DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံ လူထုအသံကို ထင်ဟပ်နိုင်မည်မဟုတ်
DVB
·
January 11, 2016
ငြိမ်းချမ်းရေးညီလာခံ လူထုအသံကို ထင်ဟပ်နိုင်မည်မဟုတ်
Donate to DVB

မနက်ဖြန် စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုမယ့်သူတွေ ပါဝင်ခွင့် မရှိသေးတဲ့အတွက် လူထုရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးလို့  အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လူထုနဲ့ ဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်ဘဲ ဒီညီလာခံကို ဆက်လုပ်သွားမယ်ဆိုရင် လူထုအသံတွေ ပါဝင်နိုင်မှာ မဟုတ်တဲ့အကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၁၈ ဖွဲ့နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) နဲ့ လူမှုအဖွဲ့ ၅၃ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဒို့မြေကွန်ရက်အဖွဲ့တွေက ပူးတွဲထုတ်ပြန်လိုက်တာပါ။

MATA အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုအောင်ကျော်မိုးက “အဓိကက သူတို့ဆွေးနွေးမယ့် အခန်းကဏ္ဍ ၅ ခု တွေ့ရတယ်။ အဲဒီမှာ သုံးထားတဲ့ စကားလုံးက အဲဒီဆွေးနွေးပွဲကနေပြီးတော့မှ မူတခုကို ချလိမ့်မယ့်ပုံစံမျိုး အနေနဲ့ လုပ်မယ်ဆိုတာ ကျနော်တို့ လေ့လာရတာပေါ့နော်။ အဲတော့ မူတခု ချလိုက်မယ်ဆိုရင် ဒီဟာက အားလုံးပါဝင်နိုင်ခြင်း မရှိသေးဘဲ ဒီမူတခုကို ချမယ်ဆိုတဲ့ကိစ္စဟာ နောက်ထပ် ဆွေးနွေးပွဲတွေမှာ ဒီမူကိုပဲ အခြေခံပြီး ဆွေးနွေးရမယ်ဆိုတဲ့ အကြောင်းတရားတွေ ဖြစ်လာလို့ရှိရင် ဒါတွေဟာ တော်တော်ကို နောက်ပိုင်းတွေမှာ အခက်အခဲတွေ ဖြစ်လာမှာပါ။ တကယ်လို့ မူတွေပေါ်မှာ ကျနော်တို့လူထုနဲ့ မအပ်စပ်တဲ့ကိစ္စတွေ၊ လက်မှတ်မထိုးရသေးတဲ့ အန်စီအေထဲမှာ မပါသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကြံပြုချက်တွေ ဒီဟာတွေကို အသိအမှတ်မပြုမှာကိုလည်း ကျနော်တို့ စိုးပါတယ်။”

အလားတူ မြန်မာ့အမျိုးသမီးသမဂ္ဂကလည်း ‘ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့.တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ဆောင်ရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် လက်နက်ကိုင် အင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ အမျိုးသမီးအင်အားစုများ စသဖြင့် အားလုံးပါဝင်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးဖို့’ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၂၆ ဖွဲ့ကတော့ တနိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အပစ်ခတ်ရပ်စဲရေး ဖော်ဆောင်ခြင်း မရှိသေးဘဲ အခုလို နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ ကြိုးစားနေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတယ်လို့  ကြေညာထားပါတယ်။

မနက်ဖြန် ဇန်န၀ါရီ ၁၂ ရက် စတင်မယ့် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်တွေ စတဲ့ ခေါင်းစဉ် ၅ ခုအောက်မှာ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

ဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တက်ရောက်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013