Home မြန်မာသတင်း အစိုးရတပ္က အကျဉ်းသားပေါ်တာများကို မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုဆဲ
အစိုးရတပ်က အကျဉ်းသားပေါ်တာများကို မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုဆဲ
နော်နိုရင်း
·
July 13, 2011
dad man walking မြန်မာအစိုးရသစ် လက်ထက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်း စစ်ဆေးဖော်ထုတ်နိုင်ရေး အဆောတလျင်ဆောင်ရွက်ကြဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အစီရင်ခံစာထုတ်ပြန်ပြီး နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
ဒီအစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နဲ့ လူ့အခွင့်ရေး စောင့်ကြည့်သူများအဖွဲ့ (HRW) တို့ပူးပေါင်းပြီး Dead man walking ဆိုတဲ့ အမည်နဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီအစီရင်ခံစာဟာ ကရင်ပြည်နယ်အတွင်းမှာ အစိုးရတပ်တွေက အကျဉ်းသားပေါ်တာတွေကိုသုံးပြီး လူသားမိုင်းရှင်းကိရိယာအဖြစ် သုံးတာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်နေတာတွေကို အင်တာဗျုးတွေနဲ့ တင်ပြထားပါတယ်။
အကျဉ်းသားတွေကို ပေါ်တာအဖြစ်ခိုင်းစေတဲ့နေရာမှာ စစ်တပ်တွေ သာမက ထောင်အာဏာပိုင်တွေ၊ ရဲတွေနဲ့ အစိုးရဝန်ထမ်းတွေကလည်း လူအခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာလို့ အစီရင်ခံစာက ပြောပါတယ်။
ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တရပ် ပေါ်ထွန်းအောင် နိုင်ငံတကာကို တိုက်တွန်းတာလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ စောဖိုးဇော်က ပြောပါတယ်။
“ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို တချို့ ဥရောပနိုင်ငံတွေနဲ့ ထောက်ခံတာတော့ ရှိတယ်။ ဒါပေမယ့် သူတို့ ရှေ့ဆက်ပြီး ခြေလှမ်းလှမ်းဖို့ကိုတော့ တွန့်ဆုတ်နေတာတွေ တွေ့ရတယ်။ ဒါကြောင့် လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ ပျောက်သွားဖို့ကို အစိုးရသစ်က အပြောင်းအလဲတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်နေမယ့်အစား ဒီဟာကို ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးစေချင်တယ်။”
အခုနှစ်ဆန်းပိုင်းက ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အစိုးရတပ်နဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အကြား ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က အကျဉ်းသားပေါ်တာကို အသုံးပြုခဲ့ပါတယ်။
အကျဉ်းသား ပေါ်တာအဖြစ်ကနေ ထွက်ပြေးလာသူတဦးက “ဗုံးခြင်းတွေ၊ ကျည်ဆန်ခြင်းတွေ၊ ဆန်အိတ်တွေ၊ သူတို့ရဲ့ ကျောပိုးအိတ်တွေ သယ်ရတယ်။ ရေကိုလည်း အဆင်းအတက် မကြာခဏ ခပ်ခိုင်းတယ်။ ထမင်းလည်း မကျွေးဘူး။ တခါတလေလည်း ထမင်းငတ်တယ်။ တခါတလေလည်း မနက်ခင်းပိုင်း ထမင်းစားပြီး တနေကုန် နေရတယ်။ ရေက သူတို့ကို ခပ်ပေးရပြီး ကိုယ့်ကျတော့ ပြန်မတိုက်ဘူး။ ၄၀ ကျော် ၅၀ ကျော် အဘိုးကြီးတွေလည်းပါတယ်။ အဲဒါမျိုးတွေကို မထည့်သင့်ပါဘူး။ ကျနော်တို့လို လူငယ်တွေတောင် မလုပ်နိုင်တာ။ အဘိုးကြီးတွေဆို မကြာခင်သေတော့မယ်။ ကျနော်တို့ကို တိရစ္ဆာန်တကောင်လိုထက်တောင် ပိုပြီးတော့ နှိပ်စက်နေတယ်။ ကျနော်တို့လည်း တောင်သူလယ်သမားတွေပါ၊ ကျွဲနွားတောင်မှ အဲဒီလောက် ရက်ရက်စက်စက်မခိုင်းခဲ့ပါဘူး” လို့ ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ပြီး ဒီမိုကရေစီစနစ်နဲ့အညီ အရပ်သားအစိုးရ ပေါ်ပေါက်လာပြီလို့ ကြွေးကြော်နေပေမယ့် လက်တွေ့မှာ နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ စောဖိုးရှဲက အခုလို ပြောပါတယ်။
“အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ်ဖြစ်နေပေမယ့် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့မသွားတဲ့အပြင် ပိုပြီးဖြစ်ပွားနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်။ ကျနော်တို့အနေ နဲ့ကတော့ ပေါ်တာအသုံးပြုနေတဲ့ အစိုးရတပ်ရဲ့ ကရင်ပြည်တွင်း ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့ လိုလားပါတယ်။ နိုင်တကာအနေနဲ့လည်း ဒီအချက်အလက်ကို ယူပြီး မြန်မာ အစိုးရကို လူ့အခွင့်အရေးချိုးဖောက်မှု ပပျောက်တဲ့အထိ ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ လိုလားပါတယ်။”
ဆက်စပ်သတင်းများ