DVB Logo
Home
မြန်မာသတင်း
အင်္ဂါချွတ်ယွင်း​သည့်​ ​ရေ​မျော​ရေလုပ်သား​ နစ်နာ​ကြေး​မရ
DVB
·
July 12, 2011
Donate to DVB

ပြီး​ခဲ့​တဲ့​မတ်လ မိုး​သက်​လေပြင်း​တိုက်တုန်း​က ဘင်္ဂလား​ပင်လယ်ထဲ ၅ ရက်​မျောပါပြီး​ ​ခြေ​ထောက်တဖက် ဆုံး​ရှုံး​ခဲ့​ရတဲ့​ ​ရေလုပ်သား​ဟာ အလုပ်ရှင်ထံက​နေ နစ်နာ​ကြေး​ မရသလို အလုပ်သမား​ဝန်ကြီး​ဌာနကလည်း​ အလုပ်ရှင်ဘက်က လိုက်ပါ​ပြောဆို​နေတဲ့​အတွက် အဲဒီ​ရေလုပ်သား​ရဲ့​မိသား​စု အခက်​တွေ့​နေကြရပါတယ်။

ပြီး​ခဲ့​တဲ့​ မတ်လက ကျ​ရောက်တဲ့​ မိုး​သက်​လေပြင်း​ကြောင့်​ ဖျာပုံနဲ့​ ဘိုက​လေး​မြို့​နယ်ထဲက ​ရေလုပ်သား​ တ​သောင်း​ကျာ် ပင်လယ်ထဲ ​မျောပါခဲ့​ပြီး​ ၆၀၀ ခန့်​ ​ပျောက်ဆုံး​ခဲ့​ပါတယ်။

ဖျာပုံမြို့​နယ် ခါး​ပြတ်ဘက်မှာ ကျား​ဖောင်​ထောင်တဲ့​ ​ရေလုပ်သား​ ကိုနိုင်ဟာ အဲဒီမုန်တိုင်း​တိုက်ချိန် ပင်လယ်ထဲ ၅ ရက် ခန့်​ ​မျောပါခဲ့​ပြီး​ ဒဏ်ရာအပြင်း​အထန် ရခဲ့​တဲ့​အတွက် ​ခြေ​ထောက်တဖက်ပါ ဖြတ်ခဲ့​ရပါတယ်။

လုပ်ငန်း​ခွင်အတွင်း​ ဒဏ်ရာရတာ ဖြစ်တဲ့​အတွက် လုပ်ငန်း​ရှင်ကို ​ဆေး​ဖိုး​ဝါး​ခ ကူညီဖို့​ ​တောင်း​ခံခဲ့​ပေမယ့်​ မကူညီသလို နစ်နာ​ကြေး​ ​တောင်း​ခံရာမှာလည်း​ မ​ပေး​ဘူး​လို့​ ​ကော့​မှူး​မြို့​နယ်စုကလက်​ရေ​ကျော်ရွာသား​ ကိုနိုင်ရဲ့​ဇနီး​ မဥမ္မာချိုက ​ပြောပါတယ်။

“ကျမတို့​ ​ရေ​မျောတုန်း​က ​ဖောင်ပျက်တဲ့​ထဲမှာ ပါသွား​ပြီး​တော့​ ​ဖောင်က ထိခိုက်ဒဏ်ရာရပြီး​ ​ခြေ​ထောက်တဖက် ဖြတ်လိုက်ရတယ်။ ကယ်ဆယ်​ရေး​တပ်ဖွဲ့​က​နေ ပြည်သူ့​ဆေး​ရုံကြီး​ကို တင်ကု​ပေး​ပြီး​တော့​ အဲဒီအပြင်း​အထန် ဒဏ်ရာရတဲ့​ ​နေရာက ဘယ်ဘက်​ခြေ​ထောက်ကို ဖြတ်လိုက်ရတယ်။ အဲ​တော့​ ကျမတို့​က လုပ်ငန်း​ရှင်ကို အမျိုး​မျိုး​ ဆက်သွယ်တယ်။ လုပ်ငန်း​ရှင်က ဘာတခုမှ ကျမတို့​ဘက်ကို လှည့်​မကြည့်​ဘူး​။ ဆက်သွယ်မှုလည်း​ လုပ်မရ​တော့​ ကျမတို့​လည်း​ အန်အယ်လ်ဒီကို အကူအညီ​တောင်း​ပြီး​တော့​ တင်ပြထား​တယ်။ အဲဒီက​နေတဆင့်​ အလုပ်သမား​ရေး​ဝန်ကြီး​ဌာနကို ​ရောက်သွား​တယ်။ ဒါ​ပေမယ့်​ အလုပ်သမား​ဝန်ကြီး​ဌာနကလည်း​ လုပ်ငန်း​ရှင်ဘက်က ရပ်တည်ပြီး​တော့​ စကား​ပြောတယ်။ ကျမတို့​ဘက်ကို တအား​နှိမ့်​ချပြီး​ ဖိအား​တွေ​ပေး​တယ်။”

