ပျက်ကျသွားတဲ့ ထိုင်းရဟတ်ယာဉ် ပြန်တွေ့ပြီ
DVB
·
July 22, 2011
ဇူလိုင် ၁၉ ရက်နေ့က ပျက်ကျသွားတဲ့ ထိုင်းကြည်းတပ်ပိုင် ဘလက်ဟော့ ရဟတ်ယာဉ်ကို ဒီကနေ့ နံနက် ၁၁ နာရီမှာတွေ့ရှိပြီလို့ ထိုင်းရုပ်သံသတင်းတွေမှာ ကြေညာသွားပါတယ်။
ဘလက်ဟော့ ရဟတ်ယာဉ်ဟာ ထိုင်းနယ်စပ်နဲ့ မီတာ ၃၀၀ အကွာ မြိတ်ခရိုင်အတွင်းမှာ ပျက်ကျတာဖြစ်ပြီး စနေနေ့က ထိုင်းပိုင်နက်ထဲမှာ ပထမတစီးပျက်ကျတဲ့နေရာနဲ့ မီတာ ၅၀၀ လောက်သာ ဝေးပါတယ်။
[caption id="attachment_13077" align="alignright" width="300" caption="ကယ်ဆယ်ရေးအဖွဲ့ဝင်တဦး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်က ရုပ်အလောင်းကို သယ်ယူရန် ကြိုးစားနေစဉ် (ဓာတ်ပုံ - www.jamjung.com)"][/caption]
ရဟတ်ယာဉ်နဲ့ပါသွားသူ ၉ ဦးရဲ့ ခန္ဓာအစိတ်အပိုင်းတွေကို ရဟတ်ယာဉ် အစိတ်အပိုင်းတွေကြားမှာ တွေ့ရပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ပြည့်ပြည့်စုံစုံမရှိဘူးလို့ ဆိုပါတယ်။
လေယာဉ်ပျက်ကျနေတဲ့နေရာဟာ မီတာ ၁၁၀၀ လောက်နက်တဲ့ တောင်ကမ်းပါးဆန်ဆန် ဆင်ခြေလျောဖြစ်တာကြောင့် ကယ်ဆယ်ရေးတပ်ဖွဲ့တွေက ရုပ်အလောင်းတွေကို သယ်တင်လာဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ကို တွေ့ရှိတာနဲ့ပတ်သက်ပြီး အမှတ် ၁ စစ်တိုင်း တပ်မမှူး ဗိုလ်ချုပ်ကြီး အူဒုန်းဒေ စီတဘွတ်က ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ မီဒီယာတွေကို တရားဝင် ပြောကြားခဲ့ပါတယ်။
“ရာသီဥတုအခြေအနေက မနက်ကနေ ခုချိန်အထိ သိပ်မကောင်းသေးဘူး။ လေကြောင်းကနေ သွားလို့မရသေးဘူးဗျ။ မနက်က ထွက်သွားတဲ့ လေတပ်က ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေလည်း ရာသီဥတုကို မတိုးနိုင်လို့ပြန်ဆုတ်လာရတယ်။ လေကြောင်းဘက်က အဲဒီကိုမရောက်သေးသလို ဟိုဘက်က ကျနော်တို့ရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရဟတ်ယာဉ်ပျက်ကျရာနေရာကို အရောက်ဆင်းသွားဖို့၁ နာရီခွဲလောက် အချိန်ယူရမယ်။ ပြီးရင် ရုပ်ကလာပ်တွေနဲ့ အပိုင်းအစတွေကို သယ်ပြီး မီတာ ၁၁၀၀ အမြင့် တောင်ပေါ်ကို ရောက်လာအောင် သယ်လာကြရဦးမယ်။”
မိုးလေဝသအခြေအနေ ဆိုးနေသေးတာကြောင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ မပျံသန်းနိုင်သေးချိန်မှာ လောလောဆယ် ရဟတ်ယာဉ်ဆင်းဖို့ ယာယီကွင်းတွေကို လိုအပ်တဲ့နေရာတွေမှာ ဆောက်လုပ် နေတယ်လို့လည်း ပြောသွားပါတယ်။
ဒါ့အပြင် ထိုင်းရဟတ်ယာဉ်ကို ကူညီရှာဖွေပေးနေတဲ့ မြန်မာတပ်ဖွဲ့တွေ တောတွင်းမှာ ရိက္ခာပြတ်နေလို့၂၁ ရက်နေ့ညနေ ၄ နာရီက ကြိုးမဲ့စကားပြောစက်နဲ့ထိုင်းကယ်ဆယ်ရေးစခန်းကို လှမ်းပြီး အကူအညီ တောင်းခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီ မြန်မာတပ်ဖွဲ့တွေနဲ့ ဆက်သွယ်လို့ ရမရကို မသိရသေးပါဘူး။