Thursday, June 8, 2023
HomeLead Storyသမ္မတတာဝန်ထမ်းဆောင်ခဲ့သူကို လုံခြုံရေးပေးရန် ဥပဒေကြမ်းထုတ်ပြန်

သမ္မတတာဝန်ထမ်းဆောင်ခဲ့သူကို လုံခြုံရေးပေးရန် ဥပဒေကြမ်းထုတ်ပြန်

နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူကို ကိုယ်ရံတော်တပ်ဖွဲ့ပေးပြီး လုံခြုံရေး အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေကြမ်းတရပ်ကို ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

‘နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း” အမည်ရှိ ဥပဒေကြမ်းမှာ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူကို တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ခြင်းနဲ့ လက်ရောက်မှုကျူးလွန်ခြင်းတွေကနေ ကာကွယ်ပေးဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာနတို့က တာဝန်အပ်နှင်းတဲ့ ကိုယ်ရံတော်တပ်ဖွဲ့နဲ့ စောင့်ရှောက်ဖို့ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း တာဝန်အရ ဆောင်ရွက်တွေကို အကြောင်းပြုပြီး တရားစွဲခြင်းနဲ့ အရေးယူခြင်းတို့လည်း မရှိစေရလို့ ပါရှိပါတယ်။

ဒီဥပဒေကြမ်းမှာ ဖော်ပြထားချက်တွေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ကြည့်ရင် လိုအပ်တာထက်ပိုတဲ့ အခွင့်အရေးတွေကို ရယူထားတာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဝေဖန်ပါတယ်။

“ဒီဥပဒေမှာ အိမ်တော်ဝင်းလုံခြုံရေးတပ်ဖွဲ့ဆိုတာ သီးခြားရှိဦးမယ်ဆိုတာ အဲဒါ အာဏာရတဲ့ သမ္မတတွေကိုသာ ပေးတဲ့ဟာမျိုးဖြစ်တယ်။ နိုင်ငံတကာမှာ အဲဒီလို အိမ်တော်ဝင်း လုံခြုံရေးသီးခြားမပေးဘူး။ ဒီမှာကတော့ အဲဒီလိုမဟုတ်ဘဲနဲ့ သမ္မတတာဝန် ထမ်းဆောင်စဉ်ကအတိုင်းပဲ အိမ်တော်လုံခြုံရေးတပ်ဖွဲကို ခေါ်သွားနိုင်တယ်ဆိုတော့ အမေရိကန်သမ္မတတောင် နှစ်ယောက်ပဲပေးတယ်။ အခုကတပ်ဖွဲ့ ခေါ်ဆောင်သွားနိုင် တယ်ဆိုတော့ လက်ရှိသမ္မတလုံခြုံရေးအတိုင်း ယူသလိုဖြစ်နေတယ်။”

ဒါ့အပြင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်စဉ် ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး သူ့ကို တရားစွဲဆိုခြင်းနဲ့ အရေးယူခြင်းမရှိစေရလို့ ဖော်ပြချက်ဟာ လက်ရှိ ပြည်တွင်းစစ်၊ အဂတိလိုက်စားမှု၊ စီမံကိန်းတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခဲ့မှု ပြဿနာတွေကို အကာအကွယ်ယူချင်လို့ ထည့်ထားတာလို့  သူက ဆက်ပြောပါတယ်။

“နိုင်ငံတကာမှာရော မြန်မာပြည်မှာရော သမ္မတဖြစ်ပြီး နောက်ပိုင်း အရေးမယူရဘူး ဆိုတာ လုံးဝမရှိခဲ့ဘူး။ နိုင်ငံတကာမှာဆိုလည်း ကိုရီးယားမှာဆို ချန်တူးဝမ်ဆိုရင် သမ္မတပြုတ်ပြီးတော့မှ သေဒဏ်အထိတောင်ပေးတာ။ အာဖရိကမှာလည်း အများကြီးပဲ။ အဲဒီတော့ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ပြီးနောက် အရေးမယူရဘူး ဆိုတာကတော့ နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီဘူး။ သို့သော် မြန်မာပြည်မှာကြတော့ သမ္မတတာဝန်ထမ်း ဆောင်ပြီးနောက်အရေး မယူရဘူးဆိုတာ ဘယ်လိုဟာမျိုးတွေ အရေးမယူရဘူးဆိုတာကိုတော့ သေသေချာချာခွဲခြားဖော်ပြသင့်တယ်။”

၈၈မျိုးဆက် ငြိမ်း/ ပွင့်(လယ်သမားရေးရာ) ကိုမျိုးသန့်ကလည်း အစိုးရအာဏာလွှဲပြောင်းချိန်နီးမှ လွှတ်တော်ကိုတင်ပြလာတဲ့ဒီဥပဒေကြမ်းဟာ လက်ရှိ အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအတွက် လိပ်ပြာမလုံခြင်းသာဖြစ်တယ်လို့  ဝေဖန်ပါတယ်။

တိုင်းပြည်ကောင်းအောင်တကယ်ပဲ စိတ်ကောင်းစေတနာနဲ့ လုပ်ခဲ့တယ်ဆိုတဲ့ စိတ်မှာရှင်းခဲ့တယ်ဆိုရင် ကြည်ကြည်လင်လင်နဲ့ ကိုယ့်စိတ်ကိုယ်ရှင်းတယ်ဆိုရင် ဒါမျိုးဘာမှ ဥပဒေနဲ့ပြဌာန်းစရာမလိုဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လဲဗျာ ငါက ကောင်းမယ်ထင်လို့ လုပ်ခဲ့တာ မင်းတို့မကြိုက်ဘူး။ လာသတ်ချင်လည်း သတ်ပေါ့။”

နိုင်ငံတော်သမ္မတလုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဌာန်းနိုင်ဖို့ လွှတ်တော်မှာ အဆုံးအဖြတ်ရယူရဦးမှာဖြစ်ပါတယ်။

သတင်း – ဇေယျာချမ်းအေး

RELATED ARTICLES
- Advertisment -
Google search engine

Most Popular