ရွေးကောက်ပွဲအလွန် (၁)

အမှားမခံသော ကာလ၊ ဖြေရှင်းရ မလွယ်သော ပြဿနာများနှင့် အတွေ့အကြုံမရှိသော အန်အယ်ဒီ အစိုးရ (မိတ်ဆက်။ ။ ယခု သုံးသပ်ချက် စာတမ်း The Myanmar Elections: Results and Implications ကို နိုင်ငံတကာ ပဋိပက္ခ တားဆီးကာကွယ်ရေး ဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ သုတေသန အကြံပေးအဖွဲ့ International Crisis Group က ဒီဇင်ဘာဆန်းမှာ ထုတ်ပြန်ခဲ့ပြီး ဆင်ခြင်နိုင်စေဖို့ ဘာသာပြန် ဖော်ပြလိုက်ပါတယ်။) (၁) ခြုံငုံသုံးသပ်ချက် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ အာဏာရှင်စနစ်ကနေ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ ထွက်ရပ်လမ်း ဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲ အတွေ့အကြုံ နုနယ်နေတဲ့ အခြေအနေ၊ နိုင်ငံရေး သဘောထား ကွာဟမှု နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ကြား၊ ဒေသ အတော်များများမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ အခြေအနေအောက်မှာပဲ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ပြုလုပ်နိုင်တာ၊ အစီအစဉ်တကျ မဲပေးနိုင်ကြတာတွေဟာ နိုင်ငံရေး ဇာတ်ကောင်တွေအတွက်။ ရွေးကောက်ပွဲကော်မရှင်အတွက်၊ တနိုင်ငံလုံးအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ အောင်ပွဲခံသွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အနေနဲ့ ၂၀၁၆ မတ်လကုန်ပိုင်းမှာ ပညာပါပါ အာဏာလွှဲပြောင်းယူနိုင်ဖို့ ရွေးကောက်ပွဲအပြီး လေးလတာ အသွင်ကူးပြောင်းရေးကာလကို အသုံးချဖို့ လိုအပ်ပါတယ်။ အရေးကြီးတဲ့ ရာထူးနေရာတွေမှာ ဘယ်သူတွေကို ခန့်အပ်မလဲ ဆိုတာကို စောစောစီးစီး ဆုံးဖြတ်နိုင်မှ ရှေ့မှာ ကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပြင်ဆင်ချိန် ရပါလိမ့်မယ်။ အန်အယ်ဒီရဲ့  တောင်ပြိုကမ်းပြိုအနိုင်ရလဒ်က လွှတ်တော်မှာ ၈၀ ရာခိုင်နှုန်း နီးပါး ရှိပါတယ်။ ဒါကြောင့် ရွေးချယ်ခံစရာမလိုတဲ့ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း သိမ်းပိုက်ထားပေမယ့် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပါတီဟာ လွှတ်တော် နှစ်ရပ်စလုံးမှာ ပြတ်ပြတ်သားသား အနိုင်ရရှိထားပါတယ်။ ဥပဒေ ပြုတာနဲ့ သမ္မတ ရွေးချယ်တဲ့ အပိုင်းတို့မှာလည်း ထိန်းချုပ်ထားတဲ့ သဘောဖြစ်ပါတယ်။ တဖက်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ဖွဲ့စည်းပုံအရ သမ္မတ ရွေးချယ်ခံ ပိုင်ခွင့် မရှိပါဘူး။ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်ဒီပီ) က အလဲလဲ အကွဲကွဲ ရှုံးနိမ့်ခဲ့သလို၊ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ပါတီအများစုလည်း အရေးမလှခဲ့ကြပါဘူး။ မဲရလဒ်ကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ပြတ်ပြတ်သားသား အာဏာအပ်နှင်းလိုက်တာ ဖြစ်သလို၊ သူနဲ့ အန်အယ်ဒီက နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲ တွေကို