Home
မေးမြန်းခန်း
အပြောင်းအလဲအတွက် တပ်မတော်ရဲ့ပံ့ပိုးမှု သိပ်အရေးကြီးတယ် - ရှေ့နေ ဦးကိုနီ
အေးနိုင်
·
December 5, 2015
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုအရ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။ အနိုင်ရပါတီကို အာဏာလွှဲပြောင်းရေး ချောမွေ့ဖို့ သမ္မတက အာမခံခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပွဲဟာ ရလဒ်ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆန္ဒရှင်ပြည်သူတွေက နိုင်ငံအကြီးအကဲအဖြစ် ဦးဆောင်အစိုးရ ဖွဲ့စည်းစေလိုတဲ့ဆန္ဒနဲ့ အန်အယ်လ်ဒီပါတီကို ပုံအောပြီး မဲပေးခဲ့ကြပေမယ့် သမ္မတ တာဝန်ထမ်းဖို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်ကို ကျော်လွှားဖို့ လိုအပ်ပါတယ်။ လက်ရှိဖြစ်ထွန်းတိုးတက်မှုတွေအပေါ် မပြတ်စောင့်ကြည့်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းထားပါတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်လွှတ်တော်မှာ ကိုယ်စားလှယ်အများစုနဲ့ လွှမ်းမိုးတော့မယ်ဆိုတော့ လွှတ်တော်အတွင်းမှာ အတိုက်အခံအဖြစ် ဘယ်သူတွေက ပေါ်ထွက်လာနိုင်ခြေရှိလဲ။ “အခုမြင်နေရတဲ့ အခင်းအကျင်းအရဆိုရင် အတိုက်အခံအနေနဲ့က ပြည်ခိုင်ဖြိုးက ၄၁ ယောက်ရှိတယ်။ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်ပေါ့၊ ပြည်သူ့လွှတ်တော်မှာ ၁၁၀၊ အမျိုးသားလွှတ်တော်မှာ ၅၆ ယောက်၊ ဒါ အတိုက်အခံရှိမယ်။ နောက်တခါ တိုင်းရင်းသားဘက်ကလည်း အင်အားကြီးကြီးနဲ့ ၀င်လာတဲ့ဟာက ရှမ်းရှိမယ်၊ အက်စ်အန်အယ်လ်ဒီ (ရှမ်းတိုင်းရင်းသားများဒီိမိုကရေစီအဖွဲ့ချုပ်) ရှိမယ်။ နောက်တခါ ရခိုင်ဘက်က တက်လာတဲ့ပါတီ (ရခိုင်အမျိုးသားပါတီ) ရှိမယ်။ အဲဒီ သူတို့တတွေဟာလည်းပဲ ဒါ အတိုက်အခံအနေနဲ့ ရပ်တည်သွားနိုင်တဲ့ အနေအထားတွေရှိတယ်ပေါ့ဗျာ။ ဝေဖန်တာ၊ ထောက်ပြတာ လုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ အများစု ကျနော်တို့က အနိုင်ရတယ်ဆိုပေမယ်လို့ ကျနော်တို့က အမှန်ပြောရရင် Simple Majority ကျော်ရုံလေးပဲ ရတာ။ ၆၀ ရာခိုင်နှုန်းဝန်းကျင်လောက်ပဲ ရှိပါတယ်။ တကယ်တမ်းကျတော့ စစ်တပ်က ၂၅ ရာနှုန်းယူထားတဲ့အတွက် သိပ်ပြီးတော့ လွှတ်တော်တခုလုံးကို Simple Majority ကျော်ရုံပဲရှိတယ်။ တကယ့်တကယ်တော့ အများကြီး ဟို ၆၇ ရာခိုင်နှုန်း၊ ၃ ပုံ ၂ ပုံတွေဘာတွေ ကျနော်တို့က မရသေးပါဘူး။” ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဆိုတော့ အခုလူတွေ စိတ်ဝင်စားနေတာက ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိတယ်မဟုတ်လား။ ဖွဲ့စည်းပုံအရကိုပဲလေ။ “အဲဒါက ဒီလိုဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ Internal Persistent ခေါ်တာပေါ့။ သူက စာအုပ်တအုပ်ထဲမှာပဲ အရှေ့နဲ့အနောက် မညီမညွတ်ဖြစ်တာ။ အဲဒီတော့ ကျနော်တို့ရဲ့အခြေခံမူမှာ နိုင်ငံသားတိုင်းဟာ အရွေးခံခွင့်ရှိတယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ်လို့ နောက်ပိုင်းကျတော့ ပုဒ်မ ၁၂၀ မှာကျတော့ နိုင်ငံသားတိုင်း အရွေးခံလို့ မရတော့ဘူးခင်ဗျ။ မိဘနှစ်ပါးပါ နိုင်ငံသားဖြစ်မှဆိုပြီး သူက လုပ်ပစ်လိုက်တယ်။ အဲဒါက အတော့်ကို ရှေ့နောက်မညီမညွတ်ဖြစ်တဲ့အပြင် တော်တော်အဓိပ္ပာယ်မရှိတဲ့ ပုဒ်မမျိုးပေါ့ဗျာ။ တခြားနိုင်ငံတွေမှာလည်း မသုံးပါဘူး။ သူက အရွေးခံတဲ့လူ နိုင်ငံသားဖြစ်ဖို့လိုမယ်၊ သူဟာနိုင်ငံအတွင်းမှာ နိုင်ငံသားအဖြစ် ၁၀ နှစ်ရှိရမယ်၊ ၁၅ နှစ်ရှိရမယ်။ ၁၀ နှစ်နိုင်ငံသားအဖြစ်နေတာ၊ ဒါမျိုးပဲ သူက လုပ်လို့ရမယ်။ ဟိုမိဘ ၂ ပါးပါ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ဟာက ဒါက ခုနအခြေခံမူနဲ့သွားပြီးတော့ ဆန့်ကျင်နေတယ်။ တခါ ထပ်ပြီးတော့မှ သမ္မတအရည်အချင်းကျတဲ့အခါကျတော့ ဇနီးရော၊ ခင်ပွန်းရော၊ သားရော၊ သမီးရော နိုင်ငံသားဖြစ်ဖို့ လိုတယ်ဆိုပြီးတော့ သူက ထပ်ပြီးတော့ Extend လုပ်လိုက်တယ်။ ချဲ့လိုက်တာပေါ့ ဥပဒေကို။ ချဲ့လိုက်တဲ့အခါကျတော့ ကျနော်တို့က နိုင်ငံသားက တမျိုး၊ အရွေးခံလို့ရတဲ့ နိုင်ငံသားက တမျိုး၊ သမ္မတဖြစ်လို့ရတဲ့ နိုင်ငံသားက တမျိုးဆိုတော့ နိုင်ငံသားထဲမှာ Class တွေကို အများကြီးသွားခွဲခြားလိုက်သလိုဖြစ်နေပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ ကျနော်တို့ရဲ့ နိုင်ငံသားဥပဒေရော နှစ်ခုစလုံးဟာ ပြန်ပြီးတော့ သုံးသပ်ရမယ့် ဥပဒေထဲမှာ ပါနေပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိအောင် တော်တော်များများ ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ကျနော်တို့ ပြန်ပြင်ပစ်ဖို့လိုပါတယ်။” အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးဟာ အရင်တုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး  နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခံကြရတယ်ပေါ့နော်။  အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားတွေကို နိုင်ငံသားပြုခွင့် ပြန်ပေးလိုက်လို့ရှိရင် ၅၉ စ ပြင်ဆင်ရေးလမ်းကြောင်းက ပွင့်သွားနိုင်လား။ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ် အဲရစ်စ်ကလည်း ကွယ်လွန်ခဲ့ပြီဆိုတော့လေ။ “ဟုတ်ပါတယ်ခင်ဗျ။ ၅၉ (စ) မှာ သမ္မတလောင်းရဲ့အရည်အချင်းကို သတ်မှတ်တဲ့နေရာမှာ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ဒါတွေ နိုင်ငံသားဖြစ်ရမယ်လို့ သူက သတ်မှတ်ထားတဲ့အတွက် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ၂ ယောက်က နိုင်ငံခြားသားဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးခံလို့မရတဲ့သဘောဖြစ်နေတာ။ အဲဒီတော့ အလွယ်ဆုံးနည်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလေး ၂ ယောက်ဟာ တကယ်တော့ မူလက ဗမာနိုင်ငံသားအဖြစ် သူတို့က ခံယူထားသူတွေဖြစ်ပါတယ်။ အဲဒါကို ၁၉၈၉ မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူတဲ့အချိန်မှာပဲ ကလေး ၂ ယောက်ရဲ့ နိုင်ငံသားကို ရုပ်သိမ်းလိုက်တဲ့အတွက် ဒီလိုအခြေအနေမျိုးဖြစ်သွားတာပါ။ အဲဒီတော့ တမင်တကာကို ကလေး ၂ ယောက်ရဲ့ နိုင်ငံသားဖြစ်မှုကိုလည်း ရုပ်သိမ်းတယ်။ ပြီးတော့ ဥပဒေမှာလည်းပဲ ဒီအချက်ကို ထည့်ထားတယ်ဆိုတော့ ဒါကတော့ရှင်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာပေါ့ဗျာ။ ဒါပေမယ့် ဒါကို အလွယ်တကူဖြည်မယ်ဆိုလို့ရှိရင်တော့ ကလေး ၂ ယောက်ကို ပြန်ပြီးတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတယ်ဆိုရင် ၅၉ စ နဲ့  အလိုလိုလွတ်သွားရော။ ၅၉ စ မှာ သူက ငြိကို မငြိတော့ဘူး။ အဲဒီတော့ သူတို့ကို နိုင်ငံသားအဖြစ်က ရုပ်သိမ်းထားတာကို ပြန်ပြီးတော့ နိုင်ငံသားအဖြစ် ခွင့်ပြုပေးလိုက်မယ်ဆိုလို့ရှိရင် ၅၉ စကို ကျနော်တို့က လွယ်လွယ်ကူကူ ကျော်ဖြတ်လို့ရသွားပါပြီ။ ဒါကတော့ အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းပါပဲ။ လွှတ်တော်လည်း တင်စရာမလိုတဲ့နည်းပါပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီကလေး ၂ ယောက်ကို နိုင်ငံသားပေးတာ၊ နိုင်ငံသားအဖြစ် ရုပ်သိမ်းတာဟာ ကျနော်တို့ လ၀က ၀န်ကြီးပေါ့ဗျာ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးရဲ့ အာဏာအောက်မှာ ရှိနေတဲ့အတွက် အလွယ်တကူပဲ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ဒါ နိုင်ငံသားအဖြစ် လုပ်ပေးလိုက်လို့ရပါတယ်။ ဆိုလိုတာကတော့ အစိုးရအဖွဲ့ သဘောတူတာနဲ့တင် ပြီးသွားနိုင်ပါတယ်။” ဒေါက်တာမိုက်ကယ်အဲရစ်စ်က ကွယ်လွန်ပြီဆိုပေမယ့် သူက ခင်ပွန်းသည်ဆိုတော့ ငြိစွန်းနေမလား။ “မဟုတ်ဘူးဗျ၊ ဒါကတော့ Existence (ဖြစ်တည်မှု) ဆုံးသွားပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းမရှိပါဘူး။ မုဆိုးမပါ။ သူ့ကို ခင်ပွန်းရှိတယ်လို့ ပြောလို့ကို မရတော့ပါဘူး။ Existence ရှိနေတဲ့ခင်ပွန်း နိုင်ငံခြားသားဖြစ်မှသာ ဒီပုဒ်မနဲ့ ဆိုင်ပါတယ်။ မဟုတ်ရင် မဆိုင်ပါဘူးခင်ဗျ။ ဒါက တလမ်းပေါ့ဗျာ၊ နောက်တလမ်းကတော့ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်မယ်လို့ တကယ့် key player နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးက သဘောတူတယ်၊ လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယကကြီးကလည်း သဘောတူမယ်၊ အစိုးရဘက်ကလည်း ဒါကို ကန့်ကွက်ဖို့မရှိဘူး၊ တပ်မတော်ခေါင်းဆောင်ကလည်း ကန့်ကွက်ဖို့မရှိဘူး၊ အခုတက်လာတဲ့ အနိုင်ရပါတီကလည်း ဒါကိုပြင်ဖို့ သဘောတူတယ်ဆိုတဲ့ key player တွေ သဘောတူတယ်ဆိုလို့ရှိရင် ကျနော်တို့က လွှတ်တော်မှာ အထူးဥပဒေတခု