Home မြန်မာသတင်း ဘိုးဘွားပိုင် မြေပိုင်ရှင်ကို မောင်းထုတ်
ဘိုးဘွားပိုင် မြေပိုင်ရှင်ကို မောင်းထုတ်
နော်နိုရင်း
·
July 12, 2011
paddy ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းထဲက လေးထောင့်ကန်ကျေးရွာမှာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေကို မြို့နယ်မှူးက သိမ်းယူလိုက်သလို တပတ်အတွင်း လယ်ကွင်းထဲက ထွက်ခွာဖို့ ပိုင်ရှင်လယ်သမားကို အမိန့်ထုတ်လိုက်ပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း လေးထောင့်ကန်ကျေးရွာက လယ် ၅ ဒဿမ ၅ ဧကရှိတဲ့ ကိုဖိုးဇော်ပိုင် လယ်မြေကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှူးက အပြီးအပြတ် သိမ်းပိုက်လိုက်တာပါ။
ဒီလယ်မြေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က ကိုဖိုးဇော်ရဲ့ အဘိုးကိုယ်တိုင် ခုတ်ထွင်ရှင်းလင်းပြီး လယ်ဖော် ခဲ့တာ ဖြစ်ပြီး အမည်ပေါက်ပြေစာရှိသလို နိုင်ငံတော်ကိုလည်း နှစ်စဉ် အခွန်ငွေပေးဆောင်တဲ့ လယ်မြေ ဖြစ်ပါတယ်။
ကိုဖိုးဇော်ရဲ့ ဖခင်လက်ထဲမှာ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှူးက သိမ်းယူပြီး သီးစားနဲ့ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ ကိုဖိုးဇော်လယ်ပိုင်ခွင့်ရရေး ဝိုင်းကြိုးပမ်းသူ အဖွဲ့ချုပ်ဝင် ဦးအေးသွင်က ပြောပါတယ်။
ဖခင်လက်ထက်ကတည်းက သူ့လက်ထက်ထိ ကိုယ့်လယ်ကို သီးစားခ တဧက ၁၀ တင်းနှုန်း မြို့နယ်မှူးကို ပေးပြီးလုပ်ကိုင်နေတာဖြစ်ပြီး လာမယ့်နှစ်မှာ ၁၅ တင်းသီးစားခ ပေးဆောင်ဖို့ စာချုပ်ချုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒီနှစ်စပါး စိုက်ပြီးလို့ စပါးပင်းတလသားဖြစ်နေချိန်မှာ မြို့နယ်မှူးက နောက်ထပ် စီးပွားရေးသမား ကိုကြည်ကို ဆိုသူကို ၁ ဒသမ ၂ ဧကကို လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ အဲဒီနောက် ကိုကြည်ကိုဟာ ကိုဖိုးဇော် လုပ်ကိုင်တဲ့လယ်မြေထဲမှာမှာ ငါးကန်တွေ တူးသလို ဟန့်တားနှောင့်ယှက်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုဖိုးဇော်ဟာ အခုလ ၇ ရက်နေ့က မြို့နယ်မှူးအပါဝင် ရန်ကုန်တိုင်းဝန်ကြီး၊ လယ်ယာနဲ့စိုက်ပျိုးရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနအပါဝင် အိုင်အယ်လ်အို၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲနဲ့ အမျိုးသားဒီကရေစီအဖွဲ့ချုပ်တွေကို လိပ်မူ တိုင်ကြားခဲ့ပါတယ်။
ဒီလိုတိုင်ကြားပြီးနောက်ပိုင်းမှာ မြို့နယ်မှူးက ကိုဖိုးဇော်နဲ့ ကိုကြည်ကိုတို့နှစ်ဦးစလုံးကို ဒီလယ်မြေထဲ ဆက်မလုပ်ကြတော့ဖို့ အခုလ ၉ ရက်နေ့ကအမိန့်ထုတ်ခဲ့ပါတယ်။
ဒီနေ့မှာတော့ လာမယ့် ၁၅ ရက်နေ့နောက် ဆုံးထားပြီး အဲဒီကနေထွက်ဖို့ အမိန့်ထုတ်တာဖြစ်ပါတယ်။
ကိုဖိုးဇော်ကို ကူညီပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးအေးသွင်က “ဖိုးဇော်က သူတို့ဆီမှာ သီးစားချပေးတဲ့အတွက် တရားဝင် သီးစားခပေးပြီး လုပ်တယ်ဆိုပြီး စာချုပ်ချုပ်ခဲ့တာ။ အခုတော့ ပျိုးပင်တွေကနေ လသားအရွယ်ရောက်လာမှ ဖယ်ခိုင်းတယ်ဆိုတော့ မောင်ဖိုးဇော်အနေနဲ့ အများကြီး နစ်နာတယ်။ ဘယ်လောက်ထိ နစ်နာမလဲဆိုရင် တရာသီလုံး ထွက်လာတဲ့စပါး တန်ဖိုးထိပါ ဆုံးရှုံးသွားမယ်။ ပြီးခဲ့တဲ့ညကမှ ရပ်ကွက်ပိုင်မြေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်အနီတွေကို ညတွင်းချင်း လေးထောင့်ကန်ကျေးရွာမှာ ရှိတဲ့စခန်းမှူးနဲ့ နယ်ထိန်းတွေက လာပြီးတော့ စိုက်ထူသွားတာ။ သူတို့က လုပ်ပြီးသားလယ်တွေကို တပ်ဖွဲ့ပိုင်မြေ၊ တပ်ဖွဲ့ပိုင်လူတွေနဲ့ စက်ယန္တရားတွေနဲ့ လုပ်ကိုင်မှာဖြစ်တဲ့အတွက် အဲဒါကို ၁၅ရက်နေ့ နောက်ဆုံးထားပြီး ထွက်ပေးဖို့၊ တကယ်လို့ ထွက်မပေးဘူးဆိုရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး သတိပေးစာ ပေးလိုက်တာပါ။ မြို့နယ်မှူးကိုယ်တိုင် လက်မှတ်ထိုးထားတယ်” လို့ ပြောပါတယ်။
ဆက်စပ်သတင်းများ