သမ္မတအကြံပေးဦးမြင့်၏ အဖွဲ့ချုပ်စာတမ်းဖတ်ပွဲ စီစဉ်ပြီးမှဖျက်
DVB
·
July 11, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီကနေ့ ပြုလုပ်မယ့် သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင့်ရဲ့ “ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲ” စီစဉ်ပြီးမှ ပျက်သွားပါတယ်။
[caption id="attachment_12569" align="alignright" width="310" caption="အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး"][/caption]
အာဏာပိုင်တွေဘက်က ဦးမြင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မလုပ်ဘဲ အခြားနေရာမှာ လုပ်ဖို့ ဖိအားပေးတာကြောင့် ပျက်သွားခဲ့ရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက အတည်ပြု ပြောဆိုပါတယ်။
“လုပ်မယ့်နေ့မှာ ဦးမြင့်ကို အစိုးရအာဏာပိုင်တွေကနေ စာတမ်းဖတ်တာနဲ့ ပတ်သက်တာကို အဖွဲ့ချုပ်မှာ မလုပ်ဘဲ အခြားနေရာမှာ ဖတ်မယ်ဆိုရင် ဖြစ်တယ်လို့ ပြောတယ်နဲ့ တူတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဦးမြင့်ဆီက စာတမ်းဖတ်တဲ့ တာဝန်ခံ ပုဂ္ဂိုလ်ဆီကို ဒီမှာစာတမ်းဖတ်ပွဲ မပေးလုပ်တဲ့အကြောင်း ပြောလို့ ဒီလိုပဲ ရပ်စဲလိုက်တာပါ။”
ဒီဟောပြောပွဲကို အဖွဲ့ချုပ်ဝင် ၅၀ ခန့်နဲ့ ကျင်းပဖို့ စီစဉ်ထားရာက ဖျက်သိမ်းလိုက်ရတာလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပြုလုပ်နေတဲ့ ပညာပေးအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးတင်ဦးက ...
“ဒီလို ဆွေးနွေးပွဲလုပ်နေတာကတော့ မပြတ်လုပ်နေတာပဲ။ အဲဒီရည်ရွယ်ချက်နဲ့ ဒီနေ့လက်ရှိ တာဝန်ပေးတဲ့အတိုင်း တင်ပြရမယ့် စီးပွားရေး အချက်အလက်တွေနဲ့ ပတ်သက်ပြီး လိုက်ပြီး ဆွေးနွေးနေတာနဲ့ ပတ်သက်လို့ ဒါသူတို့ အဖွဲ့ချုပ်ကို လာပြီးတော့ ဆွေးနွေးချင်တယ်ဆိုတာကို အကြောင်းပြုပြီး စီစဉ်ပေးတာပါ။ သူတို့ဘက်က မလာဖြစ်ဘူး ဆိုတော့လည်း မလာဖြစ်တဲ့ အတိုင်းပေါ့။ သို့သော် ကျနော်တို့ကတော့ လုပ်စရာရှိတာ အားလုံး ဆက်လုပ်သွားမှာပဲလေ။”
ပြီးခဲ့တဲ့လကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုင်ငံရေး သိပ္ပံသင်တန်းတခု ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးတွေကြောင့် အကန့်အသက်မရှိ ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။
လက်ရှိခြေအနေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ လယ်သမား သင်တန်း၊ သတင်းစာပညာ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့ပြီး အဲ့ဒီကတဆင့် မြို့နယ်အလိုက် ဆင့်ပွား သင်တန်းပေးတာတွေကို ပြုလုပ်နေပါတယ်။