လွယ်ဂျယ်-ဗန်းမော် နယ်စပ်လမ်းကြောင်း ကုန်သယ်ဆောင်မှု ရှိလာ
DVB
·
July 8, 2011

ကချင်ပြည်နယ် လွယ်ဂျယ်-ဗန်းမော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တံတားတွေ ပြီးခဲ့သည့် ဇွန်လမှာ မိုင်းခွဲဖျက်ဆီးခံရပြီးနောက်ပိုင်း ကုန်သွယ်ရေး ရပ်တန့်နေခဲ့ရာက အခုတော့ ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းသယ်ယူမှုတွေ ရှိလာပါတယ်။
[caption id="attachment_12464" align="alignleft" width="310" caption="လွယ်ဂျယ်ဂိတ်"]
[/caption]
တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ မူဆယ်-မန္တလေး လမ်းကြောင်းပြီးရင် ဒုတိယ ကုန်သွယ်မှုအများဆုံးလုပ်နေတဲ့ လွယ်ဂျယ်-ဗန်းမော်လမ်းမှာ အခုအခါ ကားက လုံးဝသွားလို့ မရသေးဘဲ ခုလို ဆိုင်ကယ်နဲ့ကုန်သယ်လာကြတာလို့ လွယ်ဂျယ်ဒေသခံတ ဦးက ပြောပါတယ်။
“ကားက သွားလို့မရဘူးဆိုတာက တံတားက လုံးဝချိုးလိုက်တာလေ၊ ယောယုံ အောက်က တံတား။”
ဗန်းမော်နဲ့ လွယ်ဂျယ်တဖက်ကမ်း တရုတ်ပြည် လားရင်း အကြား ကုန်ပစ္စည်း သယ်ယူပေးနေတဲ့ ကယ်ရီဆိုင်ကယ် အများအပြား ဝင်ရောက်လုပ်ကိုင်နေပြီး လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်နဲ့ ဆိုင်ကယ်အပိုပစ္စည်း၊ အိမ်သုံးပစ္စည်း၊ စက်ပစ္စည်း၊ ဟင်းချိုမှုန့် စတဲ့ တရုတ်ကုန်ပစ္စည်းတွေကို သယ်ဆောင်ပြီး ဗန်းမော်ဘက်ကတော့ သစ်မာတုံးတွေ တင်ဆောင်လာတဲ့ ကယ်ရီဆိုင်ကယ် နေ့စဉ် ရာနဲ့ချီ ရှိနေတယ်လို့ လွယ်ဂျယ်ဒေသခံက ပြောပါတယ်။
“ကားမရှိတော့ ကားအစား ဆိုင်ကယ်နဲ့ပဲ ချနေကြတာ အများကြီးပဲ။ ဟင်းချိုမှုန့်ရော ပါတယ်၊ ဆိုင်ကယ်ရော။ ကျန်းဖုန်းဘက်ကိုတော့ အဲဒီဆိုင်ကယ်တွေ မသွားကြဘူး၊ လားရင်းလောက်ကနေပဲ။ တရုတ်ပြည်ကားတွေကလည်း အဲဒီနယ်စပ်မှာ ချတယ်၊ ဂိုဒေါင်မှာထားပြီးမှ ဆိုင်ကယ်သမားတွေကို သယ်ခိုင်းတာပဲ။ ကားသမားတွေကို အပ်တဲ့ဟာ အခု ဆိုင်ကယ်သမားတွေကို အပ်နေတယ်။ အခု လွယ်ဂျယ်ထဲမှာဆို ဆိုင်ကယ်တွေ ရှုပ်ပွနေတာ၊ ကယ်ရီဘီးတွေလေ။ ကာဗာတွေ အကုန်ဖြုတ်ထားတဲ့ ဆိုင်ကယ်တွေချည်းပဲ။ တော်တော်များတယ်။ အလာကို သစ်တင်တယ်၊ အပြန်ကို ဒီကကုန် ပြန်တိုက်တယ် သူတို့က။”