ပြဋ္ဌာန်းလို့ရပါတယ်။ ၅၉ (စ) ကို ပြုပြင်ဖို့ရှိတဲ့အတွက် သူ့ရဲ့အသက်ဝင်မှုကို ရပ်ပစ်လိုက်လို့ရတယ်။ ဒါဆိုရင် ၅၉ (စ) က မရှိတော့တဲ့သဘော ဖြစ်သွားမယ်။ အဲဒါဆိုလို့ရှိရင်လည်းပဲ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် အလွယ်တကူ သမ္မတ ဖြစ်သွားနိုင်ပါတယ်။ ဒါကတော့ informal way လို့ ခေါ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို over lap လုပ်လိုက်တဲ့ဟာမျိုးပေါ့ဗျာ။ ကျနော်တို့က ဒါကို ကျော်ထားလိုက်တာပေါ့။ နိုင်ငံရေးအခြေအနေအရ၊ နိုင်ငံရေးဆိုတာ ဥပဒေရဲ့အထက်မှာ ရှိတာကိုး။ ဒီလိုလည်း သွားလို့ရပါတယ်။ ဒါတွေကတော့ အမြန်ဆုံးနည်းပေါ့။ မြန်မြန် ကျနော်တို့က ဒီပြဿနာကို ဖြေရှင်းတဲ့နည်းပေါ့ဗျာ။ ဖြေရှင်းဖို့လည်း ကောင်းပါတယ်၊ လိုလည်းလိုအပ်ပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျနော်တို့ တတိုင်းပြည်လုံးရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တယောက်ဟာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်ဖို့လမ်းကို ဖွင့်ပေးသင့်ပါတယ်။ အဲဒါ ဘာတုန်းဆိုတော့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ်အဓိကကျပါတယ်။ ဒီလို ခေါင်းဆောင်ကောင်းတယောက် သမ္မတအဖြစ် ဦးဆောင်မယ်ဆိုရင် နိုင်ငံတကာရဲ့ ပံ့ပိုးမှုနဲ့ ကျနော်တို့ နောက်ကျနေတဲ့တိုင်းပြည်၊ နိမ့်ကျနေတဲ့တိုင်းပြည်ဟာ အချိန်တိုအတွင်းမှာ ရှေ့ကို တက်လာနိုင်ပါတယ်။ အဲဒီလို တိုင်းပြည်ရဲ့ ရှေ့ရေးကို ကြည့်ပြီးတော့ ကျနော်တို့ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။” ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို သူ ဦးဆောင်သွားမယ်လို့။ အခု အနိုင်ရတဲ့အခါ တကယ့်လက်တွေ့မှာ နိုင်ငံအကြီးအကဲ သမ္မတဖြစ်ခွင့် မရဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရာမှာ သူ့ဦးဆောင်မှုပိုင်းမှာ အကျပ်အတည်း၊ အဖုအထစ် ရှိလာနိုင်ခြေရှိသလား။ အဲဒါက အရေးကြီးကိစ္စအဖြစ် ရှင်းဖို့မဟုတ်ဘူးလား။ “ဒီလိုဗျ၊ အဲဒါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစိတ်တပိုင်း ပတ်သက်တယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သမ္မတအုပ်ချုပ်ရေးစနစ်လို့ သူက ပုံဖော်ထားတာ။ ဒါပေမယ့် တကယ့်တကယ်တော့ သမ္မတအုပ်ချုပ်ရေး အစစ်အမှန်မဟုတ်ဘူး။ သမ္မတအုပ်ချုပ်ရေးဆိုတာက သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးရတယ်။ ပြီးတော့ သူက ပြည်သူကိုပဲ တာဝန်ခံပြီးတော့ အလုပ်လုပ်ရတယ်။ ဒါက သမ္မတအုပ်ချုပ်တဲ့စနစ် အစစ်အမှန်၊ အခု ကျနော်တို့တိုင်းပြည်ရဲ့ သမ္မတရွေးပုံက ပြည်သူတွေက လွှတ်တော်ကို ရွေးရတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးပြီးတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာကို