Monday, June 5, 2023
HomeLead Storyရွေးကောက်ပွဲအနိုင်ရ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကန့်ကွက်ခံရ

ရွေးကောက်ပွဲအနိုင်ရ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကန့်ကွက်ခံရ

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ဒေသကြီးမှာ  ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်ဟာ ရှမ်းလူမျိုး မဟုတ်ဘူးဆိုပြီး ကန့်ကွက်ခံနေရပါတယ်။

အနိုင်ရသွားတဲ့ ရှမ်းလူမျိုးကိုယ်စားလှယ် ဦးစိုင်းကျော်ဇောနာမည်ရှေ့မှာ စိုင်းဘဲတပ်ထားပြီး ရှမ်းမျိုးနွယ်မဟုတ်သလို ရှမ်းစာပေယဉ်ကျေးမှုအသင်းနဲ့ ရှမ်းသာရေးနာရေး အသင်းတွေမှာပါ ပါဝင်လှူပ်ရှားခဲ့တာမရှိဘူးဆိုပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်  ကိုယ်စားလှယ်လောင်း ဦးစိုင်းနော်ခေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ကန့်ကွက်စာ တင်သွင်းခဲ့တာပါ။

ကန့်ကွက်ရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က “တိုင်းရင်းသားလူမျိုးစုအတွက် ကိုယ်စားပြုဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်ဟာ အဲဒီတိုင်းရင်းသားဖြစ်မှ သင့်တော်မယ်လို့ ကျနော်တို့မြင်ပါတယ်။  လူမျိုးမဟုတ်ဘူးဆိုရင် ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာကိုလည်း မသိဘူး၊ ကိုယ့်လူမျိုးရဲ့ ခံစားချက်တွေလည်း နားလည်မှာ မဟုတ်ဘူး။ ဒီတော့ တိုင်းရင်းသားလူမျိုးအခွင့်အရေး ဆုံးရှုံးမယ်။ ဒါကြောင့်  အရွေးခံမယ့် ပုဂ္ဂိုလ်ရော၊ သူ့ကိုရွေးမယ့် မဲဆန္ဒရှင်တွေပါ သက်ဆိုင်ရာ တိုင်းရင်းသားအချင်းချင်း ဘဲဖြစ်သင့်တယ်”လို့ပြောပါတယ်။

ဒါပေမယ့် ဒီကန့်ကွက်မှုဟာ အနိုင်ရသွားတဲ့  ပါတီနဲ့ ပုဂ္ဂိုလ်အပေါ်မှာ ဦးတည်ကန့်ကွက်တာ မဟုတ်ဘဲ အဓိကအားဖြင့် နည်းဥပဒေ လုပ်ထုံးလုပ်နည်း မမှန်ကန်တာ ကိုသာ ကန့်ကွက်တာဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လိုက်နာကျင့် သုံးမှုတွေဟာ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ မညီညွတ် တာကြောင့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆုံးရှုံးမယ့်အရေးကို ကာကွယ်တဲ့အနေနဲ့ ကန့်ကွက်တာဖြစ်တယ်လို့  သူကဆက်ပြောပါတယ်။

ဇန်န၀ါရီ ၁၁ ရက်က မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့က  ကန့်ကွက်သူနဲ့ ကန့်ကွက်ခံရသူတွေကို ခေါ်ယူတွေ့ ဆုံခဲ့ရာမှာ ကန့်ကွက်ခံရသူဘက်က ထုချေလွှာတင်ထားပြီး လာမယ့် ဇန်န၀ါရီ ၂၀ ရက် ထပ်တွေ့ဆုံကြဖို့ချိန်းထားပါတယ်။

မန္တလေးတိုင်းဒေသကြီး  ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီ ပါတီက ဦးစိုင်းကျော်ဇောကတော့ သူဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးဇာတိ ရှမ်းလူမျိုး ဖြစ်ကြောင်း၊  ဖခင်ဖြစ်သူက တပ်မတော်သားဖြစ်တဲ့အတွက် အကန့်အသတ်တချို့ရှိကာ မိခင်နဲ့ ဖခင်အမည်တွေရှေ့မှာ ဦးနဲ့ ဒေါ်တပ်ပြီး မှတ်ပုံတင်မှာလည်း မြန်မာအဖြစ်ဖော်ပြခဲ့ကြောင်း၊ မိဘများအလုပ်အကိုင်နဲ့ အခြေအနေအရ မြေပြန့်မှာ ကြီးပြင်းခဲ့ရတာလို့ ဆိုပါတယ်။

အခုလိုကန့်ကွက်ခံရတဲ့အပေါ်မှာ ဦးစိုင်းကျော်ဇောက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ပထမပိုင်းမှာ တိုင်းအဆင့်ကနေပြီးတော့မှ ဗမာဖြစ်တဲ့အတွက် ရှမ်းမှာဝင်ရွေးခံလို့မရဘူးဆိုပြီး ပယ်ဖျက်ခံရတယ်လေ။ ပယ်ဖျက်ခံရတော့ ကျနော်က အယူခံဝင်တယ်။ အဲဒီပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျနော့်ကို ရှမ်းတိုင်းရင်းသားဖြစ်တဲ့အတွက် ရွေးချယ်ခွင့်ရှိ တယ်ဆိုပြီး ၀င်အရွေးခံခွင့်ချပေးလိုက်တာ၊ အဲဒါကို သူတို့က မသိဘဲ တိုင်းက ပယ်ဖျက်ထားတာကို ၀င်ရွေးတယ်ဆိုပြီး တိုင်တာပေါ့။  ကျနော်က အထက်လူကြီးနဲ့ ပေါင်းပြီး လုပ်တယ်လို့ သူတို့ထင်တယ်။ အမှန်တကယ်တော့ ဥပဒေပုဒ်မ ၅၃ မှာ ပါပြီးသားပါ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပြီးတော့မှ ၅၃ နဲ့ ငြိစွန်းတဲ့ ပုဒ်မမှန်သမျှကို တိုင်ကြားခွင့်မရှိဘူးလို့ ဖော်ပြထားပါတယ်။”

သူ့အနေနဲ့ အခုလိုအနိုင်ရရှိခဲ့တာဟာ ရွေးကောက်ပွဲဝင်ဖို့ မဲဆွယ်ခင်ကာလ တအိမ်တက်ဆင်း မိတ်ဆက်စည်းရုံးခဲ့လို့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တာဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသားဝန်ကြီးတစ်ဦးအနေနဲ့ မန္တလေးတိုင်းမှာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ ရှမ်းအဖွဲ့တွေတစုတစည်းတည်းဖြစ်အောင် ဆောင်ရွက်မှာဖြစ်သလို အခြားတိုင်းရင်းသား လူမျိုးတွေနဲ့လည်း စည်းလုံးညီညွတ်ရေးတွေပါ ဆောင်ရွက်သွားမယ်လို့  ဦးစိုင်းကျော်ဇောက ပြောပါတယ်။

ဦးစိုင်းကျော်ဇောဟာ လက်ရှိ မန္တလေးတိုင်း ကွန်ပြုတာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနဲ့ ဂေါက်ကလပ် အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular