Home
မြန်မာသတင်း
သီပေါနှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲဖြစ်
DVB
·
January 18, 2016
ရှမ်းပြည်နယ် သီပေါမြို့နယ် ခွန်ဟောက်ကျေးရွာအနီးမှာ ဇန်န၀ါရီ ၁၈ ရက် မနက်က တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တအာင်းဒေသ တပ်မဟာ ၂ နယ်မြေဖြစ်ပြီး တအာင်းတပ်မတော်က မိမိနယ်မြေအတွင်း ကွင်းဆင်းလှုပ်ရှားမှု ပြုလုပ်နေချိန်မှာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ဆီးကြိုတိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားရတာလို့ တအာင်းတပ်မတော် ပြောခွင့်ရသူ မိုင်အိုက်ကျော်က ပြောပါတယ်။ “နဂိုကတည်းက ကျနော်တို့ အဲဒီဘက်မှာ လှုပ်ရှားမှုရှိတယ်။ အာစီအက်စ်အက်စ်က ပြောရမယ်ဆိုရင်တော့ အန်စီအေ လက်မှတ်ထိုးပြီးနောက်ပိုင်း ကျနော်တို့ဒေသကို ပြန်ပြီး ကျူးကျော်ရောက်လာတယ်။ ရောက်ပြီးမှ နိုဝင်ဘာလ တတိယအပတ်လောက်မှာ နမ်းခမ်းမြို့နယ် မိုင်းဝီးဒေသမှာ တိုက်ပွဲဖြစ်တယ်။ နဂိုက အာစီအက်စ်အက်စ်က အဲဒီဒေသမှာ အင်အား ၂၀၀  လောက်ရှိတယ်။ အခုဆိုရင် သူတို့ နမ်းခမ်းဘက်ရောက်၊ ကျောက်မဲရော၊ လားရှိုး၊ ကွတ်ခိုင်အထိ အင်အားဖြန့်ထားတယ်။ အခု တိုက်ပွဲဖြစ်တဲ့ဒေသမှာ အင်အား ၁၀၀၀ လောက် အင်အားဖြည့်လာတယ်။ အဲဒါကြောင့် မနေ့ကလည်း ထိတွေ့မှုဖြစ်တယ်။ ဒီနေ့မှာလည်း ထပ်ဖြစ်တယ်ခင်ဗျာ။” မနေ့တုန်းက ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကို အစိုးရတပ်က ကူညီပစ်ခတ်ပေးကြောင်းနဲ့ ဒီတိုက်ပွဲကြောင့် တအာင်းတပ်မတော်ဘက်က ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တပ်ဖွဲ့နဲ့  မြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုရှိပြီး ထိခိုက်ကျဆုံးမှုစာရင်း အသေးစိတ် မသိရှိရသေးဘူးလို့လည်း တအာင်းတပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်လိုအထောက်အထားနဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေကို မြန်မာ့တပ်မတော်က ကူညီနေတယ်လို့ ပြောလို့ရလဲလို့ မေးမြန်းရာမှာတော့ မိုင်အိုက်ကျော်က “လက်နက်သုံးတာချင်းလည်း ကွာတယ်။ စကားပြောသံလည်း ကွာတယ်။ မနေ့မနက်က ၆ နာရီလောက် တိုက်ပွဲစဖြစ်တဲ့အချိန်က အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တပ်ဖွဲ့တွေက အင်အား ၅၀- ၆၀ လောက်ပဲရှိတယ်။ ဒီ ၈ နာရီကျော်လာတဲ့ အချိန်ကျတော့ အစိုးရ တပ်မ ၇၇ က တက်လာပြီးတော့မှ သူတို့တက်လာတဲ့လမ်းလည်း ကျနော်တို့ လူတွေရှိတယ်။ အဲဒီမှာ မြင်ရတယ်။ ပြီးရင် ပစ်တဲ့ လက်နက်ကြီး အမျိုးအစားလည်း အစိုးရဘက်ကသုံးတဲ့ လက်နက်ကြီး အမျိုးအစားတွေ ပစ်ချလာတာရှိတယ်။ စကားပြောသံတွေလည်း ခြားတယ်” လို့  ပြောပါတယ်။ ရှမ်းပြည်နယ် ကွတ်ခိုင်၊ ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေအတွင်း ဒီဇင်ဘာ ၁၆ ရက်ကစပြီး တအာင်းတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024