DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်ဌာနချုပ်ကို အစိုးရတပ်က သိမ်းပိုက်ရန် အမိန့်ပေးထားဟုဆို
DVB
·
July 19, 2011
ရှမ်းပြည်တပ်မတော်ဌာနချုပ်ကို အစိုးရတပ်က သိမ်းပိုက်ရန် အမိန့်ပေးထားဟုဆို
Donate to DVB

ရှမ်းပြည်တပ်မတော်ရဲ့ ဌာနချုပ်ဖြစ်တဲ့ ၀မ်ဟိုင်းကို မြန်မာအစိုးရတပ်မတော်က တပတ်အတွင်း တိုက်ခိုက်သိမ်ပိုက်ဖို့ အမိန့်ပေးထားပြီး ကျေးသီးနဲ့ မိုင်းရယ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ရှမ်းပြည်တပ်မတော်ဝမ်းဟိုင်းဌာနချုပ်ကို သိမ်းယူဖို့ မြန်မာ အစိုးရရဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထားပြီး တပတ်အတွင်း ထိုးစစ်ဆင် သိမ်းပိုက်ဖို့ ကာကွယ်​ရေးဝန်ကြီး​ဌာ​န​ ​ဒု​တိ​ယ​ဗိုလ်ချုပ်ကြီး​​ အောင်သန်းထွဋ်ကို အမိန့်ပေးညွှန်ကြားထားတာပါ။

ဒီလို ထိုးစစ်ဆင်တဲ့နေရာမှာ လေတပ်ကို အသုံးပြုခွင့်ပေးထားတယ်လို့ နေပြည်တော်ကလာတဲ့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရှမ်းပြည် တိုးတက်ရေးပါတီနဲ့ ရှမ်းပြည်တပ်မတော်တို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အခုလို အင်အားသုံးတိုက်ခိုက်လို့ ၀မ်းဟိုင်းဌာနချုပ် ကျသွားခဲ့မယ် ဆိုရင်တောင်မှ ပြောက်ကြားအနေနဲ့ ပြန်လည်ခုခံသွားမယ်လို့လည်း သူကဆိုပါတယ်။

“မြေပြင်က ညွှန်ကြားချက် ထုတ်လိုက်တယ်တဲ့ ၀မ်ဟိုင်းကို သိမ်းဖို့ပေါ့။ လေကြောင်းနဲ့ သူတို့သုံးဖို့ ခွင့်ပြုလိုက်တယ်။ ခုခံသွားမှာပါ။ ၀မ်ဟိုင်း ကျသွားလည်း ကျနော်တို့က ပြောက်ကျားစနစ်နဲ့ တိုက်သွားဦးမှာပါ။ သူတို့ ထိုးစစ်ဆင်နေသမျှကတော့ ကျနော်တို့လည်း ခုခံတိုက်ခိုက်သွားမှာပါ။ သူတို့က အမြစ်ပြတ် ချေမှုန်းဖို့က မဖြစ်နိုင်ဘူးလေ။ ကျနော်တို့ ရှိသမျှ အင်အားနဲ့ ပြောက်ကျား စနစ်နဲ့ နေရာတကာ ၀င်တိုက်မှာပဲ။”

ဒါ့အပြင် တပတ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရှမ်းပြည်နယ် ကျေးသီးနဲ့ မိုင်းရယ်မြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်ထန်လာနေပြီး အစိုးရတပ်ဘက်က ဓာတုလက်နက် အသုံးပြု တိုက်ခိုက်တယ်လို့​ ယူ​ဆ​​ကြောင်း​​ ဗိုလ်မှူးစိုင်းလက ဆိုပါတယ်။

“ဒီနေ့ ကျေးသီးကနေ နမ့်ပုတ် စခန်းကြားမှာလည်းတိုက်ပွဲ ဖြစ်နေတယ်။ ၀မ့်​ပုံနဲ့ မိုင်းရယ် ကြားမှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ နမ့်ဟူး​ဖာ့​လန် ဆိုတဲ့ မိုင်းရယ်ခွင်နားမှာပဲ အဲဒီမှာလည်း တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်တယ်။ ဖြစ်နေတုန်းပဲ အကျအဆုံး၊ ဒဏ်ရာရမှု များတယ်လို့ ပေးပို့တယ်။ အဲဒါအပြင် အဲဒီလက်နက်ကျတဲ့နေရာမှာ အဲဒီဝန်းကျင်က ရှိတဲ့ ရဲဘော်တွေ မူးဝေတယ်လေ။ ဓာတုလက်နက်လို့​​ ​ထင်​ရ​တယ်​။”

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာမှာ လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကို ပစ်ခတ်မှုတွေရှိနေသလို မြန်မာ့တပ်မတော်ရဲ့ လူ့ခွင့်ရေးချိုးဖောက် ကျူးလွန်မှုတွေ ခံရမှာစိုးရိမ်တာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြပါတယ်။

အထူးသဖြင့် ပန်မိုတ်၊ ၀မ်ဝ၊ ဟိုနား၊ ၀မ်မော့၊ ကျိုင်းလိန်၊ ၀မ်ဟိုင်း၊ ၀မ်ဆော့၊ ၀မ်ပန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

“စစ်တပ်တွေလာမယ်လို့ သတင်းကြားရင် ထွက်ပြေးရတာပေါ့။ အလုပ်လည်း ကောင်းကောင်း လုပ်လို့မရဘူး၊ တခြားနေရာပြောင်းသွားတော့ ပေးကမ်းမဲ့ ဆွေမျိုးမရှိရင်တော့ ငတ်မှာပဲ၊ ကူညီတဲ့အဖွဲ့အစည်းတွေလည်း မရှိဘူး။ ဘုန်းကြီးကျောင်းမှာလည်း ဗမာစစ်သားတွေ ပြည့်နေတယ်၊ ဘယ်သူမှ မသွားရဲဘူး။ တချို့လည်း တောထဲမှာဖြစ်သလိုပေါ့၊ မလုပ်ရင် ငတ်မှာစိုးလို့ ခြံထဲဆင်းတယ်၊ တယောက်တည်းမသွားရဲဘူး။ အဖော် ၉ ယောက် ၁၀ ယောက်စုပြီးသွားတယ်။ စစ်သားနဲ့တွေ့ရင် မုဒိမ်းကျင့်ခံရမှာစိုးတယ်။”

ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ၀မ်ဟိုင်း အခြေစိုက် ရှမ်းပြည်တပ်မတော်ကို အစိုးရတပ်က ၄ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီး ဒီတကြိမ် တိုက်ပွဲကတော့ အပြင်းထန်ဆုံးနဲ့ အင်အားအများဆုံးဖြစ်ပြီး တပ်ရင်း ၁၄ ရင်း၊ အင်အား တထောင်ကျော်အထိ အသုံးပြု ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဘက်ကတော့ ငြိမ်းချမ်းစွာ ဆွေးနွေးချင်တဲ့အကြောင်း တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အစိုးရဘက်က ထိုးစစ်ဆင်နေဆဲပါ။

ဒီလို ရှမ်းပြည်နယ်အတွင်း မြန်မာတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေ အပါအ၀င်  ဒုတိယသမ္မတ ဖြစ်လာတဲ့ ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်းတို့လည်း ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ် ညှိနှိုင်းပေးတာမျိုးတွေ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013