အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတဲ့ စကားလုံးတွေကို သိပ်လူပြောသူပြော များပါတယ်။ နားထောင်လို့လည်း ကောင်းပါတယ်။ သဘောတရားအရတော့ အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာဟာ စနစ်တကျ မတော်မတရားလုပ်မှုတွေနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ဇစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးစနစ်တွေ၊ ပဋိပက္ခတွေနဲ့ တခြား အခြေအနေတွေကို လုံးဝ ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းတွေကို အားကောင်းလာစေဖို့ ဒါမှမဟုတ် ဖန်တီးပေးဖို့နဲ့ခံစားခဲ့ရတဲ့ သားကောင်တွေ ကိုရင်းစားပြန်ပေးဖို့ အားထုတ်ကြိုးပမ်းတဲ့ နည်းလမ်းတခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အသွင်ကူပြောင်းရေးကာလ တရားမျှတမှုက စနစ်တကျ ဒါမှမဟုတ် အကြီးအကျယ် မတော်မတရားလုပ်မှုတွေရဲ့အမွေဆိုးတွေကို ကိုင်တွယ် ဆောင်ရွက်ရာမှာ ဦးတည်ချက် ၂ မျိုး ရှိတယ်ဆိုတာကို အသိအမှတ်ပြုထားပါတယ်။ ပထမတခုက ခံစားခဲ့ရတဲ့ သားကောင်းတွေအတွက် အတိုင်းအတာတခုထိ တရားမျှတမှု ရရှိစေဖို့နဲ့ ဒုတိယ တခုကတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ပြန်လည်သင့်မြတ်ရေးတွေ ရရှိလာဖို့ ဖြစ်နိုင်ချေတွေကို အားကောင်း လာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ဒီ အချက် ၂ ခုကိုရရှိဖို့ ဆိုရင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုက ရာဇ၀တ်မှုဆိုင်ရာ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ တရားမျှတမှု အခြေခံအချက်တွေကို ပေါင်းစပ် စီရင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ တရားမျှတမှုရဲ့ အထူးပုံသဏ္ဍန်တခု မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပုံမှန်လိုဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေမှာ အသွင်ကူးပြောင်းနေတဲ့အချိန်တခုရဲ့ ထူးခြားတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ရှိမယ့် တရားမျှတမှုပဲ ဖြစ်ပါတယ်။ တချို့ အခြေအနေတွေမှာ ဒီင်္ပြောင်းလဲမှုတွေဟာ ရုတ်တရက် ဖြစ်ပြီး မြင်သာထင်ရှားနဲ့ နက်နဲတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ တခြားအခြေအနေတွေ မှာတော့ အဲဒါဟာ ဆယ်စုနှစ်တွေ အများကြီးကြာသွားနိုင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာဟာ အဓိကအားဖြင့် လက်တင် အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ၁၉၈၀ စုနှစ်နဲ့ ၉၀ စုနှစ်တွေ အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးကူးပြောင်းမှုတွေအတွက် ဖြေရှင်းမှု တခုအနေနဲ့ ပထမဆုံး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကူးပြောင်းမှုကာလတွေအတွင်း တရားမျှတမှု တောင်းဆိုတာတွေက ရှေ့တန်းရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားလှုပ်ရှားသူတွေက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလည်း