DVB Logo
Home
မြန်မာသတင်း
ဗန်း​မော်-မြစ်ကြီး​နား​လမ်း​ပေါ်က တံတား​မိုင်း​ခွဲခံရ
DVB
·
July 21, 2011
ဗန်း​မော်-မြစ်ကြီး​နား​လမ်း​ပေါ်က တံတား​မိုင်း​ခွဲခံရ
Donate to DVB

ဇူလိုင် ၂ဝ ရက်​နေ့​ ညသန်း​ခေါင်အချိန်က ဗန်း​မော်-မြစ်ကြီး​နား​ လမ်း​ပေါ်ရှိ ဂါး​ဒါယန်တံတား​ မိုင်း​ခွဲဖျက်ဆီး​ခံရ၍ လုံး​ဝပျက်စီး​သွား​ကာ ယာဉ်သွား​လာမှုများ​ ရပ်နား​လိုက်ရပါတယ်။

ဝိုင်း​မော်မြို့​နယ် ဂါး​ဒါယန်​ကျေး​ရွာနှင့်​ ကဇူး​ကျေး​ရွာကို ဆက်သွယ်ထား​တဲ့​ လွယ်​မွေ​ချောင်း​ကူး​ ကွန်ကရစ်တံတား​မှာ ​ပေ ၂ဝ ဝန်း​ကျင်ရှိပြီး​ မိုင်း​ခွဲခံရသဖြင့်​ တံတား​တခုလုံး​ ​ရေ​ချောင်း​ထဲ ပြုတ်ကျသဖြင့်​ လူပင် ဖြတ်သန်း​၍ မရဖြစ်​နေ​ကြောင်း​ မျက်မြင် ကား​သမား​တဦး​က ​ပြောပါတယ်။

[caption id="attachment_13051" align="alignright" width="310" caption="လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်က ကွန်ကရစ်တံတားတခု"][/caption]

“ဂါး​ဒါယန်အထွက်မှာ ကွန်ကရစ်တံတား​ကြီး​ကို မိုင်း​ခွဲတာ ကျိုး​သွား​တဲ့​ခါကျ​တော့​ ဗန်း​မော်-မြစ်ကြီး​နား​-လိုင်ဇာ လုံး​ဝ ပြတ်​တောက်သွား​ပြီ။ ည ၁၂ နာရီကို ချိုး​တယ်​ပြောတယ်။ အရင်တုန်း​က ချိုး​ထား​တယ်ဆိုတာ နည်း​နည်း​ပဲ ​ပေါက်တာ​လေ။ ဒီတ​ခေါက် ပြန်သွား​တော့​ တံတား​ရှစ်စင်း​ချိုး​ထား​တယ်။ ဘာပြဿနာမရှိဘူး​။ ကား​မောင်း​လို့​ရတယ်။ အခုက လုံး​ဝကို မရ​တော့​ဘူး။ တံတား​ကြီး​ ကျိုး​ကျသွား​ပြီ။ လူကူး​လို့​တောင် မလွယ်ဘူး​၊​ ​ချောင်း​နဲ့​ဆို​တော့​။ ကွန်ကရစ်တိုင်မဟုတ်ဘူး​။ အလုံး​လိုက်ပါ ပြုတ်ကျသွား​ပြီ။ ဆိုး​ဆိုး​ဝါး​ဝါး​ကို ဖြစ်သွား​တာ။ ဆိုင်ကယ်​တောင် သွား​လို့​မရဘူး​၊​ လမ်း​လျှောက်လို့​တောင် မရ​တော့​ဘူး​။”

ဇွန်လ ၁၅၊​ ၁၆ ရက်​တွေက ကချင်ပြည်နယ်အတွင်း​ ​နေရာအနှံ့​အပြား​မှာ တံတား​ အစင်း​ ၃ဝ ခန့်​ မိုင်း​ခွဲခံခဲ့​ရ​သော်လည်း​ ဗန်း​မော်-လွယ်ဂျယ် လမ်း​ကြောင်း​မှ လွဲ၍ ကျန်​နေရာမှာ​တော့​ ယာဉ်ငယ်​တွေ ဆက်လက် ဖြတ်သန်း​နိုင်ခဲ့​ပါတယ်။

ပြီး​ခဲ့​တဲ့​ ဇူလိုင် ၁၆ ရက်​နေ့​က မိုး​မောက်မြို့​နယ် ​အောင်ဂျာယန်-ခါရာ ​ကျေး​ရွာမှာဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ လိုင်ဇာ-မြစ်ကြီး​နား​ ယာဉ်သွား​လာမှုကို ကချင်ပြည် လွတ်လပ်​ရေး​ တပ်မ​တော် (​ကေအိုင်​အေ)က ပိတ်ထား​ခဲ့​ရာမှ အခုလ ၁၉ ရက်​နေ့​ကစလို့​ ယာဉ်သွား​လာမှု ပြန်လည်ခွင့်​ပြုခဲ့​ရာ ဒီက​နေ့​မှာ​တော့​ တံတား​မိုင်း​ခွဲခံရလို့​ ယာဉ်သွား​လာမှု ရပ်ဆိုင်း​ခဲ့​ရတာလည်း​ ဖြစ်ပါတယ်။

အခု မိုင်း​ခွဲခံလိုက်ရတဲ့​ တံတား​ဟာ မြစ်ကြီး​နား​ဘက်က​နေ စစ်ယာဉ်တန်း​တွေ ပို့​ဆောင်ရာမှာ အ​ရေး​ပါတဲ့​ တံတား​လည်း​ ဖြစ်ပြီး​ မြန်မာစစ်တပ်က စစ်အင်အား​ ဖြည့်​တင်း​တာ၊​ စစ်​ရေး​ပြင်ဆင်တာ​တွေ ​ဆောင်ရွက်​နေချိန်မှာ မိုင်း​ခွဲဖျက်ဆီး​ခံရတာ ဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013