Home
မြန်မာသတင်း
လိပ်ကျွန်းအမှုပြန်စစ်ဆေးပါက မြန်မာနိုင်ငံမှ ဥပဒေ၊ မှုခင်းနှင့် ဆေးပညာရှင်များ ပူးတွဲဆောင်ရွက်မည်
နန်းမြနဒီ
·
December 30, 2015
မြန်မာအလုပ်သမားလူငယ် ၂ ဦး သေဒဏ်အပြစ်ပေးခံရတဲ့ လိပ်ကျွန်းအမှုကို အယူခံဝင်ပြီး ပြန်လည်စစ်ဆေးခွင့်ရခဲ့ရင် မြန်မာနိုင်ငံက  ဥပဒေပညာရှင်၊ မှုခင်းပညာရှင်၊ ဆေးပညာ ရှင်တွေ ပါ  ပူးတွဲဆောင်ရွက်ခွင့်ရှိမယ်လို့ ထိုင်းရှေ့နေများကောင်စီက ပြောပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းရှေ့နေများကောင်စီ၊ အများပြည်သူဆိုင်ရာ ဥပဒေ ရေးရာကူညီရေးကော်မတီနဲ့ တွေ့ဆုံစဉ် ရှေ့နေကောင်စီဘက်က ပြောခဲ့တာလို့ အမှုမှာပါဝင် ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဒီဗွီဘီ ကို ပြောပါတယ်။ “ကျနော်တို့ မြန်မာပြည်ကလည်း ဒီအမှုနဲ့ပတ်သက်လို့ ဥပဒေပညာရှင်၊ မှုခင်းပညာရှင်၊ ဆေးပညာရှင်တွေကို ပူးတွဲပြီးတော့ ဆောင်ရွက်ဖို့အတွက် ခွင့်ပြုပေးမယ်လို့ သူတို့ဘက်က ပြော လာပါတယ်။ ဒါကြောင့် အဲဒီကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လာမယ့်ဆယ်ရက် အတွင်း ပြန်လည်ညှိနှိုင်းဖို့ လုပ်ထားတယ်။ လိုအပ်တာပြင်ဆင်ဖို့ ကျနော်နဲ့ ဦးကျော်သောင်းကလည်း ဒီရက်ပိုင်းအတွင်း မြန်မာပြည်ပြန်ဖို့ ရှိပါတယ်။” ထိုင်းရှေ့နေများကောင်စီနဲ့  မြန်မာသံအမတ်ကြီး၊ သံရုံးအထူးအဖွဲ့ဝင်တို့ဟာ လိပ်ကျွန်းအမှု အယူခံဝင်ဖို့အတွက်  ညှိနှိုင်းခဲ့ကြရာမှာ ထိုင်းရှေ့နေများကောင်စီဘက်က အမှုသွားအမှုလာနဲ့ ပတ်သက်လို့ ပြန်ပြီးရှင်းပြခဲ့သလို အယူခံဝင်တဲ့အခါ အခြေခံတရားရုံးမှာတင်ပြခဲ့တာတွေထက် ပိုပြီးခိုင်လုံတဲ့ အချက်အလက်သက်သေတွေ တင်ပြရမှာဖြစ်ကြောင်း၊ ဒါကြောင့် အမှုတွဲတခု လုံးရဲ့ အားနည်းချက် အားသာချက်တွေ ပြန်လည်ဖွေရှာခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။ လောလောဆယ် အယူခံတင်ဖို့ အချက်အလက်တွေ စုထားပြီးဖြစ်ကြောင်း၊ အယူခံတင်ကို တလအတွင်း တင်သွင်းလို့ရပေမယ့် လိုအပ်ရင် တစ်လ နှစ်လ အချိန်ထပ်တိုးလို့ရတာကြောင့် သက်သေတွေထပ်ဖြည့်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ ယခင်ကလည်း ၀င်းနဲ့ဇော်တို့ဘက်ကနေ ထွက်ဆိုပေးမယ့် မျက်မြင်သက်သေတွေရှိပေမယ့် သူတို့တွေဟာ ထိုင်းနိုင်ငံကတရားမ၀င် အလုပ်သမားဖြစ်နေတာကြောင့် အရေးယူခံရမှာ စိုးရိမ် တာက တကြောင်း၊ စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့လိုတာကတကြောင်း တကယ်တမ်း လာရမယ့်အချိန်မှာ ရောက်မလာဘဲ ပျက်ကွက်ခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။ သူတို့ဘက်က တင်ပြမယ့်သက်သေပစ္စည်းဟာ အဖြူအမည်း သဲကွဲရင်သော်လည်းကောင်း၊ မျက်မြင်သက်သေတွေ နောက်ထပ်ပေါ်လာရင်သော်လည်းကောင်း ဒါတွေအကြောင်းပြပြီး အမှုကို ပြန်လည်စစ်ဆေးပေးဖို့ ဥပဒေအရတောင်းဆိုခွင့်ရှိတယ်လို့ ဦးအောင်မျိုးသန့်က ပြော သွား ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း  ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း)မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အဲဒီကျွန်းပေါ်မှာ အလုပ်သွားလုပ်တဲ့ မြန်မာလူငယ် ၂ ဦးကို ကော်ဆမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သေဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ကော်ဆမွီခရိုင်တရားရုံးဟာ သက်သေမခိုင်လုံဘဲ ပြစ်ဒဏ်ချမှတ်တယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်မှာ ပြောဆိုဝေဘန်နေကြပြီး တရားစီရင်မှုကို ပြန်လည်သုံးသပ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုခဲ့သလို ပြည်သူတွေကြားက  ဆန္ဒပြတောင်းဆိုမှုတွေလည်း မြန်မာပြည်အ၀ှန်းမှာ ပျံ့နှံ့နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024