ဖွဲ့စည်းတယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ပြည်သူများ ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်မင်းများကနေပြီးတော့ သမ္မတကို ရွေးတာ။ အဲဒီတော့ ပါလီမန်ကနေ သမ္မတကို ရွေးတဲ့အတွက် တနည်းအားဖြင့် Parliamentary Administration လို့ခေါ်တဲ့ ပါလီမန်အုပ်ချုပ်ရေးပုံစံလည်း ဖြစ်နေတယ်။ ဒါက ကျနော်တို့ key point (အဓိကအချက်) ပဲ။ အဲဒီတော့ လက်ရှိဖွဲ့စည်းပုံသည် အနှစ်သာရက  ပါလီမန်ဒီမိုကရေစီ  အုပ်ချုပ်ရေးပုံစံ ဖြစ်နေတယ်။ အဲဒီတော့ ပါတီတခုက အနိုင်ရရင် အဲဒီပါတီက သမ္မတကို ရွေးမယ်၊ အဲဒီတော့ အဲဒီသမ္မတသည် အဲဒီပါတီအကြီးအကဲရဲ့ အောက်မှာပဲ ရှိနေမယ်၊ အဲဒီပါတီရဲ့ အောက်မှာပဲရှိနေမယ်။ သူ့ကို သမ္မတအဖြစ် ပါတီက တင်တာဖြစ်တဲ့အတွက် ဒီသမ္မတသည် ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ကျော်လို့မရဘူး။ ဒီအောက်မှာပဲ သူက အလုပ်လုပ်ရတော့မယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတမဖြစ်ရင်လည်း သမ္မတအထက်မှာ သူရှိနေမယ်ဆိုတာ လုံးဝမှန်တယ်။ လက်ရှိဖွဲ့စည်းပုံကလည်း ဒီလမ်းကြောင်းကို သူက ထွင်ထားလို့ပါ။” ရွေးကောက်ပွဲအပြီးကာလ၊ အနိုင်ရရှိသူစာရင်း တရားဝင်ပေါက်တဲ့ကာလရောက်တဲ့ လက်ရှိကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်တွေ့ကျကျ လုပ်နိုင်တဲ့နည်းလမ်းက ဘာတွေဖြစ်မလဲ။ “အခု ဥပဒေပြင်ဖို့ဟာ လွှတ်တော်လမ်းကြောင်းကို သွားမယ်ဆိုရင်တော့ လက်ရှိလွှတ်တော်ရဲ့ နောက်ဆုံးဆက်ရှင်ခေါ်တာပေါ့ဗျာ။ last section၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေး ထိုင်နေတယ်။ ဒီမှာတော့ ကျနော်တို့က လူနည်းစုပဲ ဖြစ်နေတဲ့အတွက် ကျနော်တို့ ဒီ ပါလီမန်လမ်းကြောင်းနဲ့ လွှတ်တော်လမ်းကြောင်းနဲ့ ပြင်ဖို့ကတော့ မရနိုင်ဘူး။ အဲဒီတော့ ကျနော်တို့ ပထမဦးဆုံး လွှတ်တော်အစည်းအဝေး ပထမအကြိမ် ဒုတိယလွှတ်တော်အစည်းအဝေး စမှာကတော့ ၂၀၁၆ ဇန်န၀ါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီလဆန်းလောက်ဖြစ်မယ်။ ဖြစ်မယ်ဆိုလို့ရှိရင် ဒါက ဥပဒေအရ ပြောတာပါ။ ဥပဒေအရ ရွေးကောက်ပွဲကျင်းပတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အတွင်းမှာ လွှတ်တော်ခေါ်ပေးရမယ်လို့ ပြောထားတော့ ရက်ပေါင်း ၉၀ ဆိုတာ ဖေဖော်ဝါရီ ပထမအပတ်ပေါ့ဗျာ။ အဲဒီတော့ လွှတ်တော်ထိုင်ပြီဆိုရင်တော့ ကျနော်တို့ လွှတ်တော်မှာ အများစုရှိတာမှန်တယ်။ ဒါပေမယ့် အများစု ရှိပင်ရှိသော်ငြားလည်း တပ်မတော်က ၂၅ ရာနှုန်း ယူထားဆဲဖြစ်တဲ့အတွက် ဖွဲ့စည်းပုံကို ပြင်ချင်ရင်တော့ တပ်မတော် သဘောမတူသေးသရွေ့ ကျနော်တို့က လုပ်လို့ရမှာမဟုတ်ဘူး။ ကျနော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားရင်လည်း တပ်မတော်က ကန့်ကွက်ရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ရှိတည်ဆဲအနေအထားမှာ ပြုပြင်ဖို့၊ ပြင်ဆင်ဖို့ ပြောင်းလဲဖို့ဆိုရင် အရေးကြီးဆုံးအချက်ကတော့ တပ်မတော်ခေါင်းဆောင်တွေနဲ့ နားလည်မှုရဖို့က ဒါဟာ အဓိကအချက် ဖြစ်ပါတယ်။" ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်မဆင်ဘဲနဲ့ ဒီအတိုင်းထားပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အဆင်ပြေချောမွေ့အောင်၊ တိုင်းပြည် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စီးမျောဝင်ရောက်လာအောင် ဖော်ဆောင်လို့ မရနိုင်ဘူးလား။ “မရနိုင်ပါဘူးခင်ဗျ။ မရနိုင်ပါဘူး။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို မပြုပြင်ရင် နံပါတ် (၁) ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ လုံးဝမရနိုင်ဘူး။ နံပါတ် (၂) ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လို့ မရနိုင်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝဆက်စပ်နေပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီတိုင်းရင်းသားတွေက မကြိုက်လို့ ဒီလက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။ ပြည်တွင်းစစ်တွေ ဖြစ်နေတာပါ။ အဲတော့ ကျနော်တို့ ဒီ အစိုးရဖွဲ့ပြီးတာနဲ့ အခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန်လုပ်ထားတဲ့ Peace Process ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်ပြီးတော့ လုပ်သွားရမှာပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲ ဦးစားပေးလုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ကျနော်တို့က သိရပါတယ်။ အဲဒီတော့ အမြန်ဆုံး ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုပ်ရမယ့်ဟာ political dialogue လို့ခေါ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ။ အဲဒီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲက ဘယ်ကို ဦးတည်သွားမလဲဆိုတော့ ဖက်ဒရယ်၊ တကယ့်ကိုယ်ပိုင်အခွင့်အရေးကိုပေးတဲ့၊ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပေးတဲ့ စနစ်ကိုပြောင်းရတော့မယ်။ အဲဒီလိုပြောင်းမယ်ဆိုရင် ဒီဖွဲ့စည်းပုံကြီးဟာ လုံးဝကို ကျနော်တို့က ပြုပြင်ပြောင်းလဲရတော့မယ်။ အဲဒါကြောင့်မို့လို့ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးဆိုတာတွေ အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ်မှာ တိုက်ရိုက် သက်ဆိုင်နေတဲ့အတွက် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအလုပ်ဟာ အစိုးရဖွဲ့ပြီးတာနဲ့ ဦးစားပေးပြီးတော့ အာရုံစိုက်လုပ်ရမယ့် အလုပ်ထဲမှာ ပါပါတယ်ခင်ဗျ။" လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ပွဲမှာ တပ်မတော်အနေနဲ့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ အလုပ်တွေမှာ အနိုင်ရပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးက တိုင်းပြည်အတွက် အကျိုးရှိတဲ့အရာ မဟုတ်လား။ အဲဒီကိစ္စမှာ သော့ဂလောက်ကို ကိုင်ထားတာကလည်း တပ်မတော်ဆိုတော့လေ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စက ဘယ်လောက်အကျိုးရှိလဲ။ “မှန်ပါတယ်ခင်ဗျ။ တိုင်းပြည်အကျိုးရှိဖို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပထမဦးဆုံး လုပ်ရမယ့်အလုပ်ဟာ ညင်ညင်သာသာ အာဏာလွှဲပြောင်းပေးရေးဟာ ပထမအဆင့်ပေါ့ဗျာ။ အချိန်တိုအတွင်းမှာ အာဏာလွှဲပြောင်းပေးနိုင်လေလေ၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးကို စောစော စတင်နိုင်လေပဲဖြစ်မယ်။ ဒါက နံပါတ်တစ်။ အဲဒီတော့ အာဏာလွှဲပြောင်းရေး ရှောရှောရှူရှူ ဖြစ်ပြီဆိုရင် စောစောက ကျနော်ပြောသလို ဗမာနိုင်ငံကို အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတွေရဲ့ ဘ၀တွေလည်း လုံခြုံမှုရှိဖို့၊ အဲဒါတွေအားလုံး အချိန်တိုတိုအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဦးစားပေးလုပ်ရမယ့် အလုပ်ပဲ။ အဲဒီတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောတဲ့စကားက တိုင်းပြည်တိုးတက်ဖို့အတွက် ပူးပေါင်းလုပ်မယ်ဆိုရင် ဒီစကားက တော်တော်များများကို ခြုံငုံမိတဲ့စကား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စမှာလည်း တပ်မတော်ဘက်ကလည်း ထောက်ခံချက် ပေးလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။” မြန်မာပြည် ရှေ့ကိုသွားဖို့ဆိုရင် ခေါင်းဆောင်တွေအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း သွားတာနဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်း တဘက်နဲ့တဘက် ညှိညှိနှိုင်းနှိုင်း သွားကြတာမှာ ဘယ်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲ။ အခုကာလမှာလေ။ “ကျနော်တို့က ၂ ခုစလုံး သွားရမယ်ဗျ။ နံပါတ် ၁ က တိုင်းပြည် အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်ဖို့က ညှိနှိုင်းရေးလမ်းကြောင်းက ပထမ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ညှိနှိုင်းရေးလမ်းကြောင်းက ပထမဖြစ်သလဲဆိုတော့ ကျနော်တို့ လွှတ်တော်မှာ အများစုနေရာရပြီး အစိုးရဖွဲ့နိုင်ပေမယ်လို့ အစိုးရအဖွဲ့ရဲ့ မောင်းနှင်အားက import ခေါ်တာပေါ့ဗျာ၊ အတည်ပြုဆောင်ရွက်နိုင်တဲ့ စွမ်းအားက လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်တယ်။ ရဲတို့ စစ်တပ်တို့ဟာ အစိုးရနောက်ကနေ backing အထောက်အပံ့ ပေးရတယ်။ အစိုးရက ဒါမလုပ်နဲ့လို့ အမိန့်ထုတ်လိုက်လို့ရှိရင် လုပ်နေတဲ့ဟာကို ချက်ချင်းအရေးယူဖို့ဆိုတာ ရဲနဲ့ စစ်တပ်ပဲရှိတယ်။ အဲဒီတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကြီးအကဲက တပ်မတော်ဖြစ်နေတယ်။ လက်ရှိဖွဲ့စည်းပုံမှာ ဒီ လက်နက်ကိုင်အဖွဲ့တွေကို