DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်က လူပျောက်မှု
DVB
·
July 20, 2011
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းမှာ ရဲတွေဝိုင်းရိုက်လို့ ဒဏ်ရာရခဲ့တဲ့ အရပ်သားဟာ ဆေးရုံတက်ရာကနေ အစအန ပျောက်ဆုံးသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဆေးရုံနဲ့ ရဲစခန်းက ဖြေကြားဖို့ ငြင်းဆန်ကြသလို သေဆုံးသွားပြီဆိုတဲ့ ကောလာဟလ ပျံ့နေတာကြောင့် ပျောက်ဆုံးသူရဲ့ အသိုင်းအ၀ိုင်းက စိုးရိမ်ပူပန်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က မတ္တရာမြို့နယ် ယမ်းကုန်လေးကျေးရွာမှာ နေတဲ့ ၂၇ နှစ်အရွယ် ကိုသောင်းဟာ ရေနံ့သာကျေးရွာအုပ်စုက အစ်မထံသွားလည်ရင်း  ရဲအရာရှိဟောင်း တဦးရဲ့သားနဲ့ အရက်မူးရာကနေ အချင်းများပြီး ရဲသုံးယောက်က ၀ိုင်းရိုက်ကြလို့ ဆေးရုံပို့လိုက်ရတာလို့ မျက်မြင် မတ္တရာမြို့ခံတဦးက ပြောပါတယ်။

ရဲတာဝန်ရှိသူတွေက ကိုသောင်းရဲ့ နှုတ်ခမ်းကွဲဒဏ်ရာကို မတ္တရာမြို့နယ် ဆေးရုံမှာ ကုသပေးနေပြီး စိုးရိမ်စရာ မရှိတဲ့အကြောင်း ရပ်ကွက်လူကြီးက တဆင့် မိသားစုထံ အကြောင်းကြားခဲ့ပါတယ်။

အခုလ ၁၂ ရက်နေ့မှာတော့ ကိုသောင်းရဲ့ ယောက်ဖက  ဆေးရုံကို သွားကြည့်ရာမှာ ကိုသောင်းကို မတွေ့ရသလို အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေတာလို့ မတ္တရာမြို့ခံက ပြောပါတယ်။

“လူငယ်သဘာဝအရ အရက်သောက်ပြီး ရန်ဖြစ်ကြတာပေါ့ဗျာ။ ရန်ဖြစ်တဲ့အခါ ရေနံ့သာရဲက အရာခံဗိုလ် အငြိမ်းစား ဦးဝင်းရဲ့သား မောင်ဌေး ဆိုသူနဲ့ ရဲသုံးယောက် ၀ိုင်းရိုက်လိုက်တာ မောင်သောင်းက ဒဏ်ရာ ရသွားတော့ မတ္တရာ ဆေးရုံကို သုံးဘီးကားနဲ့ လိုက်ပို့တယ်။ ဒီအကြောင်းတွေကို ယမ်းကုန်လေး ကျေးရွာမှာ ရှိတဲ့ ရယက ဦးကျော်ပိကို တပ်ကြပ်အောင်ရွှေ (ခ) အောင်စိုးလွင်နဲ့ ရဲအဖွဲ့ ၈ ယောက်တို့က သွားပြီး ဒါကို သတင်းပို့တယ်။ ခင်ဗျားတို့ရွာက မောင်သောင်း အရိုက်ခံရလို့ ဆေးရုံကို ပို့ထားခဲတယ်။ ဘာဒဏ်ရာတွေ ရထားသေးလဲလို့ ဦးကျော်ပိက မေးတဲ့အခါကျတော့ နှုတ်ခမ်းကွဲရုံလောက် တင်ပါလို့ ပြောသွားတာပေါ့ဗျာ။ ဒါကြောင့်မို့လို့ မောင်သောင်းရဲ့ မိဘတွေ ဆွေမျိုးတွေကို ဦးကျော်ပိက နောက်ရက်မှာ ခေါ်ပြီးတော့ အသိပေးတယ်။ ဒဏ်ရာကလည်း နှုတ်ခမ်းကွဲတယ်လို့ပဲ ရဲက ပြောသွားတဲ့အခါကျတော့ မောင်းသောင်းတို့ဘက်ကလည်း ချက်ချင်း မလိုက်ဘူးပေါ့ဗျာ။ တရက် နှစ်ရက်နေမှ ဆေးရုံကို လိုက်တော့ ဆေးရုံမှာ လူနာက မရှိတော့ဘူး။ အခုအချိန်ထိ လူနာက ရှာမတွေ့ဘူး။”

ဒီလူနာပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မတ္တရာဆေးရုံက “အဲဒါ ရဲကို မေးပါ။ ကျနော်တို့ ဘာမှ မပြောနိုင်ပါဘူးခင်ဗျာ။ မေးချင်ရင် ဒီ ဆေးရုံလာမေးပါနော်” လို့ ပြောပါတယ်။

မတ္တရာရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဒီအမှုကို ရေနံ့သာရဲစခန်းက ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ ဖြေပါတယ်။ ရေနံ့သာ ရဲစခန်းကိုတော့ ဆက်သွယ်လို့ မရပါဘူး။

ကိုသောင်း ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး နီးစပ်ရာ မြို့ခံကို လိုက်လံ မေးမြန်းရာမှာတော့ သေဆုံးသွားကြောင်း ကြားသိခဲ့ရပေမယ့် အမှုဖွင့်မရ ဖြစ်နေတယ်လို့ မတ္တရာမြို့ခံက ပြောပါတယ်။

“မြို့ပေါ်မှာ နီးစပ်ရာတွေနဲ့ စုံစမ်းတဲ့အခါမှာ မောင်သောင်းဟာ သေဆုံးသွားပြီလို့ ကြားသိရတဲ့အတွက် မတ္တရာမြို့နယ်က သုသာန်ကို သွားပြီးတော့ သုသာန်စောင့်တွေနဲ့ ဓာတ်ပုံပြပြီး မေးတဲ့အခါမှာ ဟုတ်တယ် ဒီဓာတ်ပုံနဲ့ နီးစပ်တယ်၊ နှုတ်ခမ်းလည်းကွဲတယ်၊ သွားနှစ်ချောင်းလည်းကျိုးတယ်၊ နောက်စေ့လည်း ပေါက်တယ်။ ၁၁ ရက်နေ့ ညနေ ၄ နာရီမှာ လာပြီးတော့ သင်္ဂြိုဟ်သွားတယ်လို့ သုသာန်စောင့်တွေက ပြောလိုက်တယ်။ ဒါပေမယ့် အခုအချိန်ထိ အဲဒါက တရားစွဲလို့လည်း မရ၊ အလောင်းလည်း ဖော်လို့မရ ဖြစ်နေတာပေါ့ဗျာ။ ကာယကံရှင်တွေက သောကတွေ ရောက်နေတာ ဘယ်တိုင်လို့ ဘယ်တိုင်ရမှန်းလည်းမသိ၊ အမှုကလည်း ဖွင့်လို့မရတော့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013