DVB Logo
Home
မြန်မာသတင်း
နော်ဝေတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈၀ ကျော် သေဆုံး
DVB
·
July 23, 2011
နော်ဝေတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈၀ ကျော် သေဆုံး
Donate to DVB

နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ မနေ့မွန်း​လွဲ​ပိုင်း​က ဗုံးခွဲတိုက်ခိုက်မှုနဲ့ သေနတ်နဲ့​ ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ သေဆုံးသူ အနည်းဆုံး ၈၀ ကျော်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

[caption id="attachment_13122" align="alignleft" width="310" caption="ယူတိုယာကျွန်း (ဓာတ်ပုံ_​အေအက်ဖ်ပီ)"][/caption]

မ​နေ့​က​ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ အော်စလိုမြို့လယ်က ၀န်ကြီးချုပ်ရုံး၊ ၀န်ကြီးချုပ်ရဲ့ပါတီရုံးနဲ့ အစိုးရအဆောက်အဦတွေ ရှိရာ​ အနီးမှာ ဗုံးပေါက်ကွဲရာမှာ လူ ၇ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ၀န်ကြီးချုပ်ရုံး အပါအ၀င် အဆောက်အဦတွေ ပျက်စီးသွားပြီး လမ်းမပေါ်မှာ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်သွားပါတယ်။

နော်ဝေမြို့ပြင်ပိုင်းက ယူတိုယာကျွန်းမှာ နွေရာသီစခန်းချနေတဲ့ ကျောင်းသားတွေကို နော်ဝေလူမျိုး တဦးက ရဲအယောင်ဆောင်ပြီးတော့လည်း သေနတ်နဲ့ ပစ်ခတ်လို့ အနည်းဆုံး ၈၀ သေဆုံးသွားပါတယ်။ ဒီပစ်ခတ်မှုကျူးလွန်သူ အသက် ၃၂ နှစ်အရွယ် နော်ဝေလူမျိုးဟာ လက်ယာအစွန်းရောက် ၀ါဒီတွေနဲ့ ဆက်နွှယ်နေပြီး သူ့နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ သေနတ် ၂ လက် ပိုင်ဆိုင်ထား တယ်လို့ နော်ဝေရုပ်မြင်သံကြားဌာန TV2 က ကြေညာသွားပါတယ်။ အဲဒီနွေရာသီစခန်းက လူ ၅၆၀ ကို ၀န်ကြီးချုပ် ယန်း စတော်တင်ဂတ်က စနေနေ့မှာ တွေ့ဆုံစကားပြောဖို့ စီစဉ် ထားခဲ့တာပါ။

နော်ေ၀၀န်ကြီးချုပ်ကတော့ “ကျနော်တို့ကို တိုက်ခိုက်သူတွေကို ပြောချင်တဲ့ နော်ဝေအားလုံးရဲ့ သတင်းစကားကတော့ ကျနော်တို့ရဲ့ ဒီမိုကရေစီစနစ်နဲ့ အကောင်းဆုံးစံနမူနာကို ခင်ဗျားတို့ မဖျက်ဆီးနိုင်ဘူးဆိုတာပါပဲ”လို့ မီဒီယာတွေကို ပြောကြားပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နေတိုး အဖွဲ့တို့က ရှုတ်ချလိုက်ကြပါ တယ်။

ဒီတိုက်ခိုက်မှု နှစ်ခုဟာ ဆက်စပ်နေတယ်လို့ ရဲမင်းကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ အစ္စလမ်အစွန်းရောက်တွေဟာ နော်ဝေနိုင်ငံ အတွက် အကြီးမားဆုံး အန္တရာယ်အဖြစ် ခြိမ်းခြောက်နေတယ်လို့ နော်ဝေထောက်လှမ်းရေး ဌာန (PST) က သတိပေးပြောကြားခဲ့ဖူးပါတယ်။

နော်ဝေနိုင်ငံဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ အာဖဂန်နစ္စတန်ကို တပ်သား ၅၀၀ စေလွှတ်ထားပြီး အခုလို တိုင်းပြည်တွင်း အကြမ်းဖက်တိုက်ခိုက်ခံရတာက တော့ ပထမဆုံး​ ဖြစ်ပါတယ်။

အခု အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အော်စလိုမြို့ဟာ နိုင်ငံတကာငြိမ်းချမ်းရေး သင်္ကေတဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်တဲ့ ဌာန အခြေစိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013