DVB Logo
Home
မြန်မာသတင်း
၆ လ ယာယီ အပစ်ရပ်ရေး ကေအိုင်အေ တောင်းဆို
DVB
·
July 9, 2011
၆ လ ယာယီ အပစ်ရပ်ရေး ကေအိုင်အေ တောင်းဆို
Donate to DVB

ယာယီအပစ်အခတ်ရပ်စဲရေးကာလ   ၆ လ သတ်မှတ်ပြီး၊ အပစ်အခတ်ရပ်စဲဖို့ အကြောင်းကြားစာ တစောင်ကို ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေက ဇူလိုင် ၈ ရက်နေ့က ပေးပို့လိုက်တယ်လို့ သိရပါတယ်။

အပစ်ရပ်ရေးစာကို ဇူလိုင် ၇ ရက်နေ့က ကချင်ဌာနချုပ် လိုင်ဇာကို ရောက်လာတဲ့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်ထံ ပေးလိုက်တာ ဖြစ်ပါတယ်။

စာပါအကြောင်းအရာနဲ့ ကေအိုင်အေရဲ့ တောင်းဆိုချက်တွေကို ကေအိုင်အေ ပြောခွင့်ရ ဦးလနန်းက ခုလိုပြောပြပါတယ်။

“အပစ်အခတ် ရပ်ဆိုင်းမယ်ဆိုရင် နှစ်ဖက် တွေ့ကြမယ်။ တွေ့ကြပြီးတော့ ကျနော်တို့ တောင်းဆိုထားတဲ့အချက် ယာယီအပစ်အခတ် ရပ်ဆိုင်းကာလ ၆ လ သတ်မှတ်မယ်။ အဲဒီ ၆ လ အတောအတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်ဆိုင်းတာ လုပ်ရမယ်။ နောက်ပြီးတော့ နိုင်ငံရေးအရဆိုရင် တွေ့ဆုံဆွေးနွေးမှု ရှိအောင် ၆ လအတွင်းမှာ ဖော်ဆောင်ပေးရမယ်။ တကယ်လို့ အဲဒီ ၆ လပြည့်တဲ့ အချိန်မှာလည်း ကျနော်တို့ ပြောဆိုထားတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မလုပ်ဘူး၊ နိုင်ငံရေးအရ တွေ့ဆုံမှု လမ်းကြောင်းကိုလည်း မဖော်ဆောင်ပေးဘူးဆိုရင် အဲဒီ ၆ လ ကုန်တာနဲ့ ယာယီ အပစ်အခတ် ရပ်ဆိုင်းရေးဟာ ပျက်ပြယ်သွားမယ်။ အဲဒီ သဘောနဲ့ ကျနော်တို့ရဲ့ လိုလားချက်ကို ရေးပြီးတော့ ပို့ထားတာ ရှိတယ်။”

အစိုးရဘက်က ဇွန်လ ၁၈ ရက်ကတည်းက အပစ်အခတ်ရပ်ထားတယ်လို့ ပြောပေမယ့်လဲ ဇူလိုင်လ ၈ ရက် နေ့အထိ ကချင်တပ်ရင်း ၁၅ ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတုန်းပဲလို့လဲ ဦးလနန်းက ပြောပါတယ်။

သောကြာနေ့က အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ မန်စီမြို့အောက်ဘက်မှာ ရှိတဲ့  မွန်းရှင်းရွာက လယ်စိုက်နေတဲ့ ရှမ်းတောင်သူနှစ်ဦး အနား လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး တောင်သူတဦး သေဆုံးခဲ့တယ်လို့လဲ သိရပါတယ်။ စနေနေ့မှာတော့ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိပါဘူး။

ကေအိုင်အေနဲ့ အစိုးရအကြား ဇွန်လ ၃၀ ရက်က စပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု စတင်ခဲ့ပါတယ်။ အပစ်ရပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အပြန်အလှန် စာရေးသား ပေးပို့တာတွေလဲ အခုအပတ်အစောပိုင်းက ရှိခဲ့ပြီး၊ အခု ဇူလိုင် ၈ ရက်က ပေးပို့လိုက်တဲ့ စာက နောက်ဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013