DVB Logo
Home
မြန်မာသတင်း
ကချင်ဒေသ တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ အနည်းဆုံး ဗိုလ်မှူး သုံးဦး ကျဆုံး
DVB
·
July 20, 2011
ကချင်ဒေသ တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ အနည်းဆုံး ဗိုလ်မှူး သုံးဦး ကျဆုံး
Donate to DVB

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်မှ အနည်းဆုံး ဗိုလ်မှူး ၃ ဦး ကျဆုံးသွားတယ်လို့ စစ်ဖက်သတင်းရပ်ကွက်တွေအရ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တဲ့ တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီး၊ ဆန်ဂါဒေသတိုက်ပွဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခမရ ၄၃၇ က ဗိုလ်မှူး အောင်မြင့်မြတ် ကျဆုံးခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် (၁၆၊ ၁၇) ရက်တွေအတွင်း  ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ မိုးမောက်မြို့နယ် နန့်ဆန်ယန်-အောင်ဂျာယန် တိုက်ပွဲတွေအတွင်း မပခ လက်အောက်ခံ မြစ်ကြီးနား အခြေစိုက် ခလရ ၂၁ က စစ်ကြောင်းမှူး  ဗိုလ်မှူး အောင်ခိုင်ဝင်း ကျဆုံးသွားပြီး ဒီကနေ့အထိ သူ့အလောင်းကို မြန်မာစစ်တပ်ဘက်က လာရောက် မကောက်ယူနိုင်သေးပါဘူး။

ဇူလိုင်လ ၁၉ ရက်နေ့က မံစီမြို့နယ်အတွင်း ကေအိုင်အေတပ်ရင်း ၁၂ နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း မပခလက်အောက်ခံ မိုးမိတ်အခြေစိုက် ခမရ ၃၄၈ က စစ်ကြောင်းမှူး ဗိုလ်မှူးတဦး ထပ်မံကျဆုံးသွားတယ်လို့ ကေအိုင်အေ သတင်းရပ်ကွက်အရ သိရပါတယ်။

မနေ့က တိုက်ပွဲမှာ ခမရ ၃၄၈ က  ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို တိုက်ပွဲအတွင်း အဖမ်းခံရတဲ့ ကေအိုင်အေ ရဲဘော်တဦးကိုလည်း မြန်မာစစ်တပ်ဘက်က သတ်ဖြတ်ခဲ့တယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မံစီမြို့နယ်၊ မုံးခေါင်မှာ ရင်း ၁၂ ကို ထိုးစစ်ဆင်တာ အစိုးရဘက်က စစ်ကြောင်းမှူး၊ ဗိုလ်မှူးတဲ့ တိုက်ပွဲမှာ ကျသွားတယ်။ သူတို့ခန့်မှန်းတာက (၁ဝ၊ ၂ဝ) လောက် ကျတယ်ပြောတယ် အစိုးရဘက်က။ ကေအိုင်အေဘက်က တဦးက တိုက်ပွဲဖြစ်ရင်းနဲ့ အဖမ်းခံရတာ။ ရွာသားတွေအရှေ့မှာ ဓားနဲ့ ခုတ်သတ်တယ် ပြောတယ်။ ရွာသားတွေက ဒီဘက်ကို ပြန်အကြောင်းကြားခဲ့တာ။”

မြန်မာစစ်တပ်ဘက်က အခုလို အရာရှိတွေ အပါအဝင် ထိခိုက်ကျဆုံးမှုတွေ များလာနေသလို သုံ့ပန်းအဖြစ် အဖမ်းခံရတာတွေလည်း ရှိနေချိန်မှာ မပခအနေနဲ့ ကေအိုင်အေ အပေါ် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အမြောက် တပ်ရင်းတွေ ထပ်မံပို့ဆောင်နေသလို ကျေးရွာတွေအတွင်း ပေါ်တာဆွဲမှုတွေ လုပ်ကာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေကြောင်း လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013