DVB Logo
Home
မြန်မာသတင်း
တပ်သားသစ်များ စုဆောင်းရန် ညွှန်ကြား
DVB
·
July 20, 2011
Donate to DVB

မြန်မာတပ်မတော် စစ်ရုံးကနေပြီးတော့ အောက်ခြေ ခြေလျင် ခြေမြန်တပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်စုဆောင်းဖို့ ညွှန်ကြား အမိန့်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကကကြည်းကနေ အောက်ခြေတပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်တွေ မဖြစ်မနေ စုဆောင်းဖို့ ယခုရက်ပိုင်းမှာ ညွှန်ကြားထားတယ်လို့ စုံးစမ်းသိရပါတယ်။

ခြေလျင် ခြေမြန်တပ်ရင်းတွေဟာ တလကို အနည်းဆုံး တပ်သားသစ် ၄ ဦးကို မဖြစ်မနေ စုဆောင်းရမှာ ဖြစ်ပြီးတော့ တနှစ်ကို တပ်ရင်းတရင်းအတွက် တပ်သားသစ် ၄၈ ဦးကို ရရှိရမယ်လို့ ကကကြည်းရဲ့ ညွှန်ကြားချက်အရ သိရပါတယ်။

ညွှန်ကြားချက်ထဲမှာ ခြေလျင်ခြေမြန် တပ်ရင်းတရင်းဟာ သတ်မှတ်ချက်နဲ့ အညီ တပ်သားသစ် ၄၈ ဦး ရရှိခဲ့ရင်တော့ ဆုငွေ ကျပ် ၁၀ သိန်း ရရှိမယ်လို့ ညွှန်ကြားချက် ပါရှိပြီး သတ်မှတ်ချက်နဲ့ မပြည့်မီတဲ့ တပ်ရင်း တပ်ဖွဲ့တွေကိုတော့ စစ်စည်းကမ်းနဲ့ အရေးယူမယ်လို့လည်း ပါရှိပါတယ်။

မြန်မာတပ်မတော်ဟာ တပ်သားသစ်တွေကို အတင်းအဓမ္မ စုဆောင်းနေပြီး   အသက် ၁၈ ပြည့်ပြီး လူငယ်တွေသာ မကဘဲ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေပါ စုဆောင်းခံနေရတယ်လို့ ကလေးစစ်သားတွေကို စစ်တပ်ထဲကနေ ကယ်ထုတ်ရေး ဦးဆောင်လုပ်ကိုင်နေတဲ့ လမ်းပြကြယ်ဦးအေးမြင့်က ပြောပါတယ်။

“ကလေးစစ်သားအပြင်ကို အသက် ၁၈ နှစ် ပြည့်ပြီးတော့ အသက် ၂၀ ကျော် ၂၅ နှစ် ပတ်လည်မှာ ရှိတဲ့ လူငယ်အရွယ်ပေါ့။ ဘူတာရုံတွေ၊ ကားဂိတ်တွေ၊ သင်္ဘောဂိတ်တွေ၊ စက်လှေဂိတ်တွေကို လူငယ်တွေ မှန်သမျှ မသွားကြတော့ဘူး။ စစ်သားတွေ စောင့်တဲ့အတွက် ခရီးသွားအလာ များတဲ့အခါမှာ လူရှင်းတဲ့နေရာမှာ မသွားတော့ဘူး။ လူရှုပ်တဲ့နေရာ မိဘညီအစ်ကိုမောင်နှမတွေ လာမှသာလျှင်၊ ပါမှသာလျှင် သွားရဲတယ်။ မိဘတိုင်းက သတိထား စောင့်ရှောက်နေရတယ်။ စစ်ထဲကို ဇွတ်ပါသွားမယ့် အခြေအနေမျိုး တွေ့တယ်။”

အခုရက်ပိုင်မှာလည်း မြန်မာတပ်မတော်ကနေ ပဲခူးမြို့နယ် ထုံးကြီးကျေးရွာက လူငယ်တဦးကို အတင်းအဓမ္မ တပ်မတော်ထဲကို ဆွဲသွင်းသွားတယ်လို့လည်း ပြောဆိုသွားပါတယ်။

“အခုဆိုရင် ပဲခူးမြို့နယ် ဘုန်းကြီးကျေးရွာမှာနေတဲ့ ဦးကျော်ဖေရဲ့သား မောင်အောင်အောင်ဟာ လွန်ခဲ့တဲ့ ၄ ရက်လောက်က ဆိုင်ကယ် ကယ်ရီနဲ့ သူငယ်ချင်း လိုက်ပို့တယ်။ မင်္ဂလာဆောင်ပြီးတာမှာ မကြာသေးဘူး။ အခု တပ်က ဆွဲသွားတယ်ဆိုတာ သိလို့။ ဘယ်တပ်ရောက်သွားမှန်း မသိဘူး။ အသက်က ၂၁ နှစ်ပဲ ရှိသေးတယ်။ အဲဒါကို လောလောဆယ် လိုက်လံ စုံစမ်းနေရတယ်။”

မြန်မာတပ်မတော်မှာ တိုက်ခိုက်ရေးအတွက် ခြေလျင်နဲ့ ခြေမြန်တပ်ရင်း ပေါင်း ၅၃၀ တပ်ရင်း ရှိနေပါတယ်။ တပ်ရင်းတရင်းကို တနှစ် အနည်းဆုံး တပ်သားသစ် ၄၈ ဦး စုဆောင်းပေးရမှာ ဖြစ်တဲ့အတွက် တပ်ရင်းပေါင်း ၅၃၀ အတွက် တပ်သားသစ် ၂ သောင်း ၅ ထောင်ကျော်ကို စုဆောင်းပေးရမှာ ဖြစ်ပါတယ်။

မြန်မာတပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများနဲ့ စစ်တိုက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြီးသတ် ချေမှုန်းဖို့အတွက် ရှိရင်း တပ်အင်းအားထက် အင်းအားသစ်တွေ လိုတဲ့အတွက် အခုလို တပ်သားသစ်တွေ အတင်းအဓမ္မ စုဆောင်းဖို့ ညွှန်ကြားတာ ဖြစ်တယ်လို့ နယ်စပ်က စစ်ရေးအကဲအခပ်တွေက သုံးသပ်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013