A d v e r t i s e m e n t With Us

အစဉ်ထာဝရ ဂုဏ်ယူ​နေရမယ့်​ အာဇာနည် ပုဂ္ဂိုလ်မြတ်

ဒီက​နေ့​ဟာ မြန်မာနိုင်ငံရဲ့​ သမိုင်း​မှာ နစ်နာဆုံး​ရှုံး​ အကြီး​မား​ဆုံး​နဲ့​ ရင်နင့်​ကြေကွဲစရာ နှမြောတသစရာ အ​ကောင်း​ဆုံး​နေ့​ ဖြစ်ပါတယ်။ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၆၄ နှစ်က ဒီ​နေ့​ဒီရက်မှာ မြန်မာနိုင်ငံရဲ့​ အမျိုး​သား​ခေါင်း​ဆောင်ကြီး​ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ တကွ အာဇာနည်ပုဂ္ဂိုလ်ကြီး​ ၈ ဦး​ဟာ လက်နက်ကိုင် အကြမ်း​ဖက်သမား​တွေရဲ့​ လုပ်ကြံမှု​ကြောင့်​ အသက်ဆုံး​ရှုံး​ခဲ့​ရပါတယ်။ ဒီလိုတိုင်း​ပြည်အတွက် အသက်စွန့်​လွှတ်သွား​ခဲ့​ရတဲ့​ ပုဂ္ဂိုလ်ကြီး​များ​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ဇူလိုင်လ ၁၉ ရက်​နေ့​ကို အာဇာနည်​နေ့​လို့​ အစဉ်အဆက် သတ်မှတ်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ၁၉၈၈ ခုနှစ်မှာ လက်ရှိ စစ်အစိုး​ရက အာဏာသိမ်း​ယူလိုက်တဲ့​ အချိန်ကစပြီး​ ယ​နေ့​အထိ အာဇာနည်​နေ့​ကို အလွန်အ​ရေး​ပါတဲ့​ အမျိုး​သား​ရေး​ဆိုင်ရာ ​နေ့​တ​နေ့​အဖြစ် မကျင်း​ပ​တော့​သလို အာဇာနည် ​ခေါင်း​ဆောင်ကြီး​များ​ရဲ့​ အ​ကြောင်း​ကိုလည်း​ အများ​ပြည်သူသိ​အောင် ​ဟော​ပြော​ရေး​သား​ အသံလွှင့်​တာမျိုး​တွေ ဆုတ်ယုတ် ​လျော့​ပါး​လာပါတယ်။ အထူး​သဖြင့်​ လက်ရှိ မြန်မာ့​တပ်မ​တော်ကို တည်​ထောင်ခဲ့​သူလည်း​ဖြစ်၊​ လွတ်လပ်​ရေး​ ဗိသုကာကြီး​လည်း​ဖြစ်တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ အ​ကြောင်း​ကို ​ဟော​ပြော ​ရေး​သား​တာမျိုး​တွေ လုပ်ခွင့်​မပြု​တော့​ပါဘူး​။ စာသင်​ကျောင်း​များ​၊​ တက္ကသိုလ်​ကျောင်း​များ​မှာလည်း​ ​ဟော​ပြောဖို့​ မဆိုထား​နဲ့​ သု​တေသန စာတမ်း​လုပ်ဖို့​ ​လေ့​လာခွင့်​တောင် မပြု​တော့​ပါဘူး​။ ဒါ​ကြောင့်​လည်း​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ရုပ်ပုံလွှာဟာ အများ​ပြည်သူရဲ့​ မျက်​မှောက်က​နေ ​ပျောက်ကွယ်သ​လောက် ဖြစ်​နေခဲ့​ပါတယ်။ တကယ်​တော့​ ဗိုလ်ချုပ်​အောင်ဆန်း​ဟာ ကျ​နော်တို့​ မြန်မာနိုင်ငံသူ၊​ နိုင်ငံသား​များ​အ​နေနဲ့​ အစဉ်အမြဲ သတိရ​နေရမယ့်​ ​ကျေး​ဇူး​ရှင်တပါး​ ဖြစ်သလို အစဉ်ထာဝရ ဂုဏ်ယူ​နေရမယ့်​ အာဇာနည် ပုဂ္ဂိုလ်မြတ်တပါး​ ဖြစ်​နေပါတယ်။ ဒါ​ကြောင့်​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ဂုဏ်​ကျေး​ဇူး​ကို ပြန်လည်​ဖော်ကျူး​တဲ့​အ​နေနဲ့​ အခုအစီအစဉ်ကို တင်ဆက်လိုက်ခြင်း​ ဖြစ်ပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​ဟာ လက်နက်ကိုင် အကြမ်း​ဖက်သမား​တွေရဲ့​ လုပ်ကြံခံရမှု သက်သက်နဲ့​ အာဇာနည် ဘွဲ့​ထူး​ကို ရခဲ့​တာ မဟုတ်ပါဘူး​။ အသက် ၁၈ နှစ်အရွယ် ၁၉၃၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ​ရောက်တဲ့​အချိန်ကစပြီး​ ၁၉၄၇ ခုနှစ်၊​ လုပ်ကြံခံရတဲ့​အချိန်ထိ ​ကျောင်း​သား​ခေါင်း​ဆောင်ဘဝ၊​ တပ်မ​တော် ​ခေါင်း​ဆောင်ဘဝ၊​ နိုင်ငံ​ရေး​ခေါင်း​ဆောင် ဘဝ​တွေမှာ တ​လျှောက်လုံး​ နိုင်ငံအတွက် စွန့်​လွှတ်စွန့်​စား​ ​ဆောင်ရွက်ခဲ့​တဲ့​သူ တဦး​ပါ။ ဒီလို​ခေါင်း​ဆောင်​ကောင်း​ တ​ယောက်ဖြစ်​အောင် ဖန်တီး​ပေး​တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ အရည်အချင်း​နဲ့​ ပတ်သက်ပြီး​တော့​ သူနဲ့​အတူ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်း​ပူး​ခဲ့​တဲ့​ စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာက ဒီလို​ပြောကြား​ပါတယ်။ “လူငယ်​တွေက​တော့​ အ​သေး​စိတ် သိချင်မှသိမယ်။ ကို​အောင်ဆန်း​ကို ကျ​နော် ခံစား​မိတာက ရိုး​သား​တယ်။ အဲဒါ ရှား​တဲ့​အရည်အချင်း​ပဲ။ ကျ​နော်​တွေ့​ဖူး​တဲ့​ လူ​တွေထဲမှာ ရိုး​သား​တဲ့​နေရာမှာ ထင်ရှား​တယ်။ အဲဒီတုန်း​က​တော့​ နာမည် သိပ်မရှိ​သေး​ပါဘူး​။ ဂျပန်မှာ မြန်မာ့​လွတ်လပ်​ရေး​ တပ်မ​တော်ဖွဲ့​တော့​ နာမည်ရှိလာတာ​ပေါ့​ဗျာ။ အဲ​တော့​ သူက ဂန္ဒီစာချုပ်ချုပ်ပြီး​တော့​ သူ့​ကို ​မောင့်​ဘက်တန်က အ​ရှေ့​တောင်အာရှ စစ်​သေနာပတိ ထင်တယ်။ အဲဒီတုန်း​က လွတ်လပ်​ရေး​ မရ​သေး​ဘူး​။ သူ့​ကိုအင်္ဂလိပ်လို Deputy Inspector General လို့​ခေါ်တယ်။ မြန်မာလိုပြန်လိုက်​တော့​ ဒုတိယ စစ်​သေနာပတိ​ပေါ့​။ သူက စာပြန်လိုက်တယ်။ အဲဒီစာက ​ဒေါက်တာ​မောင်​မောင်ရဲ့​ Aung San of Burma ထဲမှာလည်း​ ပါတယ်။ သူကအဲဒါကို လက်မခံဘူး​။ သူကနိုင်ငံ​ရေး​လုပ်မှာမို့​လို့​ အဲဒီရာထူး​ မယူပါရ​စေနဲ့​ ဆိုပြီး​တော့​ ​မောင့်​ဘက်တန်ကို ​ပေး​တဲ့​စာထဲမှာ အတိအလင်း​ ပါတာပဲ။ ကျ​နော် အကဲခတ်ရသ​လောက်​တော့​ သူက နိုင်ငံ​ရေး​လုပ်ရင် စစ်တပ်မှာ မလုပ်​စေချင်ဘူး​လို့​ ယူဆတယ် ထင်တယ်။ စစ်တပ်ကို အသုံး​ချပြီး​တော့​ နိုင်ငံ​ရေး​လုပ်တာကို သူက ကြိုက်ပုံမရဘူး​။ ဒါ​ကြောင့်​ သူကထွက်တာပဲ။ ကို​အောင်ဆန်း​က ရိုး​တယ်ဗျ။ အဲဒါ​တော့​ ကျ​နော်လက်ခံထား​တယ်။ ထူး​ခြား​တယ်။ ​နောက် နိုင်ငံ​ရေး​ကိုပဲ စိုက်စိုက်မတ်မတ် လုပ်မယ်ဆိုတဲ့​ စိတ်ဓာတ်​တော့​ရှိတယ်။ ရား​ထူး​တွေ ဘာ​တွေ မမက်ဘူး​။” ခေါင်း​ဆောင်​ကောင်း​ တ​ယောက်အ​နေနဲ့​ တခြား​ဂုဏ်ရည်များ​၊​ ရှိ​နေ​သေး​ကြောင်း​ကို​တော့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ လက်​အောက်မှာ တာဝန် ထမ်း​ဆောင်ခဲ့​ဖူး​တဲ့​ ဗိုလ်မှူး​ကြီး​ဟောင်း​ လွန်း​တင်က အခုလို ​ပြောပြပါတယ်။ “ပဲခူး​ရိုး​မ​ကြောကို ချီတက်တဲ့​အခါမှာ ဒီခရီး​က ရန်သူ့​နယ်​မြေကို ထိုး​ဖောက်ပြီး​တော့​ ချီတက်ရတဲ့​အတွက်​ကြောင့်​ အန္တရာယ်လည်း​ များ​တယ်။ ​နောက်​တော့​ ပဲခူး​ရိုး​မက ရွာမရှိဘူး​။ ရိက္ခာဆိုတာလည်း​ မရှိဘူး​။ ​ရောက်ခါစဆို​တော့​ အစား​အ​သောက်က ​တော်​တော်​လေး​ကို ဒုက္ခ​ရောက်တယ်။ အဲဒီ ခရီး​ကြမ်း​မှာ ဗိုလ်ချုပ်​အောင်ဆန်း​က ကျ​နော်တို့​နဲ့​အတူ ​မြေကြီး​မှာ အိပ်တယ်။ ရတဲ့​ဟာစား​တယ်။ ရန်သူကို တိုက်သွား​တယ်။ ကျ​နော်က သူ့​အောက်က ရဲ​ဘော်ပဲ။ အဲဒီ စစ်သား​ဘဝမှာ ဗိုလ်​တေဇက ကျ​နော်နဲ့​ ဆက်ဆံတဲ့​နေရာမှာ ​ကျောင်း​သား​ကြီး​က​နေ ​ကျောင်း​သား​ငယ်ကို ဆက်ဆံတဲ့​ သ​ဘောမျိုး​ ကျ​နော်ခံစား​မိတယ်။” ဗိုလ်ချုပ်​အောင်ဆန်း​ဟာ ကုလား​ထိုင်​ပေါ်က​နေ အမိန့်​ပေး​တတ်တဲ့​ ​ခေါင်း​ဆောင်မျိုး​ မဟုတ်ဘဲ သူ့​ရဲ့​ ရဲ​ဘော်ရဲဘက်များ​နဲ့​အတူ ​သေအတူ ရှင်မကွာ တိုက်ပွဲဝင်တတ်သူ ဖြစ်တဲ့​အ​ကြောင်း​ သူကိုယ်တိုင် စိတ်ဓာတ်ကြံ့​ခိုင်သူ ဖြစ်သလို ရဲ​ဘော်များ​ကို စိတ်ဓာတ်ကြံ့​ခိုင်​အောင် စစ်​မြေပြင်မှာ သွား​ရောက် အား​ပေး​တတ်သူ ဖြစ်​ကြောင်း​ကိုလည်း​ ဗိုလ်မှူး​ကြီး​ဟောင်း​ လွန်း​တင်က အခုလို ဆက်​ပြောပြပါတယ်။ “အဲဒီလို အ​မြောက်ဆန်ကြား​ထဲမှာ ဗိုလ်ချုပ်​အောင်ဆန်း​က ကျ​နော်တို့​ကို ဆုံး​မစကား​ပြောတယ်။ သူ​ပေး​တဲ့​ ဆုံး​မစကား​က စိတ်ဓာတ်ပဲ။ သူနမူနာ ​ပေး​တယ် အင်္ဂလိပ်စစ်တပ်နဲ့​ ပြင်သစ်စစ်တပ်၊​ ဂျာမန်စစ်တပ်နဲ့​ ရင်ဆိုင်တဲ့​အခါကျ​တော့​ အင်္ဂလိပ်စစ်တပ်က စိတ်ဓာတ်​ကောင်း​တဲ့​ အတွက်​ကြောင့်​ သူ့​လူ​တွေအား​လုံး​ ​ခေါ်သွား​နိုင်တယ်။ ပြင်သစ်စစ်တပ်ကျ​တော့​ စိတ်ဓာတ်​ပျော့​တဲ့​အခါကျ​တော့​ ဂျာမန်ဆီမှာ လက်နက်ချသွား​တယ်။ အဲ​တော့​ ဆိုလိုတာက ပြဿနာတခု ဖြစ်လာရင် စိတ်ဓာတ် အ​ရေး​ကြီး​တယ်။ ကျ​နော်တို့​ကို သွယ်ဝိုက်ပြီး​ ​တော်လှန်​ရေး​ နီး​တဲ့​အခါကျ​တော့​ စိတ်ဓာတ်နဲ့​ ပတ်သက်ပြီး​တော့​ အ​ရေး​ကြီး​တဲ့​ အ​ကြောင်း​ကို ​ပြောတာ။ ဆိုလိုတာက စိတ်ဓာတ်​ကောင်း​ရင် အရာရာ ​အောင်မြင်တယ်။ စိတ်ဓာတ်​ပျော့​ရင် လက်​မြှောက် ဒူး​ထောက်တဲ့​ဘဝ ​ရောက်တဲ့​အ​ကြောင်း​ကို ကျ​နော်တို့​ကို သွယ်ဝိုက်တဲ့​နည်း​နဲ့​ ​ပြော​နေခဲ့​တာ။ အဲဒီအချိန်မှာ သူ​ပြော​နေတဲ့​ ကာလက အ​ပေါ်က ​လေယာဉ်ပျံနဲ့​ ဗုံး​ကြဲ​နေတယ်။” ဗိုလ်ချုပ်​အောင်ဆန်း​က ရိုး​သား​မှု၊​ စွန့်​လွှတ်မှု၊​ ရဲ​ဘော်ရဲဘက်စိတ်ရှိမှု၊​ စိတ်ဓာတ်ကြံ့​ခိုင်မှု စတဲ့​ ဂုဏ်ရည်ဂုဏ်​သွေး​တွေ​ကြောင့်​ ​ကျောင်း​သား​ခေါင်း​ဆောင် ​ကောင်း​၊​ တပ်မ​တော် ​ခေါင်း​ဆောင်​ကောင်း​၊​ နိုင်ငံ​ရေး​သမား​ ​ခေါင်း​ဆောင်​ကောင်း​ အဖြစ်ကို ​ရောက်ရှိခဲ့​ပါတယ်။ ဗိုလ်ချုပ်ဟာ တပ်မ​တော်ကထွက်ပြီး​ နိုင်ငံလွတ်​မြောက်​ရေး​ကို ​ဆောင်ရွက်ရင်း​ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်​နေ့​မှာ လုပ်ကြံခံခဲ့​ရပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​က တကယ့်​ အာဇာနည်အဖြစ် မြန်မာတည်သ​ရွေ့​၊​ ကမ္ဘာတည်သ​ရွေ့​ ​မော်ကွန်း​ထိုး​ခံရမယ့်​သူ ဖြစ်တယ်လို့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ အာဇာနည် ဂုဏ်ရည်ထူး​တခုကို ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်က ​ပြောပြန်ပါတယ်။ “အများ​အတွက် စွန့်​လွှတ်အနစ်နာခံတဲ့​ အာဇာနည်လို့​ သမိုင်း​မှာ ထင်ရှား​တဲ့​ ​မော်ကွန်း​ထိုး​ခံရမှုဆိုတာ သာမန် အညတရ စွန့်​လွှတ်စွန့်​စား​ အနစ်နာခံရသူ​တွေထက် ပိုပြီး​ထူး​ခြား​တဲ့​၊​ ပိုပြီး​တော့​ကျယ်ပြန့်​တဲ့​ လုပ်​ဆောင်မှု ရှိဖို့​လိုတယ်လို့​ ကျ​နော်မြင်တယ်။ ​ကောင်း​ပြီ၊​ ဗိုလ်ချုပ်​အောင်ဆန်း​က ဘာ​ကြောင့်​ အာဇာနည်ပါလို့​ ​မော်ကွန်း​ထိုး​ခံရသလဲ ဆို​တော့​ တမျိုး​သား​လုံး​ကို ကိုယ်စား​ပြုနိုင်မှုကို ရ​အောင် သူအလုပ် လုပ်ပြနိုင်ခဲ့​တယ်။ အဲဒီလို​နေရာမျိုး​မှာ အဓိက တချက်က ဘာလဲဆို​တော့​ လက်နက်အင်အား​နဲ့​ ခြိမ်း​ခြောက်ပြီး​တော့​ အား​လုံး​ ဒါကိုလိုက်နာကြ၊​ မလိုက်နာရင် ငါ့​ရဲ့​ ရှိတဲ့​အင်အား​နဲ့​ အနိုင်ကျင့်​ပြီး​တော့​ စွဲ​ခေါ်ရလိမ့်​မယ်ဆိုတဲ့​ ခြိမ်း​ခြောက်မှုမျိုး​ မဟုတ်ဘူး​။ ကျ​နော်တို့​ တိုင်း​ရင်း​သား​အား​လုံး​ရဲ့​ သ​ဘောတူညီမှုကို ရှာတဲ့​နေရာမှာ ပြည်​ထောင်စု​နေ့​ဆိုတာ ​ပေါ်​ပေါက်လာတာကို ပြန်ကြည့်​မယ်ဆိုရင် ဗိုလ်ချုပ်​အောင်ဆန်း​က မိမိနဲ့​ သ​ဘောထား​ မတိုက်ဆိုင်တဲ့​သူ​တွေ၊​ မိမိနဲ့​ ရပ်တည်တဲ့​ ​နေရာမှာ အဖွဲ့​အစည်း​ အသီး​သီး​ ​ရောက်​နေတဲ့​ ပုဂ္ဂိုလ်​တွေကို ဒါတမျိုး​သား​လုံး​ရဲ့​ အမျိုး​သား​ အင်အား​စု​တွေပါလား​၊​ သိရှိသ​ဘော​ပေါက် လက်ခံတယ်။ နှစ်အချက် အဲဒီ အမျိုး​သား​အင်အား​စု​တွေ အား​လုံး​ကို တူညီတဲ့​ အချက်တခုကို ရ​အောင် သူရှာ​ဖွေနိုင်တယ်။ ရ​အောင်ရှာ​ဖွေပြီး​တော့​ အား​လုံး​သ​ဘောတူညီ​အောင် သူကြိုး​စား​နိုင်ခဲ့​တယ်။ ဒါ​ကြောင့်​မို့​လို့​ တမျိုး​သား​လုံး​ အတိုင်း​အတာကြီး​ ကျယ်ပြန့်​သွား​တဲ့​အခါမှာ အမျိုး​သား​ခေါင်း​ဆောင်တ​ယောက် ဖြစ်သွား​တယ်။ အမျိုး​သား​ ​ခေါင်း​ဆောင် တ​ယောက်အ​နေနဲ့​ လုပ်ကြံခံလိုက်ရတဲ့​အခါမှာ အာဇာနည် ​ခေါင်း​ဆောင်အဖြစ်ပါ သူဟာ ထိုက်ထိုက်တန်တန် သမိုင်း​မော်ကွန်း​မှာ ​ရေး​ထိုး​ခံရခြင်း​ ဖြစ်တယ်လို့​ ကျ​နော်မြင်တယ်။” စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာဟာ သူထုတ်​ဝေတဲ့​ တာယာမဂ္ဂဇင်း​အတွက် ​ဆောင်း​ပါး​သွား​ယူဖို့​ ဗိုလ်ချုပ်ရုံး​တက်တဲ့​ အတွင်း​ဝန်များ​ရုံး​ကို လုပ်ကြံခံရတဲ့​နေ့​မှာ သွား​ခဲ့​ပါတယ်။ မနက် ၁၁ နာရီ​ကျော်​ကျော် သူ​ရောက်သွား​တဲ့​အချိန်မှာ အတွင်း​ဝန်များ​ရုံး​ တခုလုံး​ တိတ်ဆိတ်​နေပါပြီ။ ဗိုလ်ချုပ်နဲ့​တကွ အစည်း​အ​ဝေး​ ထိုင်​နေတဲ့​ ဝန်ကြီး​များ​ကို လက်နက်ကိုင်များ​က ​သေနတ်နဲ့​ အတင်း​ဝင်​ရောက် ပစ်ခတ်ခဲ့​တာက မနက် ၁၀ နာရီ မိနစ် ၄၀ ခန့်​မှာ ဖြစ်ပါတယ်။ ဒါနဲ့​ ဆရာကြီး​ ဒဂုန်တာရာဟာ ​လှေကား​က​နေ ပြန်လှည့်​ဆင်း​ရင်း​ ဆရာဦး​သိန်း​ဟန်​ခေါ် ဆရာကြီး​ဇော်ဂျီနဲ့​ ​တွေ့​ပါတယ်။ အဲဒီအချိန်မှာ ဆရာကြီး​ ​ဇော်ဂျီဟာ အထူး​အရာရှိ အဖြစ် အတွင်း​ဝန်များ​ရုံး​မှာပဲ အလုပ်လုပ်​နေပါတယ်။ ဆရာကြီး​ ဒဂုန်တာရာကို ​တွေ့​တွေ့​ချင်း​ပဲ ဆရာကြီး​ဇော်ဂျီက ဒို့​တော့​ ကိုယ်ကျိုး​နည်း​ပြီလို့​ ​ပြောပါတယ်။ လုပ်ကြံမှုရဲ့​ အကျိုး​ဆက်အဖြစ် မြန်မာနိုင်ငံရဲ့​ ဆိုး​ဝါး​မယ့်​ အနာဂတ်ကို ဖြစ်မှာကို ဆရာကြီး​ဇော်ဂျီက အ​သေအချာ တွက်ဆမိပုံ ရပါတယ်။ ဗိုလ်ချုပ်လုပ်ကြံခံရတဲ့​ အတွက် တိုင်း​ပြည်တခုလုံး​ ကိုယ်ကျိုး​နည်း​ခဲ့​ရပုံနဲ့​ ပတ်သက်တဲ့​ သူ့​အမြင်ကို ကိုမင်း​ကိုနိုင်က အခုလို ​ပြောပြပါတယ်။ “လက်နက်နဲ့​ပဲ ​ဖြေရှင်း​လိုက်တဲ့​ ဆိုး​ကျိုး​ဟာ ​တောက်​လျှောက် ကျ​နော်တို့​ဆီမှာ အကျင့်​ဆိုး​ကြီး​တခု အ​နေနဲ့​ လစ်ရင်လစ်သလို လက်နက်အင်အား​ ကြီး​သူ​တွေက​နေပြီး​ အများ​သ​ဘောနဲ့​ ​ရွေး​ချယ်ထား​တဲ့​ အများ​သ​ဘောတူ တင်​မြှောက်ထား​တဲ့​ ​ခေါင်း​ဆောင်​တွေအ​ပေါ်မှာ အနိုင်ကျင့်​နေဦး​မယ် ဆိုတဲ့​ အစွဲကြီး​က ဆက်ပြီး​တော့​ ကြီး​မား​လာတယ်။ အဲဒီဆိုး​ကျိုး​တွေကို ဆက်ပြီး​တော့​ ရင်ဆိုင်ခံစား​နေရတာ ဒီ​နေ့​အထိပဲ။ ကျ​နော်တို့​တိုင်း​ပြည်မှာ ဒီမိုက​ရေစီ စိတ်သုဉ်း​ပြီး​တော့​ လက်နက်ရှိတဲ့​သူက လက်နက်မရှိတဲ့​သူ​တွေ အ​ပေါ်မှာ အမိန့်​ပေး​မယ်။ မလိုက်နာရင် ဘယ်လို အ​ရေး​ယူမယ်ဆိုတာ​တွေ ကျ​နော်တို့​တွေဆီမှာ ရှိ​နေကြတာကို။ တကယ့်​တကယ် အများ​သ​ဘောတူ စု​ပေါင်း​ပြီး​တော့​ ဆုံး​ဖြတ်ကြတဲ့​ စနစ်မျိုး​၊​ ကိုယ်စား​လှယ်​တွေ ​ရွေး​ချယ်ပြီး​တော့​ အဲဒီကိုယ်စား​လှယ်​တွေကို တ​လေး​တစား​နဲ့​ သူတို့​သ​ဘောထား​ ဆန္ဒ​တွေကို နား​ထောင်ပြီး​တော့​ အ​ဖြေရှာတဲ့​ စနစ်မျိုး​ကို ဒီ​နေ့​အချိန်ထိ ရင့်​ကျက်​အောင် မတည်​ဆောက်နိုင် ​သေး​တာဟာ ကျ​နော်တို့​တိုင်း​ပြည်ဟာ အား​လုံး​နဲ့​ ယှဉ်လိုက်တဲ့​ အခါမှာ ​အောက်ကျ​နောက်ကျ ဖြစ်​နေရတာ။ ကမ္ဘာ့​အလယ်မှာ ဒီ​နေ့​ထိ တင့်​တင့်​တယ်တယ် မ​နေနိုင်​သေး​တာက အဲဒီဆိုး​ကျိုး​တွေပါပဲ။ ကျ​နော်တို့​ တကယ်တမ်း​ ယဉ်​ကျေး​တဲ့​ လူ့​အဖွဲ့​အစည်း​လို့​ ကျ​နော်တို့​ ​တောက်​လျှောက် ​ပြော​နေတယ်ဆိုတာ ဂုဏ်သိက္ခာ အတွက်ပါ။ ကျ​နော်တို့​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​တွေ၊​ အမှီလိုက်ကြမယ်။ အား​လုံး​ ကြိုး​စား​ကြမယ်ဆိုရင် ရပါတယ်။ တိုင်း​ပြည်တခုရဲ့​ ဖွံ့​ဖြိုး​တိုး​တက်မှုဆိုတာ တမျိုး​သား​လုံး​ ညီညွတ်ရင် ရပါတယ်။ အ​ရေး​ကြီး​ဆုံး​ တခုဖြစ်တဲ့​ ယဉ်​ကျေး​တဲ့​ လူ့​အဖွဲ့​အစည်း​တခု ဖြစ်ဖို့​ဆိုတာကို အရင်ဆုံး​ တည်​ဆောက် ကြရမှာပါ။ အဲဒါသမိုင်း​ပေး​တဲ့​ သင်ခန်း​စာ၊​ အာဇာနည်​နေ့​ ဆိုတဲ့​ ​သွေး​စွန်း​ခဲ့​တဲ့​ အကျည်း​တန်ခဲ့​တဲ့​ ​နေ့​က ​ပေး​ခဲ့​တဲ့​ သင်ခန်း​စာပါပဲ။” ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ဂုဏ်ရည်များ​ဟာ အာဇာနည်​ခေါင်း​ဆောင်များ​မှာ ရှိတဲ့​ ကြီး​မြတ်တဲ့​ ဂုဏ်ရည်များ​ ဖြစ်ပါတယ်။ ဒီလိုဂုဏ်ရည်များ​ရှိတဲ့​ ​ခေါင်း​ဆောင် တ​ယောက်ရဲ့​ စွမ်း​ဆောင်မှု​ကြောင့်​လည်း​ မြန်မာနိုင်ငံဟာ လွတ်လပ်​ရေး​ကို ထိုက်ထိုက်တန်တန် ရရှိခဲ့​ခြင်း​ ဖြစ်ပါတယ်။ လွတ်လပ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် ကမ္ဘာ့​အလယ်မှာ မား​မား​မတ်မတ် ရပ်တည်လာနိုင်​အောင် စွန့်​လွှတ်မှု အပြည့်​နဲ့​ ​ဆောင်ရွက်သွား​ခဲ့​တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ​ကျေး​ဇူး​တရား​ဟာလည်း​ အလွန်တရာ ကြီး​မား​လှပါတယ်။ ဒါ​ပေမယ့်​ ဒီ​နေ့​ကာလမှာ​တော့​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ဂုဏ်ရည်နဲ့​ သူ့​ကျေး​ဇူး​တရား​ကို ပယ်ဖျက်ဖို့​ ကြိုး​စား​နေကြတာကို အထင်အရှား​ ​တွေ့​မြင်​နေရပါတယ်။ ဒီအတွက် ဘယ်လိုအကျိုး​ဆိုး​တွေ ဆက်ပြီ​တော့​ ဖြစ်လာမလဲ ဆိုတာနဲ့​ ပတ်သက်လို့​ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ကထိက အဖြစ် အလုပ်လုပ်ခဲ့​ဖူး​သူ စာ​ရေး​ဆရာမ ​မေငြိမ်း​က ဒီလို တွက်ပြပါတယ်။ “ကျမတို့​ ဗိုလ်ချုပ်​အောင်ဆန်း​တို့​ အ​ကြောင်း​ကို ​ပြောမိရင် အမြဲတမ်း​ သူတို့​ရဲ့​ အရည်အ​သွေး​ကို ကျမတို့​ စံပြုပြီး​ပြောရတာ​ပေါ့​။ ဗိုလ်ချုပ်လို လူငယ်​တွေ ဖြစ်လာ​စေချင်တဲ့​ စိတ်မျိုး​နဲ့​ ​ပြောတဲ့​အခါမှာ ဘယ်သူ့​အ​ကြောင်း​ပဲ ​ပြော​ပြော ဒီအာဇာနည် ​ခေါင်း​ဆောင်ကြီး​တွေမှာ အမြဲတမ်း​ကောင်း​တဲ့​ အရည်အ​သွေး​တွေ ပြည့်​နေတာကို၊​ အဲဒါ​တွေကို ​ပြောတဲ့​အခါမှာ အခု​ခေတ်မှာရှိတဲ့​ ကျမတို့​ အုပ်ချုပ်သူ​တွေက သူတို့​မှာ ဒီလို​ကောင်း​တဲ့​ အရည်အ​သွေး​မရှိတဲ့​အခါမှာ က​လေး​တွေက ယှဉ်ပြီး​တော့​ မြင်လာတာမျိုး​တွေလည်း​ ဖြစ်​ကောင်း​ ဖြစ်လာနိုင်တယ်။ အဲဒါ​တွေ​ကြောင့်​ သူတို့​ ပိတ်ပင်တာလည်း​ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ ကျမက​တော့​ ဆရာမ တ​ယောက်အ​နေနဲ့​ ဘယ်လို​တွေး​လဲဆို​တော့​ ဗိုလ်ချုပ်တို့​အ​ကြောင်း​ အာဇာနည်ကြီး​တွေအ​ကြောင်း​ ​ပြောခွင့်​မရတာဟာ က​လေး​တွေအ​နေနဲ့​ လူ​တော်လူ​ကောင်း​ဆိုတာ ဘာလဲဆိုတာ သိခွင့်​မရတာပဲ။ အဲဒါဟာ က​လေး​တွေရဲ့​ အနာဂတ်အတွက် အန္တရာယ်ရှိတယ်။ စိတ်ပူရတယ်လို့​ ​တွေး​ပါတယ်။ ဘာလို့​လဲဆို​တော့​ အခု​လော​လောဆယ် က​လေး​တွေရဲ့​ မျက်စိမှာ မြင်​နေရတာက ဂုဏ်သိက္ခာအား​ဖြင့်​လည်း​ မရှိ။ အရည်အ​သွေး​အား​ဖြင့်​လည်း​ မပြည့်​စုံတဲ့​ ​ခေါင်း​ဆောင်ပိုင်း​တွေသာ ​တွေ့​နေရတာ ဖြစ်တဲ့​အတွက်​ကြောင့်​ ​နောင်တချိန်မှာ လူကြီး​ဖြစ်လာမယ့်​ က​လေး​တွေက တကယ်​တော့​ ​ခေါင်း​ဆောင်​တွေဆိုတာ ဒီလိုပါလား​ဆိုတဲ့​ အဖြစ်မျိုး​ ဖြစ်သွား​မှာကို စိတ်ပူတယ်။ “ကျမတို့​ ​ကျောင်း​ဆရာမ​တွေက က​လေး​တွေက အာဇာနည်ဆိုတာ ဘယ်လိုလဲ၊​ အာဇာနည်​တွေရဲ့​ အရည်အချင်း​တွေက ဘယ်လိုလဲ၊​ ဒီအရည်အချင်း​တွေနဲ့​ကြောင့်​ အာဇာနည်ဖြစ်တာပဲလို့​ ဆိုတဲ့​အ​ကြောင်း​တွေကို သိ​အောင်​ပြောပြဖို့​ လိုတယ်။ ဒါက အ​ရေး​ကြီး​တယ်လို့​ ကျမထင်ပါတယ်။ ဒါ​ကြောင့်​ အာဇာနည်​နေ့​ကို ပိတ်ပင်တာဟာလည်း​ အဲဒီလို လူ​တော်လူ​ကောင်း​က​လေး​တွေ အများ​ကြီး​ ဖြစ်လာမှာကိုများ​ ဒီအစိုး​ရက ​ကြောက်​နေသလား​လို့​ ဆရာမတ​ယောက် အ​နေနဲ့​ ​တွေး​မိပါတယ်။ လူတဦး​တ​ယောက် အ​နေနဲ့​ တိုး​တက်ဖို့​ပဲဖြစ်ဖြစ် နိုင်ငံတခုအ​နေနဲ့​ ဖွံ့​ဖြိုး​ဖို့​ပဲ ဖြစ်ဖြစ် ​ခေါင်း​ဆောင်​ကောင်း​များ​ရဲ့​ ဂုဏ်ရည်ကို ​လေ့​လာ​တွေ့​ဖို့​ လိုပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​က မြန်မာနိုင်ငံသား​များ​အား​လုံး​အတွက် ​လေ့​လာအတုယူစရာ အမျိုး​သား​ခေါင်း​ဆောင်ကြီး​ ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ရိုး​သား​မှု စွန့်​လွှတ်မှု၊​ စိတ်ဓာတ်ခိုင်ကြည်မှု၊​ အများ​အကျိုး​အတွက် ​ဆောင်ရွက်မှု စတဲ့​ဂုဏ်ရည်များ​ကို ​လေ့​လာအတုယူရင်း​ လွတ်လပ်ပွင့်​လင်း​တဲ့​ အနာဂတ် မြန်မာနိုင်ငံကို ဝိုင်း​ဝန်း​တည်​ဆောက်ကြပါစို့​လို့​ တိုက်တွန်း​လိုက်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up