ယူဆောင်ပေးလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း မြင့်မားနေပါတယ်။ ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ကတော့ လက်တွေ့မှာ မလွယ်ကူပါဘူး။ ပထမဆုံး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အကြားမှာ အပြုသဘော အလုပ်ဆက်ဆံရေး တည်ဆောက်ဖို့ လိုအပ်ပါတယ်။ စစ်တပ်ဟာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဆိုတဲ့ ၀န်ကြီးဌာန သုံးခုကို ကိုင်ထားတဲ့အတွက် အုပ်ချုပ်ရေး အာဏာ ရှိနေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အစ၊ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အလယ် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အဆုံး အရာရာဟာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှပဲ ရှေ့ခရီး ဆက်နိုင်ပါလိမ့်မယ်။ ကာလရှည်ကြာ နှစ်ဖက် မယုံကြည်မှုကြောင့် စလယ်ဝင် ဖင်မမည်းခင်မှာပဲ အကွဲအပြဲ ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောနေသလိုမျိုး အများလက်ခံနိုင်ဖွယ် မရှိတဲ့ အမည်ခံ ရုပ်သေးသမ္မတကို ရွေးချယ်မယ်ဆိုရင် ဖြစ်လာနိုင်ပါတယ်။ ဒါအပြင် အန်အယ်ဒီ အနေနဲ့ ပြည်သူလူထုရဲ့  ဘ၀ကို သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်အောင် လက်တွေ့ လုပ်ပြဖို့ လိုအပ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာက အန်အယ်ဒီအပေါ် အကောင်းမြင်စိတ်၊ အင်နဲ့ အားနဲ့ ထောက်ခံပေမယ့် အုပ်ချုပ်ရေးအတွေ့အကြုံ အကန့်အသတ် ရှိတာ၊ အရည်အချင်းရှိတဲ့ တက္ကနိုကရက်တွေ နည်းပါးတာ၊ အရေးကြီးတဲ့ အင်စတီကျူးရှင်းတွေကို ပြုပြင်ပြောင်းလဲရတဲ့ ကိစ္စ ခက်ခဲမှာ ဖြစ်လို့ အောင်မြင်မှုတွေ ရဖို့ အကန့်အသတ်တွေ ရှိနေပါလိမ့်မယ်။ အခုအထိ အန်အယ်ဒီ ပါတီ အနေနဲ့ နိုင်ငံရေး မူဝါဒတွေကို ချပြမှု အားနည်းတာကြောင့် ဒီကိစ္စက အရေးကြီးပါတယ်။ တိုင်းပြည်မှာ ကြုံနေရတဲ့ ပြဿနာတွေက များပြားလွန်းတာကြောင့် အစိုးရသစ်အတွက် အပေါင်း လက္ခဏာ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ဖို့ အခက်အခဲလည်း ဖြစ်နိုင်ပါတယ်။ ပြဿနာတိုင်းကတော့ အကြပ်အတည်းဆီကို ဦးတည်သွားနိုင်တာချည်းပါပဲ။ ရှမ်းနဲ့ ကချင်ပြည်နယ် တို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေဆဲဖြစ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ပြန်ဆွဲဖို့ ခြိမ်းခြောက်ဆဲ ဖြစ်ပါတယ်။ မက်ခရို စီးပွားရေး ၀ရုန်းသုန်းကား လက္ခဏာတွေ ရှိနေဆဲ အခြေအနေမှာ ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ မူဝါဒပိုင်းမှာ အားနည်းနေ တုန်းပါပဲ။ ရခိုင်ပြည်နယ် အခြေအနေကို ကြည့်မယ်ဆိုရင်လည်း မွတ်စလင် ရိုဟင်ဂျာတွေ ဘေးဖယ် ခံထားရဆဲဖြစ်သလို၊ အမှားအယွင်း မခံနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အန်အယ်ဒီ အစိုးရက ဘယ်လို ခြေလှမ်းပဲ လှမ်းလှမ်း၊ အမျိုးသားရေးဝါဒသမားတွေရဲ့  ဝေဖန်မှုကို ခံရပါလိမ့်မယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီအနေနနဲ့ အနောက်နဲ့ ပြန်လည်ပေါင်းစည်းရေးကို ဆက်ထိန်းထားဖို့၊ တဖက်မှာ တရုတ်ရဲ့  အကျိုးစီးပွား ဆိုင်ရာ စိုးရိမ်မှုတွေကို သက်သာရာ ရစေပြီး ဆက်ဆံရေး ကောင်းမွန်စေဖို့ ဆိုရင် သံခင်တမန်ခင်းမှာ လိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီလို ဟန်ချက်ညီစေဖို့ အရေးမှာ အနောက်နိုငိငံတွေဘက်ကလည်း ကူညီပေးရမယ့် အပိုင်း ရှိပါတယ်။ မြန်မာပြည်မှာ အပြုသဘော အပြောင်းအလဲတွေ ပေါ်ပေါက်လာစေဖို့အတွက် အနောက်နိုင်ငံတွေရဲ့  အကူအညီ လိုအပ်သလို၊ မြန်မာပြည်ရဲ့  ပြည်တွင်းနဲ့ ဒေသတွင်း အရေးအရာတွေမှာ အမှားမခံ နိုင်တဲ့ ကိစ္စရှိနေတယ်ဆိုတာကိုလည်း နားလည်ဖို့ လိုအပ်ပါတယ်။ (၂) ရွေးကောက်ပွဲ ကျင်းပခြင်း ခြုံပြောရင် ရွေးကောက်ပွဲက အဆင်ပြေပြေ ကျင်းပနိုင်ပါတယ်။ မဲဆွယ်စဉ် ကာလမှာ တချို့ နေရာတွေမှာ ပြဿနာ အနည်းအပါး ရှိတာကလွဲလို့ အများအားဖြင့် ငြိမ်းချမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေ အဓိက ထောက်ပြကြတဲ့ ကိစ္စက ဖွဲ့စည်းပုံ ဆိုင်ရာ ဒီမိုကရေစီ ချွတ်ယွင်းချက်နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်နဲ့ ပတ်သက်လို့ အလေးထားရမဲ့ ပြဿနာတွေ ရှိနေတဲ့ ကိစ္စတွေပါ။ ဥပမာ ရိုဟင်ဂျာ မွတ်စလင် သန်းတ၀က်လောက်ကို မဲပေးခွင့် မပေးတဲ့ ကိစ္စ၊ လုံခြုံရေး အကြောင်းပြချက်ကြောင့် တိုင်းရင်းသား ဒေသတချို့မှာ ရွေးကောက်ပွဲတွေကို မကျင်းပတာမျိုးတွေပါ။ ဥပဒေအရပိတ်ပင်ထားပေမ့ယ် ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း နိုင်ငံရေး ပါတီတွေနဲ့ လေ့လာသူတွေက စိုးရိမ်ခဲ့ကြပါတယ်။ အထူးသဖြင့် အမျိုးသားရေးဝါဒီ မဘသ သံဃာတွေက အန်အယ်ဒီဟာ ဗုဒ္ဓဘာသာကို အကာအကွယ်ပေးမှာ မဟုတ်ဘူးဆိုပြီး သတင်းလွှင့်တဲ့ ကိစ္စမျိုးပါ။ ဒါ့အပြင် နိုင်ငံရေး အခြေအနေကြောင့် နိုင်ငံရေး ပါတီကြီးတွေ အားလုံးက မွတ်စလင် အမတ်လောင်းတွေကို ရွေးချယ်ယှဉ်ပြိုင်စေခဲ့တာ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲနေ့မှာ မဲရုံပေါင်း ၄၁၀၀၀ အချိန်မီ ဖွင့်ခဲ့ကြတယ်။ မဲပေးတဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ အဖွဲ့တွေက ကနဦး တွေ့ရှိချက်တွေအရ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ လူတွေ လွတ်လွတ်လပ်လပ်နဲ့  ငြိမ်းငြိမ်းချမ်းချမ်း မဲပေးခဲ့ပြီး ကြီးကြီးမားမား ပြဿနာ မရှိဘူးလို့ ဆိုပါတယ်။ အစီအစဉ်တကျ ရှိသလို၊ လျှို့ဝှက်မဲပေးစနစ်ကလည်း သေသေသပ်သပ်ရှိပါတယ်၊ ပွင့်လင်းမြင်သာမှု အတိုင်းအတာကလည်း မြင့်မားခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာမှာ ပြည်တွင်း စောင့်ကြည့်သူ ၁၂၀၀၀၊ နိုင်ငံတကာ စောင့်ကြည်သူ ၁၀၀၀၊ ပါတီက လွှတ်ထားတဲ့ စောင့်ကြည့်သူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ မဲရေတွက်တဲ့အချိန်မှာလည်း အဆင်ပြေပါတယ်။ စစ်တပ်က ကြိုတင်မဲပေးတဲ့ ကိစ္စမှာ စောင့်ကြည့်ခွင့် မရတာက လွဲလို့ တစုံလုံး အတိုင်းအတာနဲ့ ကြိုတင်မဲပေးတာဟာ ရွေးကောက်ပွဲနေ့ မဲပေးတဲ့ အတိုင်းပဲ ပွင့်လင်းမြင်သာမှု ရှိခဲ့ပါတယ်။ မဲပေးခွင့်ရှိသူတွေ မဲစာရင်းမှာ မပါတဲ့ ကိစ္စဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ အဓိက ပြဿနာ ဖြစ်ခဲ့ပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ပထမဆုံး အသုံးပြုတဲ့ ဒစ်ဂျစ်တယ် စနစ်ရဲ့ အမှားအယွင်းတွေနဲ့လည်း ဆိုင်ပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေရဲ့  အဆိုအရ မဲရုံတွေထဲက ရာခိုင်နှုန်း အနည်းအပါးလောက်ပဲ သက်ရောက်ခဲ့ပြီး မဲမပေးခဲ့ရတဲ့ လူတွေကလည်း အရေအတွက် နည်းပါးခဲ့ပါတယ်။ (၃) မဲရလဒ် နိုဝင်ဘာလ ၈ ရက်နေ့ ညနေမှာ မဲရုံ ကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်လောင်းတွေက တင်ပြတဲ့ အစီရင်စာတွေအရ အန်အယ်ဒီက တောင်ပြိုကမ်းပြိုနိုင်နေတာကို ပြသနေပါတယ်။ ဒါပေမယ့် ရက်ပေါင်းများစွာကြာတဲ့ အထိတော့ တရားဝင် အတည်မဖြစ်ခဲ့ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မဲဆန္ဒနယ်ပေါင်း ၁၁၅၀ ကို ကြေညာခဲ့ပြီး နောက်ဆုံးအသုတ်ကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရလဒ်အရ အန်အယ်ဒီက တိုင်းဒေသကြီးတွေမှာသာမက တိုင်းရင်းသားပြည်နယ်တွေမှာလည်း တောင်ပြိုကမ်းပြိုအနိုင်ရပါတယ်။ (၃-က) ပြည်ထောင်စု လွှတ်တော် လွှတ်တော် နှစ်ရပ်မှာ အန်အယ်ဒီက ၇၉ ရာခိုင်နှုန်း အနိုင်ရပါတယ်။ တပ်မတော်သား လွှတ်တော်အမတ်တွေပါ ထည့်ထွက်ရင် ၅၉ ရာခိုင်နှုန်း လွတ်လွတ်ကျွတ်ကျွတ် အများစုမှာ အနိုင်ရပါတယ်။ အမျိုးသား လွှတ်တော်ရဲ့  ၆၀ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်ရဲ့  ၅၉ ရာခိုင်နှုန်း အနိုင်ရပါတယ်။ လေ့လာစောင့်ကြည့်သူတွေ အများစု ခန့်မှန်းထားတာထက် အများကြီး ကျော်ထွက်သွားတာပါ။ အန်အယ်ဒီအတွက်ကတော့ မျှော်မှန်းထားတဲ့ ရလဒ်ပါပဲ။ အာဏာရပါတီ ယူအက်ဒီပီက မဲဆန္ဒနယ်မြေတွေထဲက ၈ ရာခိုင်နှုန်းမှာပဲ အနိုင်ရခဲ့ပါတယ်။ (တပ်မတော်သား လွှတ်တော်အမတ်တွေကိုပါ ထည့်တွက်ရင် ပြည်ထောင်စု လွှတ်တော်ရဲ့  ၆ ရာခိုင်နှုန်းပဲ နိုင်ပါတယ်)။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှာ အန်အယ်ဒီက အနိုင်ရတဲ့ အရေအတွက်အတိုင်း ထပ်တူကျပါတယ်။ အပြစ်အနာများတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အန်အယ်ဒီက သပိတ်မှောက်ခဲ့တဲ့ အချိန်မှာ ယူအက်ဒီပီက ၇၉ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ပါတီတွေကလည်း အရေးမလှခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ မျှတမှု မရှိတဲ့ ကြားက တိုင်းရင်းသား ပါတီတွေ အားလုံးပေါင်းလဒ်က ၁၅ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ (၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရတဲ့ အတိုင်းပါပဲ)။ အခု တကြိမ်မှာတော့ ပြည်ထောင်စု လွှတ်တော်မှာ ၁၁ ရာခိုင်နှုန်း (တပ်မတော်သား အမတ်တွေကိုပါ ထည့်တွက်ရင် ၉ ရာခိုင်နှုန်း) ပဲ အနိုင်ရပါတယ်။ တိုင်းရင်းသား ပါတီတွေထဲမှာ ရခိုင်အမျိုးသား ပါတီ (ANP) က (ရခိုင်ပြည်နယ်မှာ ၂၂ နေရာ)၊ ရှမ်းတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) (၁၅ နေရာ) နှစ်ပါတီပဲ အောင်မြင်မှု ရပါတယ်။ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေကတော့ နေရာ အနည်းအကျဉ်း၊ ဒါမှမဟုတ် လုံးဝ အနိုင်မရတာ ချည်းပါပဲ။ ကရင် ပါတီနဲ့ ကယား ပါတီတွေ တနေရာမှ မရကြပါဘူး။ မွန်နဲ့ ကချင် ပါတတွေကတော့ တနေရာစီ အနိုင်ရကြပါတယ်။ တခြား ပါတီကြီးတွေလည်း ဇာတ်သိမ်းခန်း ရောက်သွားကြပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက (၁၉၈၈ မတိုင်ခင် ဆိုရှယ်လစ် အစိုးရရဲ့  ပါတီ) ကချင်ပြည်နယ် အစွန်ပိုင်းဒေသမှာ တနေရာ အနိုင်ရပါတယ်။ ၂၀၁၀ တုန်းက အနိုင်ရခဲ့တဲ့ တခြား လူမျိုးစု တိုင်းရင်းသားပါတီ မဟုတ်တဲ့ ပါတီကြီးတွေလည်း တနေရာမှ မရခဲ့ကြပါဘူး။ ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေး ဇောင်းပေးတဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက လွှတ်တော်အမတ်ဦးရေ စတုတ္ထအများဆုံး ၀င်ပြိုင်ခဲ့ပေမယ့် တနေရာမှ မနိုင်ပါဘူး။ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီကလည်း နေရာအားလုံးမှာ ရှုံးပါတယ်။ (၃-ခ) ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ ဗမာ အများစု နေထိုင်တဲ့ တိုင်းဒေသကြီး ၇ ခု နဲ့ တိုင်းရင်းသား ပြည်နယ် ၇ ခု တို့အတွက် လွှတ်တော်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အန်အယ်ဒီက ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ်အားလုံးရဲ့  ၄ ပုံ ၃ ပုံမှာ အနိုင်ရပါတယ်။ တိုင်းဒေသကြီးတွေမှာ ၉၅ ရာခိုင်နှုန်း၊ ပြည်နယ်တွေမှာ ၄၅ ရာခိုင်နှုန်း ဖြစ်ပါတယ်၊ တိုင်းဒေသကြီး ၇ ခုစလုံးမှာ အများစုကို ထိန်းချုပ်ထားနိုင်ပြီး၊ ပြည်နယ် ၇ ခုထဲက ၄ ခုမှာလည်း အများစု ထိန်းချုပ်ထားနိုင်ပါတယ်။ ကျန်တဲ့ ၃ ပြည်နယ်မှာတော့ အများစု အနိုင်ရတဲ့ ပါတီ မရှိပါဘူး။ လူနည်းစု တိုင်းရင်းသားပါတီတွေကို အရာမသွင်းတဲ့ ကိစ္စက ဒီနေရာမှာ ထင်ရှားပါတယ်။ မွန်ပြည်နယ်မှာ နယ်ခံ ပါတီဟာ သုံးနေရာပဲ အနိုင်ရပြီး၊ ချင်းပြည်နယ်မှာ နှစ်နေရာ၊ ကရင်ပြည်နယ်မှာ တနေရာ၊ ကယားပြည်နယ်မှာ လုံးဝ အနိုင်မရခဲ့ကြပါဘူး။ စနစ်အရ တိုင်းရင်းသားတွေကို အကန့်အသတ်နဲ့ အာဏာအပ်နှင်းပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ ပုံစံပါပဲ။ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေတဲ့ ဆိုးကျိုးကတော့ အဲဒီ ဒေသတွေကို ဗဟိုအစိုးရ အဆက်ဆက်က လွှမ်းမိုးထားပြီး တိုင်းရင်းသားတွေဟာ ကိုယ့်အရေး ကိစ္စတွေမှာ ပြောရေးဆိုခွင့် မရခဲ့ကြပါဘူး။ အခုတခါ ပြည်နယ်လွှတ်တော်တွေ အများစုကို ပါတီကြီးတွေက ထိန်းချုပ်ထားပြန်တဲ့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေက လူများစု ဗမာတိုင်းရင်းသား အုပ်စုရဲ့ အကျိုးစီးပွားတွေ လွှမ်းမိုးနေတဲ့ လွှတ်တော်တွေအဖြစ် မြင်လာကြပါတယ်။ မှားသည် မှန်သည်က နောက်တပိုင်းပါ။ ဆက်လက်ဖော်ပြပါမည်။ နေသွင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up