DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည်
DVB
·
July 24, 2011
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည်
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အနေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ အရင်က ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ လက်ရှိ ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ ရှိနေတာပါ။

ဒီလိုတွေ့ဆုံဖို့ ရှိနေတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ….

“ဒါက တိုက်ရိုက်ဆက်သွယ်ပြီးတော့ လုပ်ကြတာ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ တော့ မသိရပါဘူး။ ဖြစ်နိုင်တာကတော့ ခါတိုင်းလည်း သူတို့ တိုက်ရိုက်တွေ့ပြီး တိုက်ရိုက် လာဆက်သွယ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ၂၀၁၀ ဇန်န၀ါရီလက နောက်ဆုံး တွေ့ခဲ့ပြီးတဲ့နောက်ပိုင်း အခုဟာကတော့ ပထမဆုံး အကြိမ်ပါပဲ။”

သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာ နေဇင်လတ်ကလည်း အစိုးရသစ်အနေနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ချက်တွေထဲက တဆင့်တိုးတက်လာတဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။

“တကြိမ်မှာတော့ ကျနော်တို့ တွေ့ကြမယ်လို့ အရင်တုန်းက ကျွန်တော်ပြော ထားတာ ရှိခဲ့ပါတယ်။ တကြိမ်ကြိမ်မှာ တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးကို လုပ်ဆောင်ကြမယ့် သူတွေအတွက်ကို အစိုးရသစ်အနေနဲ့ ကြိုဆိုတယ်လို့ ပြောကြားထားတဲ့ဟာပေါ့။ အဲ့ဒီအတွက် ဒီတွေ့ဆုံမှုက တဆင့်တိုးတက်လာတဲ့ အကျိုးဆက် တခုပါပဲ။”

ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ အရင်အစိုးရ လက်ထက်တွေက ၉ ကြိမ်ရှိခဲ့ပြီး မနက်ဖြန် တနင်္လာနေ့မှာ တွေ့ဆုံဖြစ်မယ်ဆိုရင် ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံမှာဖြစ်ပြီး သူတို့နှစ်ယောက်ကြား တွေ့ဆုံမှုကတော့ ၁၀ ကြိမ်မြောက် ဖြစ်ပါတယ်။

တွေ့ဆုံ ဆွေးနွေးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြိမ်ကြိမ် တောင်းဆိုနေပေမယ့်လည်း အရင်တွေ့ဆုံမှုတွေကနေ ထူးခြားတဲ့ အကျိုးရလဒ်တွေတော့ ရှိလာတာ မတွေ့ခဲ့ရပါဘူး။

ဒီတကြိမ် တွေ့ဆုံမှုကနေရော အရပ်ဘက် ပြောင်းလဲဖွဲ့စည်းထားတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ်လို့ ပြောကြားထားတဲ့အစိုးရနဲ့ အတိုက်အခံကြား ပြေလည်မှုတွေ ရှိလာမလားဆိုတာလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ဒီအပေါ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးဥာဏ်ဝင်းရဲ့ အမြင်က

“ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့တာကတော့ ကောင်းပါတယ်။ တွေ့ပြီးတော့ ပြောကြည့်တော့မှ အဖြေက ဘယ်လိုဆိုပြီး ဆက်ရှိလာမှာကို။ လောလော ဆယ်တော့ ကျနော်တို့ကတော့ အကောင်းပဲ မျှော်လင့်ထားပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ် ကလည်း

“နှစ်ဖက်လုံးကနေ နားလည်မှု ရှိစွာနဲ့ပေါ့ဗျာ။ အခြေခံကျတဲ့ ကိစ္စရပ်တွေနဲ့ အခြေအနေတွေအတွက် နားလည်မှုတွေ နှစ်ဖက်လုံးအနေနဲ့ ရဖို့လည်း လိုတာကို။ နှစ်တွေလည်း ကြာကြပြီဆိုတော့လေ နားလည်မှုရှိစွာနဲ့ပဲ တကယ့်အကောင်းဆုံး အဖြေတခုကို ရှာနိုင်ကြဖို့ အဲဒါပဲ လိုပါတယ်ဗျ။”

ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး အဖြစ် အရင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုအပြီး အောက်တိုဘာလဆန်းပိုင်းမှာ စတင်ခန့်ထားခဲ့ပြီး ၉ ကြိမ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ဦးအောင်ကြည်ဟာ အစိုးရသစ်ရဲ့ ပြည်ထောင်စု အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူပြီး အခုလို တွေ့ဆုံမှုတွေကို ပြန်လည်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အစိုးရသစ်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားမ၀င် တော့တဲ့ နိုင်ငံရေးပါတီတခုအဖြစ် ကြေညာထားသလို အဖွဲ့ချုပ်ကနေ အစဉ်တဆက် တောင်းဆိုခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုချက်တွေကိုလည်း အစိုးရသစ်က အလေးအနက်ထား လုပ်ဆောင်ပေးတာမျိုး မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013