A d v e r t i s e m e n t With Us

အ​မေ့​အိမ် ပညာဒါန​ကျောင်း​ကို စည်ပင်က ဖျက်သိမ်း​ခိုင်း

မြောက်ဥက္ကလာပမြို့​နယ်မှာ သူငယ်တန်း​က​နေ ၆ တန်း​အထိ က​လေး​ ၁၀၀ ​ကျော်ကို အခမဲ့​ ပညာသင်ကြား​ပေး​နေတဲ့​ အ​မေ့​အိမ် မူလတန်း​ ပညာဒါန​ကျောင်း​ကို မြို့​နယ်စည်ပင်သာယာရုံး​က​နေ ချက်ချင်း​ဖျက်သိမ်း​ပေး​ဖို့​ အ​ကြောင်း​ကြား​စာကို ဒီက​နေ့​ ည​နေ ၅ နာရီက စည်ပင်အရာရှိ ၂ ဦး​က လာ​ပေး​ကြောင်း​ ​ကျောင်း​တာဝန်ခံ ဦး​အေး​မြင့်​က ​ပြောပါတယ်။ ဒီစာမှာ ​ကျောင်း​မြေ​နေရာမှာ စည်ပင်ခွင့်​ပြုချက် မရှိဘဲ ​ကျောင်း​ဆောက်ရန် ကွန်ကရစ် အုတ်တိုင်​တွေ ​ဆောက်ထား​တဲ့​အတွက် ချက်ချင်း​ဖျက်သိမ်း​ပေး​ဖို့​၊​ မလိုက်နာပါက အ​ရေး​ယူ​ဆောင်ရွက်မယ်လို့​ ပါရှိပါတယ်။ ကျောင်း​တာဝန်ခံ ဦး​အေး​မြင့်​က​တော့​ တခြား​ စည်ပင်နယ်နိမိတ် ကျုး​ကျော်​နေရာ​တွေမှာ တိုက်အိမ်​ဆောက်​နေတာ​တွေရှိ​နေတဲ့​ကြား​က အခုလို ဆင်း​ရနွမ်း​ပါး​က​လေး​တွေကို အခမဲ့​စာသင်​ပေး​နေတဲ့​ ပညာဒါန​ကျောင်း​ကိုမှ ​ရွေး​ပြီး​ ဖျက်သိမ်း​ခိုင်း​တာ ဖြစ်တဲ့​အတွက် မလိုက်နာနိုင်​ကြောင်း​၊​ ​ကျောင်း​ကို စာဆက်သင်သွား​မှာ ဖြစ်​ကြောင်း​ ပြန်လည်​ဖြေကြား​ခဲ့​တယ်လို့​ ဆိုပါတယ်။ အရင်ကလည်း​ ​မြောက်ဥက္ကလာ အ​မေ့​အိမ် အထက်တန်း​ပညာဒါန​ကျောင်း​ကို အိမ်ရှင်က​နေ တဖက်လှည့်​ ဖိအား​ပေး​မှု​တွေရှိခဲ့​တဲ့​အတွက် မုဒိတာလမ်း​၊​ ကျုး​ကျော်ရပ်ကွက်ဘက်ကို ​ရွှေ့​ပြောင်း​ဖွင့်​လှစ်ထား​ရပါတယ်။ မြောက်ဥက္ကလာ အ​မေ့​အိမ် ပညာဒါန​ကျောင်း​ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း​ ​နောက်ပိုင်း​ကာလကတည်း​က ကရုဏာလက် လူမှုအကျိုး​ပြုလူငယ်များ​က စတင်ဖွင့်​လှစ်ခဲ့​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up