ခြေ​ထောက်တဖက် ဆုံး​ရှုံး​ရမှုအတွက် နစ်နာ​ကြေး​အ​နေနဲ့​ ကျပ်​ငွေသိန်း​ ၃၀ ​တောင်း​ခံတာကို လုပ်ငန်း​ရှင်က လက်မခံပုံနဲ့​ လက်ရှိ သူတို့​ မိသား​စု စား​ဝတ်​နေ​ရေး​ အခက်အခဲဖြစ်ရပုံကို မဥမ္မာချိုက အခုလိုရှင်း​ပြပါတယ်။

“ကျမတို့​က သိန်း​သုံး​ဆယ်​တောင်း​ထား​တယ်။ နစ်နာ​ကြေး​အဖြစ် ​ပေး​ပါ​ပေါ့​။ အဲဒါကို သူတို့​က မ​တော်မတရား​ ​တောင်း​တယ်​ပေါ့​။ ရပိုင်ခွင့်​ရှိတာ၊​ သုံး​၊​ ​လေး​သိန်း​ပဲ ရပိုင်ခွင့်​ရှိတယ်။ ဒီ​ခြေ​ထောက်တ​ချောင်း​ကို ဘယ်​လောက်​ပေါ့​။ ​ခြေဆစ်တဆစ်ကို ဘယ်​လောက် တွက်ပြတယ်။ ကျမတို့​အတွက်​တော့​ ​ခြေ​ထောက်တဖက် ပျက်သွား​တာ ဘဝတသက်လုံး​စာကို ​တောင်း​တာ​ပေါ့​။ က​လေး​လေး​ယောက်လည်း​ ကျန်​နေခဲ့​တယ်။ က​လေး​တွေရဲ့​ အနာဂတ်အတွက် ကျမအမျိုး​သား​က ပိုက်ဆံ သိန်း​ ၃၀ ​တောင်း​တာ။ အခုလည်း​ ကျမတို့​ အမှုနဲ့​ပတ်သက်လို့​ အလုပ်သမား​ဝန်ကြီး​ဌာနက မဟုတ်တဲ့​စကား​တွေနဲ့​ ကျမတို့​ကို အချိန်​တွေကို ကြာမြင့်​အောင် ဆွဲ​နေသလိုပဲ။ ကျမတို့​ကို အခု​နေ​တော့​ ရွာက​နေ ဝိုင်း​ဝန်း​ကျွေး​မွေး​ ​စောင့်​ရှောက်​နေတယ်။”

ရေ​မျောပြီး​ပြန်လာတဲ့​ ​ရေလုပ်သား​တွေကို အလုပ်ရှင်တချို့​က လစာ​တွေ ပြန်ထုတ်​ပေး​ကြ​ပေမယ့်​ တချို့​က လုပ်ငန်း​ပါ ပျက်သွား​မ​လောက်ဖြစ်တာ​ကြောင့်​ လစာမ​ပေး​နိုင်ဘဲ ​နေ့​စဉ်စား​ဝတ်​နေ​ရေး​ ​ပြေလည်​အောင်သာ လုပ်​ဆောင်​ပေး​ကြပါတယ်။

