နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး ဒီကေဘီအေနှင့် ပူးပေါင်း
နော်နိုရင်း
·
July 13, 2011
ဗိုလ်မှူးကြီးစောချစ်သူရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး ဒီကေဘီအေတပ်ထံ ဒီကနေ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်တဲ့ လက်အောက်ခံ တပ်ရင်း ၁၀၁၇ က တပ်ကြပ်ကြီး စောအယ်တောအပါအဝင် အဖွဲ့ဝင် ၅ ဦး ဒီကေဘီအေ ၉၀၇ တပ်ရင်းမှူးထံမှာ ပူးပေါင်းတာဖြစ်ပါတယ်။
လက်နက်ကြီး ၇၉ မမ ၂ လက်အပါအဝင် လက်နက် ၇ ခု နဲ့ လာရောက်ပူးပေါင်းတာလို့ ပူးပေါင်းသူ တပ်ကြပ်ကြီး စောအယ်တောက ပြောပါတယ်။ နယ်ခြားစောင့်တပ်အဖြစ်မနေချင်ပဲ ဒီကေဘီအေအဖြစ် ရပ်တည်ချင်တာကြောင့် ပူးပေါင်းတာလို့ တပ်ကြပ်ကြီးအယ်တောက ပြောပါတယ်။
လာရောက်ပူးပေါင်းသူတွေဟာ နယ်ခြားစောင့်တပ်ရင်း ၁၀၁၇ တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဒီးဒီရဲ့ တပည့်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလကုန်က ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူးကြီး ပိုဘိ ဦးဆောင်တဲ့ အဖွဲ့ဟာ မြိုင်ကြီးငူဒေသကို တပ်အင်အားနဲ့ ဝိုင်းခဲ့ပါတယ်။
အဲဒီနောက် ဇွန်လလယ်ပိုင်းကစပြီး မြိုင်ကြီးငူရှိ နယ်ခြားစောင့်အားလုံး ဒီကေဘီအေ တံဆိပ်ပြန်လည်တပ်ဆင်ခဲ့ပါတယ်။ အခုနောက်ပိုင်း ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်တဲ့ လက်အောက်ခံတပ်တွေ ဒီကေဘီအေနဲ့ ပူးပေါင်းလာတာ ဖြစ်ပါတယ်။