လမ်းချော်တိမ်းပါး မသွားပဲ အားကောင်းနေရအောင်  အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်အစိုးရတွေရဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်ရအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကျ ရှိခဲ့ကြပါတယ်။ အဲဒီလို ပြောင်းလဲမှုတွေကို အများက “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” လို့ ခေါ်ခဲ့ကြပြီး  ခုတော့ လူတွေက ပညာရပ်နယ်ပယ်စုံ ဝေါဟာရတရပ်သစ်တခုအဖြစ် “ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု” ဒါမှမဟုတ် “အသွင်ကူးပြောင်းရေးကာလများအတွက် တရားမျှတမှု” လို့ ခေါ်ဆိုလာကြပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုက အစိုးရ မှတ်တမ်းမှတ်ရာတွေကို ဖွင့်ထုတ်ဖော်ပြတာ၊ တရားဝင် အမှန်တရားဖော်ထုတ်ရေး ကော်မရှင်တွေ ဖွဲ့စည်းတာမျိုးတွေ၊ ခံစားခဲ့ရတဲ့ သားကောင်တွေအတွက် လျော်ကြေးပေးရေး အစီအစဉ်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မေးမြန်း စုံစမ်း စစ်ဆေးတာမျိုးလို အမှန်တရားပြောဆိုမှု၊ စဦးဆောင်ရွက်မှုတွေနဲ့ အာဏာရှင် အစိုးရခေါင်းဆောင်တွေကို တရားစွဲဆိုတာမျိုးအပါအ၀င် ကိုင်တွယ်ဆောင်ရွက်မှုမျိုးတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာက စနစ်တကျ ဒါမှမဟုတ် အကြီးအကျယ် မတော်မတရားလုပ်မှုတွေကို ကိုင်တွယ်ရာမှာ ထူးခြားတဲ့ ရှေ့နောက်ချဉ်းကပ် ကြည့်ရှု့လေ့လာမှု၊ လိုအပ်မှုကို အသိအမှတ်ပြုတဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီတရားမျှတမှုဟာ ခံစားခဲ့ရတဲ့ သားကောင်တွေရဲ့ ဂုဏ်သိက္ခာကို ထိမ်းသိမ်းပေးရုံသာမဟုတ်ဘဲ နောင်လာမယ့် အနာဂတ်မှာ အလားတူ သားကောင် အဖြစ်ခံရမယ့် အခြေအနေမျိုး မဖြစ်ရအောင်အကာအကွယ်ပေဖို့လည်း ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ ရေရှည်ရည်မှန်းချက်ချက်တွေကတော့ စနစ်တကျ ဒါမှ မဟုတ် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ဒီအခြေအနေတွေက အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတဲ့အမြင်နဲ့ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေးနဲ့ ပြန်လည် သင့်မြတ်ရေးတွေကို တိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုကတော့ နယ်ပယ်အမျိုးမျိုးအထွေထွေ ဖြစ်လာပါပြီ။ ဒီတရားမျှတမှု ကြီးထွားလာတဲ့အချိန်မှာပဲ လူမှုတရားမျှတမှု ဆိုတဲ့ ဘုံအခြေခံတရပ်ကို တွေ့ရှိလာခဲ့ပြီ ဖြစ်သလို ပဋိပက္ခ အဖြေရှာရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ သမိုင်းဆိုင်ရာအမှတ်ရစရာ စတဲ့ နယ်ပယ်တွေလည်း အပါအ၀င်ဖြစ်လာခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ နေရာရွှေ့ပြောင်း နေထိုင်စေတာတွေ၊ စစ်သားဟောင်းတွေကို လူ့အဖွဲ့အစည်းအတွင်း ပြန်လည်နေရာချထားပေး တာတွေ၊ လူ့အဖွဲ့အစည်းတွေအကြား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်တာတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ တရားမျှတမှုရဲ့ အခန်းကဏ္ဍစတာတွေဟာ အသွင်ကူးပြောင်းကာလ တရားမျှတမှု လှုပ်ရှားဆောင်ရွက်နေသူတွေအတွက် ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီတဲ့ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ စစ်သားဟောင်း အဆင့်ဆင့်တွေကြားမှာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေအတွက် ကျူးလွန်သူ ဒါမှမဟုတ် ကြိုးကိုင်စေခိုင်းသူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒုတိယနဲ့ ယေဘုယျအနေနဲ့ ခံခဲ့ရတဲ့ သားကောင်တွေ အနေနဲ့ သူတို့ဘ၀ ပြန်လည်တည်ဆောက်ဖို့ မဆိုစလောက်ပဲ အကူအညီရတာ ဒါမှမဟုတ် လုံးဝ မရ တာမျိုးဖြစ်နေတဲ့ အချိန်မှာ စစ်သားဟောင်းတွေကတော့ သူတို့လက်နက်စွန့်လာအောင် မက်လုံးဖြစ်တဲ့ ငွေကြေး ရရှိတာ အလုပ်အကိုင်အတွက် လေ့ကျင့်သင်ကြားပေးတာ ခံရတာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒီလို မညီမျှမှုတွေဟာ ကိုယ်ကျင့်တရားအရ ဆိုးဝါးလွန်းရုံသာမကပဲ အသိပညာမဲ့ရာလည်ကျတယ်လို့ ဆိုရပါမယ်။ အဲဒါတွေဟာ စိတ်ပျက် ဒေါသထွက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး စစ်သားဟောင်းတွေကို ပြန်ပြီး လက်ခံရမယ့် လူ့အဖွဲ့အစည်း တွေကို လက်တွန့်နှောင့်နှေးသွားစေနိုင်သလို ပဋိပက္ခအလွန် တည်ငြိမ်မှုရရှိရေးအတွက်လည်း ခြိမ်းခြောက်မှု ဖြစ် လာစေနိုင်ပါတယ်။ ဒီအသွင်ကူးပြောင်းရေးကာာလ တရားမျှတမှုနယ်ပယ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလ အတွင်း အမျိုးမျိုးပြောင်းလဲ ကျယ်ပြန့်လာနေတဲ့အချိန်မှာပဲ အပြည်ပြည်ဆိုင်ရာ တရားဥပဒေအတွက် အရေးကြီးတဲ့ အခြေခံတခု အဖြစ်လည်း ဖွံဖြိုးတိုးတက်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်အတွင်းက အမှုတခုကို စီရင်ရာမှာ အမေရိကန် ပြည်တွင်းတရားရုံးတခုက ပြည်နယ်အားလုံးမှာ ရှိရမယ့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံတရား ဒါမှမဟုတ် အနည်းဆုံး ထားရှိရမယ့် တာဝန်ရှိမှု ၄ ခုကို တွေ့ရှိသွားခဲ့ပါတယ်။ အဲဒါတွေကတော့ -
  • လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ဖို့ ကြောင်းကျိုးတကျရှိတဲ့ အဆင့်တွေလုပ်ဖို့။
  • လူ့အခွင့်အရေးချိုးဖောက်မှုတွေ  ဖြစ်လာတဲ့အချိန်မှာ ချိုးဖောက်မှုတွေကို အလေးအနက်စုံစမ်း
စစ်ဆေးဖို့။
  • ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူသူတွေအပေါ်သင့်လျော်တဲ့ အရေးယူမှုတွေ ချမှတ်ဆောင်
ရွက်ဖို့။
  • ချိုးဖောက်ခံရတဲ့ သားကောင်တွေအတွက် လျော်ကြေးပေးအပ်ဖို့။ဆိုတဲ့ အခြေခံ တာဝန်ရှိမှုတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီအချက်တွေကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပဋိပက္ခ ကာလနဲ့ ပဋိပက္ခလွန်ကာလ ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအစီရင်ခံစာ (၂၀၀၄) မှာ ထည့်သွင်း ဖော်ပြလာတာ တွေ့ရပါတယ်။
