ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် ၄ ရက်ဆက်တိုက်ပွဲဖြစ်
နန်းမြနဒီ
·
July 14, 2011
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ကိုင်ဖိုက်ဒေသ လွိုင်ဆိုင်းတောင်မှာ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ရဲ့ တိုက်ပွဲဟာ ဒီကနေ့မှာလည်း ဆက်ဖြစ်နေပါတယ်။
အစိုးရတပ်ဘက်က နောက်ထပ်အင်အား ၅၀၀ လောက်တိုးချဲ့ပြီး လွိုင်ဆိုင်းတောင်မှာ ဝိုင်းထားခြင်းခံရတဲ့ အစိုးရတပ်ကို ပြန်လည်ကူညီဖို့ ကြိုးစားနေပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ အက်စ်အက်စ်အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ အရာရှိတဦးက “ခုထိ တိုက်ပွဲတွေ ဖြစ်တယ်။ သူတို့ဘက်က စစ်ကူတွေ ပြန်လာတယ်လေ။ လေးရာငါးရာလောက် ရှိမယ်ထင်တယ်။ အဲဒီ လေးငါးရာက ကျနော်တို့ တောင်ဘက်မှာ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ကျနော်တို့ လူတွေရဲ့ မြောက်ဘက်ခြမ်းမှာ၊ နောက်ပြီးတော့ သူတို့စခန်းငယ် နောက်ပေါက်ကနေ လက်နက်ကြီးတွေ ကူပစ်ပေးတယ်။ ဒီနေ့တော့ တိမ်တွေ ဖုံးနေတယ်။ ရာသီဥတု မကောင်းဘူးလေ။ လေကြောင်းက သူတို့အခွင့်မသာလို့လေ။ နောက်ပြီး သူတို့လူနဲ့ ကျနော်တို့လူက ကပ်နေတာ တဖာလုံလောက်ပဲ ဆိုတော့ ဗုံးကြဲဖို့ အခွင့်အလမ်း မသာခဲ့ဘူးပေါ့။ တိုက်ပွဲအခြေအနေကလည်း ခုထက်ထိဆိုတော့ အကျအဆုံး ဒဏ်ရာရ စာရင်းတွေ ကျနော်တို့ ကောင်းကောင်း မသိရသေးဘူး” လို့ ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီဌာနချုပ် ဝမ့်ဟိုင်းဒေသဘက်ကိုလည်း အစိုးရတပ်ဘက်က ခလရ ၆၇၊ ၂၂၊ ၆၄ စတဲ့တပ်ရင်းတွေက အင်အား ၁၅၀ ကျော်နဲ့ ဖြည့်တင်းနေရာယူထားသလို မိုင်းရှူး - မိုင်းနောင် ကားလမ်းပေါ်မှာလည်း အင်အား ၁၅၀ ကျော်က တိုက်ဖို့အသင့်ပြင်ထားတာ တွေ့ရတယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတယောက်က ပြောပါတယ်။
ရှမ်းတပ်မတော် ဝမ့်ဟိုင်းဌာနချုပ်ရဲ့ အနောက်မြောက် ၁၂ မိုင်အကွာ မန့်ကတ်ဒေသဘက်မှာလည်း အစိုးရတပ်တွေဘက်က အင်အား ၂၀၀ နဲ့ ရှမ်းပြည်တပ်မတော် တပ်မဟာ ၂၇ အထူးလုံခြုံရေးတပ်က တပ်ရင်း ၅ ရင်းတို့ အပြင်းအထန်တိုက် နေကြတယ်။
ဒီလို အပြင်းအထန်ထိုးစစ်ဆင်နေတာဟာ အစိုးရတပ်က ဝမ်ဟိုင်းတပ်ကို ဝင်သိမ်းဖို့ ကြိုးစားတဲ့ အခြေအနေမှာရှိနေတယ်လို့ အဆိုပါတပ်မှူးက ဆက်ပြောပါတယ်။
တိုက်ပွဲကြောင့် ဘေးလွတ်ရာဒေသကို ရှောင်ပြေးနေတဲ့ ဒေသခံ ရွာသားတွေကို မိုင်းရှူး၊ မိုင်းရယ်၊ ကျေးသီး သွားလမ်းနဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးပြီး ဝမ်ဟိုင်းမှတ်ပုံတင် ကိုင်ဆောင်တဲ့သူတွေကို ရှမ်းတပ်မတော်လို့ စွပ်စွဲပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။