ပင်လယ်ထဲ​မျောပြီး​ ဒဏ်ရာရသူ​တွေကို နိုင်ငံ​တော်နဲ့​ ငါး​လုပ်ငန်း​ဦး​စီး​ဌာနက တဦး​ကို ကျပ်​ငွေ တ​သောင်း​စီ ​ထောက်ပံ့​ခဲ့​ပြီး​ ​သေဆုံး​သူ​တွေအတွက် လုပ်ငန်း​ရှင်​တွေက တဦး​ကို တသိန်း​ခွဲစီ ​ထောက်ပံ့​ဖို့​ဆုံး​ဖြတ်ပြီး​ သုံး​သုတ်ခွဲ​ပေး​မယ်လို့​ ကတိပြုထား​ပါတယ်။

ဒီအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ ဖျာပုံမြို့​ လုပ်ငန်း​ရှင်တဦး​က “လုပ်ငန်း​ရှင်​တွေမှာလည်း​ စား​ဝတ်​နေ​ရေး​တွေက ​တော်​တော်အခက်အခဲ တခုလိုဖြစ်​နေကြတာ။ ဒီ​လောက်ကြီး​ကျ​တော့​လည်း​ ​ပေး​နိုင်မယ်လို့​ ကျ​နော်​တော့​ မထင်ဘူး​။ ဘာလို့​လဲဆို​တော့​ အသက်ဆုံး​ရှုံး​တဲ့​လူ​တောင်မှ တစ်သိန်း​ခွဲဆိုတာ ​တော်​တော်ဖျစ်ညှစ် လိုက်ရှာပြီး​ ​ပေး​ကြကမ်း​ကြတယ်။ တချို့​ ​ပြေလည်တဲ့​လူကျ​တော့​လည်း​ လွယ်လွယ်ကူကူ​ပေး​နိုင်ပါတယ်။ ပစ္စည်း​မဆုံး​ရှုံး​ရင်​တော့​ ဒီလုပ်ငန်း​က ​လော​လောဆယ် မ​ပေး​နိုင်ဘူး​ဆို ​တောင်း​ပန်လို့​ရတယ်။ ​နောက်လ​လောက်ဆို လုပ်ငန်း​ရာသီ ပြန်စ​တော့​မယ်။ ပွဲရုံ​တွေက​နေ ပိုက်ဆံပြန်ထုတ်လို့​ ရကြတာ။ အခုက သူတို့​လုပ်ငန်း​တွေလည်း​ ဆုံး​ရှုံး​တယ်။ ပစ္စည်း​တွေလည်း​ ဆုံး​ရှုံး​တော့​ သူတို့​မှာ ထူ​ထောင်ဖို့​တောင် မလွယ်ဘူး​ဖြစ်​နေတယ်” လို့​ ​ပြောပါတယ်။

ပျောက်ဆုံး​ရေလုပ်သား​ ​ခြောက်ရာခန့်​အနက် သီရိလင်္ကာနိုင်ငံက ၁၃၀ ခန့်​ ကယ်တင်ထား​တာကို မြန်မာအစိုး​ရဘက်က ဆယ်ပုံတပုံခန့်​သာ ​လေယာဉ်နဲ့​ပြန်​ခေါ်​သေး​ပြီး​ ကျန်သူ​တွေကို အစိုး​ရက ပြန်လည် မ​ခေါ်နိုင်​သေး​ဘဲ သီရိလင်္ကာမှာပဲ ​သောင်တင်​နေကြပါတယ်။

လေပြင်း​ကြောင့်​ ကျား​ဖောင်နဲ့​ ငါး​ဖမ်း​ပိုက်​တွေအပါအဝင် ပျက်စီး​ဆုံး​ရှုံး​မှု တန်ဖိုး​ဟာ ကျပ်သန်း​ပေါင်း​ ၆ ​ထောင်​ကျော်တယ်လို့​ ဖျာပုံမြို့​ ကျား​ဖမ်း​ပိုက်အသင်း​က ခန့်​မှန်း​ထား​ပြီး​ လာမယ့်​နှစ်မှာ အရင်လုပ်ငန်း​တွေရဲ့​ တဝက်နီး​ပါး​လောက်သာ ပြန်လုပ်နိုင်​တော့​မယ်လို့​ ​ရေလုပ်ငန်း​ရှင်​တွေက ခန့်မှန်း​ပြောဆို​နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013