Home မြန်မာသတင်း တနိုင္ငံလံုး အပစ်ရပ်ရေး ကချင်လူထုလိုလား
တနိုင်ငံလုံး အပစ်ရပ်ရေး ကချင်လူထုလိုလား
kia ကချင်လွတ်လပ်ရေးအဖွဲ့က တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်မှာလုပ်တဲ့ ကချင်လူထုစည်းဝေးပွဲမှာ တက်ရောက်လာတဲ့ မြို့နယ်အသီးသီးက ကချင်ကိုယ်စားလှယ်တွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်အောင် ကေအိုင်အိုက ရပ်တည်ဖို့ တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အစိုးရနဲ့ ကေအိုင်အိုအကြား အပစ်အခတ်ရပ်စဲရေးကိစ္စမှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲတုန်းကလို ကေအိုင်အိုတဖွဲ့တည်းမဟုတ်ဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့၊ နိုင်ငံရေးဆွေးနွေးရာမှာလည်း ကချင်တဖွဲ့တည်းမဟုတ်ဘဲ ကျန်တိုင်းရင်းသားတွေအားလုံး စုံညီပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ တင်ပြခဲ့ကြပါတယ်။
ဇူလိုင် ၁၂ နဲ့ ၁၃ ရက် နှစ်ရက်တာ ဒီတွေ့ဆုံပွဲမှာ နယ်ပယ်အသီးသီးက ကိုယ်စားလှယ် ၁၃၀ ကျော် တက်ရောက်လာတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက “အခု အစိုးရကနေပြီးတော့ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလာတဲ့ပေါ်မှာ အားလုံးလိုလိုက အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် ခိုင်မာရမယ်၊ ရိုးသားဖြူစင်မှု ရှိရမယ်ဆိုတဲ့အမြင်သဘောတွေ တင်ပြဆွေးနွေးကြတယ်။ ၁၉၉၄ ခုနှစ်မှာ လုပ်ခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးကို အားလုံးလိုလိုက ဝိုင်းပြီး အားနည်းချက်တွေရှိခဲ့တယ်ဆိုတဲ့အကြောင်း၊ ၉၄ အပစ်အခတ်ရပ်စဲမှုဟာ အချိန်ဆွဲပြီးတော့ ကေအိုင်အေကို လုံးဝလုံးပါးပါး အောင်လုပ်တယ်၊ နိုင်ငံရေးအရ လုံးဝလှုပ်ရှားမှုမရှိအောင် နယ်ခြားစောင့်တပ်ဆိုတဲ့ ဟာနဲ့ အဆုံးသတ်အောင် လုပ်တယ်ဆိုတဲ့အကြောင်း၊ အဲဒီတုန်းက လုပ်ခဲ့တာဟာ ကေအိုင်အိုရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နဝတရဲ့ ကိုယ်စားလှယ်အဖွဲ့ လက်မှတ်ထိုးကြတာကြောင့် အဲဒီသဘောတူညီချက်ဟာ ဘာမှ တိကျခိုင်မာမှု မရှိဘူးဆိုတဲ့အကြောင်းတွေ ထောက်ပြကြတယ်” လို့ ပြောပါတယ်။
ဒါကြောင့်မို့ ပြန်ပြီးတော့ စေ့စပ်ရေးလုပ်မယ်ဆိုရင် ပထမအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါမှာ အချိန်ကို အကန့်အသတ် ဘောင်ထဲမှာ ဖြစ်ရမယ်ဆိုတဲ့ဟာရယ်။ နောက်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဖြစ်စေရမယ်ဆိုတဲ့ဟာရယ်၊ နောက်တခါ လုပ်တဲ့အခါမှာ နိုင်ငံတခုခု ဒါမှမဟုတ် အဖွဲ့အစည်းတခုခုကနေပြီးတော့ ကြားမှာ သက်သေခံပေးတဲ့ ဟာမျိုးကိုလည်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ကေအိုင်အိုဌာနချုပ်ရဲ့ ဒီလူထုတွေ့ဆုံပွဲဟာ အစိုးရနဲ့ ကေအိုင်အိုအကြား ဇွန်လ ၉ ရက်ကနေ ခုထက်တိုင် တိုက်ပွဲတွေဖြစ်နေတာကို ဖြစ်စဉ်အလိုက် ရှင်းလင်းတာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