DVB Logo
Home
မြန်မာသတင်း
အလုပ်ဖြုတ်ခံ လင်းထက်သိုးမွေးစက်ရုံ ၀န်ထမ်းများ မကျေနပ်မှုများ​ကို​ တိုင်ကြား
DVB
·
July 24, 2011
အလုပ်ဖြုတ်ခံ လင်းထက်သိုးမွေးစက်ရုံ ၀န်ထမ်းများ မကျေနပ်မှုများ​ကို​ တိုင်ကြား
Donate to DVB

သင်္ဃန်းကျွန်းမြို့နယ်၊ (ဂ) ရပ်ကွက်၊ သစ်စက်ရုံလမ်း၊ ခြံအမှတ် (၆ A) မှာ ဖွင့်လှစ်ထားတဲ့  လင်းထက်သိုးမွေးစက်ရုံက ၀န်ထမ်းအယောက် ၁၅၀ ကို အလုပ်ဖြုတ်တဲ့ နေရာမှာ နစ်နာကြေးအဖြစ် အနိမ့်ဆုံး အခြေခံလစာနဲ့ပဲ တွက်ချက် ပေးတဲ့အပေါ် အဲ့ဒီဝန်ထမ်းတွေက မကျေနပ်တာကြောင့် သက်ဆိုင်ရာကို တိုင်ကြားဖို့ ရှိနေကြပါတယ်။

[caption id="attachment_13144" align="alignleft" width="310" caption="အလုပ်သမားများ နစ်နာမှုများအား အမျိုးသားဒီမိုကရေစီပါတီတွင် တိုင်ကြားမှု ​ပြုလုပ်နေစဉ်"][/caption]

ဒီလို တိုင်ကြားနိုင်ဖို့အတွက် သင်္ဃန်းကျွန်း​မြို့နယ်က ဦးသိန်းညွှန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ကို ဆက်သွယ်ပြီး အလုပ်သမားဝန်ကြီးဌာန အပါအ၀င် သက်ဆိုင်ရာကို တိုင်ကြားဖို့ စီစဉ်နေကြတာလည်း ဖြစ်ပါတယ်။

ဒီလ ၂၂ ရက်နေ့က လုပ်ငန်အရှုံးပေါ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ စက်ရုံဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်ဖို့ ပြောကြားပြီး ၀န်ထမ်းတယောက်ချင်း​ကို အနိမ့်ဆုံးလစာ ကျပ် ၇၀၀၀ နှုန်းပေးမယ်လို့ စက်ရုံပိုင်ရှင်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အလုပ်ဖြုတ်ခံရတဲ့ ၀န်ထမ်းတဦးက အခုလို ပြောပြပါတယ်။

“ပိုင်ရှင်က တရုတ်ပါ။ လင်းထက်သိုးမွေး ဆွယ်တာ လုပ်တဲ့ စက်ရုံပါ။ ဘာအကြောင်းမှ မပြဘဲနဲ့ ရက်အကန့်အသတ် မရှိဘဲ ပိတ်လိုက်တာပေါ့။ လစာကို အခြေခံလစာ ၇၀၀၀ ပေးတယ်။ တလကနေ သုံးလ လုပ်သက်ရှိတဲ့သူတွေကို နစ်နာကြေး တလစာ ၇၀၀၀ ပေးမယ်။ သုံးလကနေ တနှစ်အထိ လုပ်သက်ရှိသူကို ၂ လစာ ပေးမယ်။ တနှစ်ကနေ သုံးနှစ် လုပ်သက်ရှိတဲ့သူကို သုံးလစာ ၂၁၀၀၀ ပေးမယ်ပေါ့ ပိုင်ရှင်က ပြောတယ်။ နောက်ဆုံး ၆လပိုင်းလောက်က ရတဲ့ လစာက ငါးသောင်းခွဲလောက်ရတယ်။ ကျနော်တို့လိုချင်တာက ငါးသောင်းခွဲကို ၂ လစာ ၃ လစာပေါ့ အဲဒီလို လိုချင်တာ။ အဲဒါ ညှိတာ ညှိလို့ မရလို့ ဌာနဆိုင်ရာ လူကြီးတွေနဲ့ လာတာ။”

ဒီလို အနိမ့်ဆုံး​လစာ ကျပ် ၇၀၀၀ နှုန်းနဲ့ တွက်ပြီး နစ်နာကြေးအဖြစ် ပေးတာဟာ လက်ရှိ ကုန်ဈေးနှုန်း အခြေအနေတွေကြောင့် ၀န်ထမ်းအားလုံးကို စာဝတ်နေရေး အခက်အခဲတွေ ဖြစ်စေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“တခြား အလုပ်ရှာဖို့က မလွယ်ဘူး။ ဒီမှာ အလုပ်က တအားကို ခက်ခဲနေတာ။ ကျနော်တို့ စားဝတ်နေရေးကတော့ လောလောလတ်လတ် ဒီကြားထဲမှာတော့ ဒုက္ခရောက်မှာပဲ။ ၇၀၀၀ နှုန်းနဲ့ လျော်ကြေး လိုချင်ရင် ချက်ချင်းထွက်။ မလိုချင်ရင် နေ့တိုင်း အလုပ်လာ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ထိုင်နေ ဘာမှ အလုပ်မပေးဘဲနဲ့ အလုပ်သမားတွေကို ညှင်းပန်းနှိပ်စက်တာပေါ့ဗျာ။ အခြေခံလစာက ၇၀၀၀ bonus က ၂၅၀၀၊ ကားခက ၃၀၀၀၊ နှစ်ကြေးက ၅၀၀၊ ရက်မှန်ကြေးက ၁၀၀၀၊ အဲဒါတွေပေါင်းပြီး သိုးမွှေးဆွယ်တာတွေ ဆွဲတဲ့အခက တဒါဇင်ကို ဘယ်လောက်နှုန်း အဲဒါတွေနဲ့ ကျနော်တို့က ငါးသောင်းကျော် ရတာ။ ဒီအတိုင်း အလုပ်မရှိဘဲနဲ့ ထိုင်နေရင် ကျနော်တို့က တသောင်းကျော်ပဲ ရတာ။ ”

လက်ရှိခြေအနေမှာတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပါတီထူထောင်ခွင့် လျောက်ထားတဲ့ အမျိုးသားဒီမိုကရေစီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးကြည်မြင့် (လသာ)၊ ဦးဘုန်းမြင့်အောင်၊ ဦးကျော်၊ ဒေါ်စမ်းစမ်းမြင့် အပါအ၀င် ပါတီတာဝန် ရှိသူတွေက လိုက်လံကူညီ လုပ်ဆောင်ပေးနေတယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ သတင်းမီဒီယာ တွေ့ဆုံပွဲမှာတော့ ဒီလိုအငြင်းပွားမှုတွေ ဖြစ်လာရင် မြို့နယ်အလုပ်သမားကြီးကြပ်ရေးကော်မတီက အစိုးရ ကိုယ်စားလှယ်အဖြစ် ပါဝင်ပြီး အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်းပေးနေသလို လူမှုဖူလုံရေး ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေများ ရေးဆွဲနေဆဲ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောကြားထားပါတယ်။

ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေအရ အခုလို ၀န်ထမ်းတွေအပေါ် ပြုမူတဲ့အပေါ် ဘယ်လောက်အထိ အကာအကွယ်ပေး လုပ်ဆောင်ပေးမယ် ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013