DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေအဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်၊ လက်နက်များ သိမ်းဆည်းရမိ
DVB
·
July 19, 2011
ကေအိုင်အေအဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်၊ လက်နက်များ သိမ်းဆည်းရမိ
Donate to DVB

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က နယ်မြေရှင်းလင်းရေးတွေ လုပ်နေရာမှာ လက်နက်ကြီး၊ လက်နက်ငယ် အတော်များများ သိမ်းဆည်း ရမိခဲ့တယ်လို့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင်​ ၁၆​ နေ့ နေ့လယ်ပိုင်းက ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ မိုးမောက်မြို့​နယ်အတွင်းက အောင်ဂျာယန်နဲ့ ခါရာကျေးရွာ အကြား မြန်မာစစ်တပ် ခလရ ၂၁ နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ရာ ဒေသကို နယ်မြေရှင်းလင်းရေး လုပ်နေတာ ဖြစ်ပါတယ်။

စက်လတ် ၆ဝ မမ မော်တာအပါအဝင် လက်နက်ငယ်တွေ အတော်များများ တိုက်ပွဲခွင်ထဲကနေ ရှာဖွေသိမ်းဆည်းနိုင်ခဲ့သလို သေဆုံးနေတဲ့ စစ်သားတွေလည်း အတော်များများရှိနေကြောင်း ကေအိုင်အေနဲ့ နီးစပ်သူက ပြောပါတယ်။

“စက်လတ်ကြီးက ၂ လက်၊ မော်တာ ၂ လက်၊ ကျန်တဲ့ လက်နက်ငယ်တွေက တော်တော်များတယ်။ ကားတစီးတိုက်စာလို့ ပြောတယ်။ အခုလိုက် ကောက်နေတုန်းတဲ့။ အောင်ဂျာယန်နဲ့ ခါယာ ကြားထဲမှာ သူတို့ တိုက်ပွဲဖြစ်တဲ့ နေရာပေါ့၊ လက်နက် လိုက်ကောက်ရင်းနဲ့ တချို့ဆိုရင် ဒဏ်ရာ မရှိဘဲနဲ့ သေနေတာ တွေ့ရတယ်တဲ့။ စနေ့နေ့ကတည်းက ဆိုတော့ ဒီနေ့ အင်္ဂါဆိုတော့ လေးရက်ရှိပြီ။ ထမင်းငတ်လို့၊ အစာငတ်လို့ သေတာလည်း ဖြစ်မှာပေါ့။ အများကြီးပဲတဲ့။ အခုက အလောင်းက မကောက်ရသေးဘူး။ လက်နက်တွေ လိုက်သိမ်းနေတယ် ပြောတယ်။ ရှင်းလင်းရေး လုပ်နေတာပေါ့။”

အစောပိုင်းရက်တွေကလည်း ဆက်သွယ်ရေး စက်တလုံးနဲ့ လက်နက်ငယ် တွေကို ကေအိုင်အေတပ်ဖွဲ့က စစ်သုံ့ပန်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ခဲ့တာကတော့ မြစ်ကြီးနား အခြေစိုက် ခလရ (၂၁) က ဖြစ်ပြီး ကေအိုင်အေတပ်ဖွဲ့က အဲဒီစစ်ကြောင်း ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သလို တဖက်က စစ်ကူတွေ မလာရောက် နိုင်အောင်လည်း ကြားဖြတ် တိုက်ခိုက်တာတွေရှိခဲ့လို့ ခလရ ၂၁ ရဲ့ စစ်ကြောင်း တခုလုံး ကစဥ့်ကလျားဖြစ်ကာ သေကျေထိခိုက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ကလည်း ခလရ ၂၁ က ဒဏ်ရာရထားတဲ့ စစ်သည် ၂ ဦးကို လိုင်ဇာကို ခေါ်ယူလာခဲ့လို့ အခုဆိုရင် မြန်မာစစ်တပ်က ဗိုလ်ကြီးတဦး အပါအဝင် အနည်းဆုံး စစ်သည် ၈ ဦး စစ်သုံ့ပန်းအဖြစ် လိုင်ဇာမှာ ဖမ်းဆီးရမိထားပါတယ်။

ဒါ့အပြင် ကားသမားလို့ ဝန်ခံထားတဲ့ အရပ်ဝတ် ၃ ဦးကိုလည်း တိုက်ပွဲဖြစ်ရာ ဒေသအတွင်း တွေ့ရလို့ အဲဒီ ၃ ဦးကိုလည်း လိုင်ဇာကို ခေါ်ယူထားတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013