DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်မထိုးသေးသည့် တပ်ဖွဲ့များ ညှိနှိုင်းဖြေရှင်းရေး ကော်မတီတရပ်ဖွဲ့
DVB
·
December 10, 2015
အပစ်ရပ်မထိုးသေးသည့် တပ်ဖွဲ့များ ညှိနှိုင်းဖြေရှင်းရေး ကော်မတီတရပ်ဖွဲ့
1 / 5
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်နေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အစည်းအဝေးကနေ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။

ဒီဇင်ဘာ ၇ ရက်ကစပြီး ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူအန်အက်ဖ်စီ အစည်းအဝေးပွဲကနေ မပြီးပြတ်သေးတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ဒီကော်မတီကို ဖွဲ့စည်းခဲ့တာလို့ အဖွဲ့ဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

“မပြီးပြတ်သေးတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ အဲ့ဒီကနေ နိုင်ငံရေးဆွေးနွေးပွဲဆီရောက်ဖို့ အဲ့ဒီကိစ္စတွေ ဆက်လုပ်သွားဖို့ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ အဲ့ဒီအဖွဲ့ကနေ အဆင်ပြေသလို ဆက်လုပ်သွားဖို့ပေါ့လေ၊ အရင်ကလိုပေါ့၊ အန်စီစီတီတို့ အက်စ်ဒီတို့လိုပေါ့။”

အခုဖွဲ့လိုက်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီမှာ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ အတွင်းရေးမှူးအဖြစ် ခူးဦးရယ်နဲ့ အဖွဲ့ဝင်တွေထဲက ကိုယ်စားလှယ် တဦးကျစီ ပါဝင်မှာ ဖြစ်ပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုတဲ့အခါ ပိုပြီး အဆင်ပြေမယ်လို့ မျှော်လင့်နေပါတယ်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီဥက္ကဋ္ဌ နိုင်ဟံသာက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဖခင်ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို သူများထက် တန်ဖိုးထား လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

“ကျနော် တခု မျှော်လင့်မိတာကတော့ သူ့အဖေကိုယ်တိုင် ဦးဆောင်ပြီးတော့ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို သူက ဆက်လက်ပြီးတော့ သူများထက်တော့ တန်ဖိုးထားမှာပေါ့လေ၊ ဒါကိုတော့ ဆက်လက်ပြီး အကောင်အထည်ဖော်လိမ့်မယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ်။ နောက် ပတ်ဝန်းကျင်မှာရော၊ သူကိုယ်တိုင်ရော နားလည်တာကတော့ ကျနော်တို့နိုင်ငံမှာ ပင်လုံစာချုပ်ကို ဖောက်ဖျက်ပြီးတော့မှ တမျိုးလုပ်လိုက်လို့ ဒီလို ပြည်တွင်းစစ်တွေ ဖြစ်နေရတယ်။”

ကော်မတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ သီးခြားအစီအစဉ် မရှိဘဲ အဆင်ပြေရင်တော့ တွေ့မယ်လို့လည်း ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှာ လတ်တလော အဖွဲ့ ၉ ဖွဲ့ပဲ ကျန်ရှိပြီး အခု စည်းဝေးပွဲအတွင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) နဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) တို့ကို အဖွဲ့ဝင်အဖြစ်မှ ယာယီ ဆိုင်းငံ့ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013