ဘိုကလေးမြို့နယ်က ကျေးရွာတွင် အခမဲ့မူလတန်းကျောင်း အဖွဲ့ချုပ် ဖွင့်လှစ်
နော်နိုရင်း
·
July 8, 2011

ဘိုကလေးမြို့နယ် ပေါင်းတည် ကျေးရွာအုပ်စု ဖို့ရွှေ့ကျေးရွာမှာ အခမဲ့မူလတန်း ကျောင်း တခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘိုကလေးမြို့နယ် စည်းရုံးရေးအဖွဲ့က ဇူလိုင်လ ၇ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။
[caption id="attachment_12472" align="alignright" width="310" caption="ထန်းတပင်က အဖွဲ့ချုပ် ဖွင့်လှစ်ထားသည့် အမေ့အိမ်ကျောင်း"]
[/caption]
လက်ရှိ ကျောင်းသူကျောင်းသား ၅၀ ရှိပြီး ကျောင်းဆရာတဦးနဲ့ စာသင်ပေးနေတာ ဖြစ်ပါတယ်။ ကျောင်းဖွင့်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဘိုကလေးမြို့နယ်အဖွဲ့ချုပ်ဝင် ဦးအောင်ခင်ဘိုက အခုလို ရှင်းပြပါတယ်။
“ပေါင်းတည်းကျေးရွာမှာ ဆိုရင် ကျောင်းက တကျောင်းပဲ ရှိတယ်။ အခု မိုးတွင်းကာလမှာ ခရီးသွားလာမှုက အင်မတန် ခက်ခဲတော့ ကျောင်းမသွားနိုင်ကြဘူး။ နောက်ပြီး သူတို့ ငွေကြေးနဲ့ပတ်သက်လို့လည်း ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသူကျောင်းသားလေးတွေ ဖြစ်နေတဲ့အခါကျတော့ ကလေးတွေ ကျောင်းတက်နိုင်အောင် ဒီရွာမှာ ကျောင်းကို ပြုပြင်ပြီး မနေ့က ဖွင့်ခဲ့ပါတယ်။ ကလေးတွေ စာမေးပွဲဖြေဖို့အတွက် ကျနော်တို့ အစိုးရ မူလတန်းကျောင်းကို ကျောင်းသားစာရင်းဝင် သွင်းရတယ် အဲလို ကိစ္စလေးတွေတော့ ဆောင်ရွက်ရတယ်ဗျ။”
အခမဲ့ကျောင်းဖွင့်လှစ်နိုင်ရေး ဘိုကလေးမြို့နယ် အဖွဲ့ချုပ်ဝင်တွေက အလှူငွေ စုပေါင်း ထည့်ကြသလို မိတ်ဆွေနဲ့ စေတနာရှင် ပြည်သူတွေဆီက အလှူငွေကောက်ခံပြီး ကျောင်းကို ဖွင့်ပေးခဲ့တာလို့ သူက ဆိုပါတယ်။
သူငယ်တန်းကနေ စတုတ္ထတန်းအထိ သင်ကြားပေးနေပြီး အစိုးရ အခြေခံမူလတန်း ကျောင်းနဲ့ ပူတွဲသင်ကြားပေး နေတယ်လို့ ဆိုပါတယ်။
ဒီကျောင်းကို အနည်းငယ် နောက်ကျဖွင့်လှစ်တဲ့အတွက် ၀ါဆိုလပြည့်နဲ့ အာဇာနည်နေ့ကလွဲရင် ပိတ်ရက်မရှိ စာသင်ပေးမှာ ဖြစ်တယ်လို့ ကျောင်းဆရာက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး ရန်ကုန် အပါအ၀င် ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ အခမဲ့ပညာဒါနကျာင်းတွေကို ဖွင့်လှစ်ပေးနေပြီး တချို့ကျောင်းတွေမှာတော့ အာဏာပိုင်တွေ ဖိအားပေးပြီး ပိတ်ခိုင်းတာတွေ ရှိနေပါတယ်။
