DVB Logo
Home
မြန်မာသတင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီ အခကြေးငွေယူခန့်ထား
DVB
·
July 15, 2011
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီ အခကြေးငွေယူခန့်ထား
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်အချို့ရဲ့ ရပ်ကွက်ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးမှူးတွေ အဖြစ် ကြံ့ခိုင်ရေးပါတီက အခကြေးငွေယူ ခန့်ထားမှုတွေ အများအပြား ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းမှာ ရပ်ကွက်ကျေးရွာအုပ်စု ၉၀ ကျော် ရှိတဲ့ထဲက ၆၀ ကျော်ကို ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက အခကြေးငွေယူပြီး ပါတီစည်းရုံးရေးမှူးတွေကို ပါတီဝင်အဖြစ်က နုတ်ထွက်ခိုင်းပြီး အုပ်ချုပ်ရေးမှူးတွေအဖြစ် ပြန်လည် ခန့်ထားမှုတွေ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီထဲက ကျန်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၃၀ အတွက်ကိုပဲ မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးချယ်ခန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်နေတာနဲ့ ပတ်သက်ပြီး တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းတဦးက အခုလို ပြောပြပါတယ်။

“ကြံ့ခိုင်ရေးကရွေးတဲ့ ၆၀ ကျော်ထဲမှာကို ပါတီဝင် စည်းရုံးရေးမှူးတွေ များတယ်။ သူတို့ အဲဒီ ခန့်လိုက်တဲ့ ၅ သိန်းပေးရတယ်၊ ၄ သိန်း ၇ သောင်း ပေးရတဲ့ လူတွေက တချို့လူတွေက ၂ တန်းအောင် မအောင်ဘူး။ လက်မှတ်ထိုးတာ တောင်မှပဲ ၂ ရက် ၃ ရက် ကျင့်နေရတယ်တဲ့။ လက်မှတ်တောင် မထိုးတတ်ဘူး။ အဲဒီတော့ ပညာအရည်အချင်း လုပ်ရည်ကိုင်ရည်ကပါ အစပေါ့ စောင့်ကြွားစောင့်ကြွားနဲ့ ငါတို့ လုပ်လို့ ရတာပဲ။ ငါတို့ လုပ်ရင် ဖြစ်တာပဲဆိုတဲ့ ပုံစံမျိုး။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သူ့ authority(အခွင့်အာဏာ)နဲ့ မလုပ်ရဘူး ဖြစ်နေတယ်။ အဲဒီ ကြံ့ဖွံ့တွေကပဲ ဖိအားပေးပြီးတော့ သူတို့ကိုလည်း ကြောက်နေရတယ်လေ။ သူတို့ပါတီက အနိုင်ရတော့တော့ သူတို့ လုပ်ချင်တဲ့ ဟာကို လုပ်မယ်ဆိုတဲ့ အပေါက်ကို တည့်တည့်ကို ချိုးထားတာ။”

တင်မြှောက်လိုတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အမည်စာရင်းတွေကို ဒေသခံတွေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် အာဏာပိုင်အဆင့်ဆင့်ကို တင်ပြခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ကြံ့ခိုင်ရေးပါတီက အနိုင်ရ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းမောင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိန်တို့က အခကြေးငွေယူထားတဲ့ အုပ်ချုပ်ရေးမှူး စာရင်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြ အတည်ပြုချက် ရယူပြီး ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

လွှတ်တော်တွေရဲ့ ဥပဒေမူကြမ်းကော်မတီတွေကနေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပေါ်ကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ၀န်ထမ်းကပဲ အခုလို ထောက်ပြ ပြန်ပါတယ်။

“ဒီနေ့ ဂျာနယ်ထဲမှာ ရေးထားတာ ကျန်းမာရေးမှူး၊ ပညာရေးမှူး သူတို့တွေကနေ ထောက်ခံချက် ပေးရမယ်ဆိုတဲ့ မူပုံစံမျိုးနဲ့ အဲဒါ ဥပဒေကြမ်းက ထွက်ပြီးသားတဲ့။ အဲဒီလိုတော့ ပြောတယ်။ ဒါပေမဲ့လို့ ကျနော်တို့ကတော့ လုံးဝကို လက်သင့်မခံဘူး။  နောက်ပြီး သူတို့က တိုင်ရအောင်ကလည်း ဘယ်သူ့ကို ဘယ်လို တိုင်ရမှန်း မသိဘူး ဖြစ်နေတယ်။ ကျနော်တို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကလည်း ဘယ်လို ဖြစ်နေလဲဆိုတော့ အဲဒီ ကြံ့ခိုင်ရေးပါတီရဲ့ လက်ခွဲရုံးတွေ အကုန်လုံး ဖြစ်နေတယ်။”

အလားတူ အစိုးရသစ်ရဲ့ သက်တမ်း ကာလအတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေး ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက အခကြေးငွေယူ ခန့်ထားမှုတွေ အများအပြား ရှိနေပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့ အစိုးတရပ် ဖြစ်အောင် ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရသစ်အနေနဲ့ ဒီကိစ္စတွေအပေါ် ကိုင်တွယ် ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013