အမိန့်ပေးနိုင်တဲ့ အာဏာကို ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတဲ့အတွက် လောလောဆယ် ကျနော်တို့က ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းနဲ့ အဖြေရှာပြီးတော့ သွားရမယ်။ အဲဒီနောက်က ဘာလိုက်ရမလဲဆိုတော့ ဥပဒေလိုက်ရမယ်။ ဥပဒေကတော့ အရေးအကြီးဆုံးပါ။ တကယ့် ကျနော်တို့ စည်းကမ်းရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီ တကယ်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခု ဖြစ်ဖို့ဟာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေကြောင်းဆိုင်ရာ ဆောင်ရွက်စရာတွေကလည်းပဲ မလွဲမသွေ နောက်ကလိုက် ဆောင်ရွက်ရမယ်။ သို့သော် အဲဒီ တရားဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဆောင်ရွက်ဖို့ ပထမလိုတာက ဆွေးနွေးပွဲလိုပါတယ်။ သက်ဆိုင်ရာ key player အရေးပါတဲ့ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲ ဒါက ပထမဖြစ်ပါတယ်။ ပြီးတော့မှ ရလာတဲ့အဖြေနဲ့အညီ ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်း ပြောင်းလဲပြီးတော့မှ ကျနော်တို့တိုင်းပြည်ကို တည်ငြိမ်အောင် ဖွံ့ဖြိုးအောင် ဆက်ပြီးတော့ လုပ်ရမှာ။” စောင့်ကြည့်အကဲခတ်သူ တယောက်အနေနဲ့ မြန်မာပြည် လက်ရှိရောက်နေတဲ့ ဆုံမှတ်မှာ ဦးကိုနီ ဘာတွေမြင်လဲ၊ ဘာတွေအကြံပြုစရာရှိမလဲ။ “ဟုတ်ကဲ့၊ ကျနော်တို့ လောလောဆယ် ရောက်နေတဲ့ အနေအထားက ပြုပြင်ပြောင်းလဲရေးရဲ့ အစနေရာကို အခုမှရောက်ပါတယ်။ ကျနော်တို့ ဗမာနိုင်ငံ အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးပြီးတော့မှ အနိုင်ရခဲ့ပြီ၊ ပြည်သူလူထု ထောက်ခံမှုကို ရခဲ့ပြီ။ အခုအချိန်ကနေ ကျနော်တို့က အပြောင်းအလဲကို တကယ်လုပ်ရမှာ။ အဲဒီတော့ အပြောင်းအလဲကို တကယ်လုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှုပေးတဲ့ အပိုင်းမှာသာ ပါပါတယ်။ တကယ်အပြောင်းအလဲဖြစ်ဖို့ ပထမဦးဆုံး အရေးကြီးတာက တပ်မတော်က ဒါကို ပါဝင်ကူညီပံ့ပိုးပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့တပ်မတော်၊ ပြည်သူထဲက ပေါက်ဖွားလာတဲ့ တပ်မတော် ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ဆန္ဒကို အလေးအနက်ထားတဲ့အတွက် ပြည်သူက ရွေးချယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်ပြည့်၀၀ နောက်ကနေ ထောက်ခံပံ့ပိုးပေးဖို့ လိုပါတယ်။ ပြီးတော့ နံပါတ် (၃) ပြည်သူတွေကလည်းပဲ အမှန်တကယ် ပြောင်းလဲချင်တယ်ဆိုရင် မိမိတို့ကိုယ်တိုင်က စပြီးတော့ စည်းနဲ့ကမ်းနဲ့ နေထိုင်သွားကြဖို့၊ စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ကြဖို့ ပြည်သူတွေကိုယ်တိုင်ကလည်း ကိုယ့်ဘက်က ပြောင်းလဲပေးဖို့ လိုပါတယ်။ အဲဒါက အရေးအကြီးဆုံးအချက်ပါပဲ။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024