၁၉၈၈ ခုနှစ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး စတင် တည်ထောင်လိုက်မှုမှာလည်း ခံစားရသူ သားကောင်တွေရဲ့အခွင့်အရေး ကို လေးစားဖို့နဲ့ အပြစ်ရှိရဲ့သားနဲ့ အပြစ်ပေးမခံရဘဲ လွတ်ကင်းနေမှု မရှိစေရေးတွေဟာ တရားရုံးရဲ့ စည်းမျဉ်းဥပဒေ ဖြစ်လာတဲ့အတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍ တခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသွင်ကူးပြောင်းရေးနဲ့ ဆက်စပ် အကြောင်းအရာတွေမှာ ကိုယ်ကျင့်တရားဆိုင်ရာ၊ တရားဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ အမြဲလိုလို ပါဝင်ပတ်သက်နေတဲ့အတွက် စနစ်တကျု ဒါမှမဟုတ် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရှိလာခဲ့ပြီး နိုင်ငံရေးအရ သိပ်အကဲဆတ်တဲ့ ပြသနာ၊ လက်တွေ့အရ လုပ်ဆောင်ဖို့ ခက်ခဲတဲ့ ပြသနာ တခု ဖြစ်လာခဲ့ပါတယ်။ အာဏာ ရဲ့ နိုင်ငံရေး အရ ဟန်ချက်ညီမှုဟာ နူးညံ့သိမ်မွေ့ပြီး အနိုင်ရလာတဲ့ အစိုးရ တွေ အတွက် ကျယ်ပြန့်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး ဆောင်ရွက်ဖို့ သိပ်စိတ်လိုလက်ရ မရှိတတ်ကြဘူးလို့ ဆိုပါတယ်။ ဘာလို့ဆိုတော့ ကိုင်တွယ်တဲ့ အစိုးရရဲ့ ကိုယ်ပိုင်တည်ငြိမ်ရေးအတွက်လည်း အန္တရာယ်ရှိလာနိုင်တဲ့အတွက် ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ် ပြခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များလာတဲ့အချိန်မှာတော့ ရာဇ၀တ်မှုဆိုင်ရာ တရားမျှတမှုဟာ အဓိက အခန်းကဏ္ဍ ကို ရောက်လာတတ်ပါတယ်။ အဲဒီ ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ကိုင်တွယ် ထိမ်းချုပ်ဖို့ လိုအပ်လာတဲ့အတွက် အဲဒီ တရားမျှတမှုဟာ ဘက် ၂ ဘက်စလုံးအတွက် အရေးကြီးလာတယ်လို့ ဆိုရပါမယ်။ ဒီ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ ခုကျနော်တို့နိုင်ငံအတွက်လည်း အရေးကြီးတဲ့ အနေအထားကို ရောက်လာပါပြီ။ စစ်အစိုးရ အဆက်ဆက် ကျူးလွန်ခဲ့တဲ့ စနစ်တကျ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇ၀တ်မှုတွေမှာ ခံစားခဲ့ရတဲ့ သားကောင်းတွေအတွက် တရားမျှတမှု ပြန်ပေးရေးဟာ အရေးကြီးပါတယ်။ အဲဒီချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့၊ တာဝန်ရှိခဲ့တဲ့သူတွေကို ကျူးလွန်တာ သေချာ၊ တာဝန်ရှိတာ သေချာတယ်ဆိုရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်အပြစ်ပေးမှပဲ တရားမျှတမှု ပြန်ရလာမှာ ဖြစ်ပါတယ်။ အပြစ်အကြီးအသေး၊ တာဝန်ရှိမှု အကြီးအသေးအရ ပြစ်ဒဏ်တွေ အကြီးအသေး ကွာခြားမှု ရှိမှာ ဖြစ်ပေမယ့် အပြစ် ကျူးလွန်ထားရဲ့နဲ့ အပြစ်ရှိနေပါရဲ့ အပြစ်ပေးမခံရဘဲ လွှတ်ကင်းနေတာ မျိုးကတော့ လုံးဝ ရှိလို့ မဖြစ်ပါဘူး။ ဒါဟာ တရားမျှတမှု ပြန်လည်ရရှိရေး၊ ချိန်ခွင်လျှာ ပြန်လည် တည့်မတ်ရေး ပဲ ဖြစ်ပါတယ်။ မတရားမှုတွေ အတွက် တရားမျှတမှုကို ပြန်လည်တောင်းဆိုခွင့်ဟာ ပြည်သူလူထုရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ စိုးနေလင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up