မြောက်ကိုရီးယားနှင့် သရေကျပြီး ထိုင်းအသင်း အိုလံပစ်အိပ်မက် ပျက်ပြယ် (ရုပ်သံဟိုက်လိုက်)

ကာတာမှာ ကျင်းပနေတဲ့ ၂၀၁၆ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ယူ ၂၃ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) မှာ ထိုင်းအသင်းဟာ မြောက်ကိုရီးယားနဲ့ ၂ ဂိုးစီ သရေကျပြီး အုပ်စုကနေ ထွက်ခဲ့ရပါတယ်။ ဒီအတွက် ထိုင်းအသင်းရဲ့ ဘရာဇီး အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေး အိပ်မက်တွေ ပျက်ပြားသွားပါတယ်။ ပထမပိုင်း ၁၇ မိနစ်မှာ မြောက်ကိုရီးယားအသင်းက ကင်ယောင်အီးက ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းအသင်းက နာယုဘန်တင်က ၃၀ မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၄၅ မိနစ်မှာတော့ မြောက်ကိုရီးယားကစားသမား ယန်အေးဂန် ကန်သွင်းတဲ့ဘောလုံး ထိုင်းအသင်း ကစားသမားနဲ့ထိပြီး ဂိုးဝင်သွားလို့ မြောက်ကိုရီးယား ဒုတိယဂိုး ရရှိသွားပါတယ်။ ဒါပေမယ့် ထိုင်းအသင်းက ၇၈ မိနစ်မှာ ပြန်လည် ချေပသွားခဲ့ပါတယ်။ မြောက်ကိုရီးယားအသင်းက အခွင့်အရေးတွေ အများအပြား ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့အတွက် အနိုင်ဂိုး မသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မြောက်ကိုရီးယားအသင်းက တွန်းတွန်းတိုက်တိုက်နဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားသွားခဲ့တာပါ။ ကြံ့ခိုင်မှုနဲ့ လျှင်မြန်မှုကို အခွင့်ကောင်းယူပြီး အဝေးပေး ဖြတ်တင်ဘောတွေနဲ့ ထိုင်းနောက်တန်းကို ခြိမ်းခြောက် ကစားခဲ့ပါတယ်။ ထိုင်းအသင်းက အုပ်စု (ခ) မှာ ဆော်ဒီနဲ့သရေ၊ ဂျပန်ကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတဲ့အတွက် မြောက်ကိုးရီးယားကို အနိုင်ကစားပါက အာရှဖလား ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် သရေကျတဲ့အတွက် အုပ်စုကနေ ထွက်ခဲ့ရပါတယ်။ အုပ်စု (ခ) မှာတော့ ဂျပန်အသင်းက ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ အုပ်စု ပထမ၊ မြောက်ကိုရီးယားက ၃ ပွဲကစား ၂ ပွဲသရေ ၁ ပွဲရှုံး၊ ဂိုးကွာခြားချက်အသာနဲ့ ဒုတိယ၊ ဆော်ဒီကလည်း ၃ ပွဲကစား ၂ ပွဲသရေ  ၁ပွဲရှုံးနဲ့ တတိယ၊ ထိုင်းကလည်း ၃ ပွဲကစား ၂ ပွဲသရေ ၁ ပွဲရှုံးနဲ့ စတုတ္ထ ရရှိသွားပါတယ်။ နောက်တဆင့် ရှုံးထွက်မှာတော့ ဂျပန်က အီရန်နဲ့ကစားရမှာ ဖြစ်သလို မြောက်ကိုရီးယားက ကာတာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up