတယ်။ ကုန်ပစ္စည်းရောင်းဝယ်မှုတွေမှာ တရုတ်ကုန်သည်တချို့က လိမ်လည်သွားတာတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ဖြေရှင်းပေးဖို့၊ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေမှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပိုစိတ်ဝင်စားကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်ရာမှာ ပိုမိုချောမွေ့အောင်လုပ်ဖို့ အစီအစဉ်တွေ ရှင်းပြပြီး မြန်မာဘက်ကိုလည်း ဖိတ်ကြားကြောင်း ပြောပါတယ်။ “လာမယ့်ရှေ့လ ဖေဖော်ဝါရီလမှာ သူတို့ တရုတ်နိုင်ငံထဲလာပြီး လေ့လာပြီးတော့မှ ခုနပြောတဲ့အချက်တွေ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို သူတို့ဘက်က ဆွေးနွေးသွားပါတယ်။” ဒီတွေ့ဆုံဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်တာတော့ မရှိဘူးလို့ ဆိုပါတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် မူဆယ်မြို့မှာ နိုင်ငံတကာအဆင့်မီ လမ်းလျှောက်ဈေးကြီးနဲ့အတူ တရုတ်-မြန်မာနယ်စပ် ဗဟိုစီးပွားရေးဇုန်ကို ဇန်န၀ါရီ ၁၉ ရက်က  စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ရှမ်းပြည်နယ်အစိုးရတို့ အကျိုးတူပူးပေါင်းပြီး ၂၀၁၃ ဧပြီလက စတင်ခဲ့တဲ့ အဆိုပါ စီးပွားရေးဇုန်မှာ ဈေးဆိုင်ခန်းတွေနဲ့ မြို့ပြကမ်းနားလမ်းတွေပါ တည်ဆောက်ပြီးစီးသွားလို့ ဆိုင်ခန်းအပ်ပွဲ၊ ဈေးရောင်းပွဲတော်တွေနဲ့အတူ စီးပွားရေးဇုန်ကို စဖွင့်လှစ်တာလို့ ဆောက်လုပ်ရေး တာဝန်ယူရတဲ့ နယူးစတားလိုက်ကုမ္ပဏီရဲ့ စီမံကိန်းဒါရိုက်တာ ဦးငွေစိုးက ပြောပါတယ်။ “နယ်စပ်ဗဟိုစီးပွားရေး အချက်အချာ စီမံကိန်းရဲ့ ပထမခြေလှမ်းလို့ ပြောလို့ရပါတယ်ခင်ဗျ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းညွှန်ချက်နဲ့အတူ ဒေသခံပြည်သူတွေ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ဒေသခံပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိရေး၊ အဲဒီဒေသဟာ တရုတ်-မြန်မာ ၂ နိုင်ငံ ကုန်သွယ်ရေးစီးဆင်းမှုပမာဏ အများဆုံးဖြစ်တဲ့အတွက်  စီးပွားရေးဗဟိုဌာနအသစ် ပေါ်ထွန်းလာရေး၊ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့။” အဆိုပါ စီးပွားရေဇုန်ကို မြန်မာဘက်ခြမ်း မူဆယ်မြိုနဲ့ တရုတ်ပြည်  ရွှေလီမြို့ကြား ရွှေလီမြစ်ဝှမ်းလွင်ပြင်ရှိ ဧကပေါင်း ၃၀၀ နီးပါးရှိတဲ့ မြေဧရိယာပေါ် တည်ဆောက်ထားတာဖြစ်ပြီး ဆိုင်ခန်းစုစုပေါင်း ၁၉၂ ခန်း ပါရှိပါတယ်။ အဆိုပါ ဗဟိုစီးပွားရေးဇုန်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံထွက်ကုန် လူသုံးကုန်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုး ရောင်းချတဲ့ ဆိုင်ခန်းတွေအပြင် စားသောက်ဆိုင်တွေနဲ့ လေဟာပြင်မှာ တည်ခင်းရောင်းချနိုင်တဲ့ လမ်းလျှောက်ဈေးတွေပါ ပါဝင်ပါတယ်။ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက အဓိက ပြည်ပပို့ကုန် ဆန်ကို အဓိက၀ယ်လက်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ အမြောက်အမြား ရင်းနှီးမြှုပ်နှံထားပါတယ်။ ဓာတ်ပုံ - Soe Tun Facebook နှင့် Zaai Seng Zawm Fah Facebook  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024