Home
မြန်မာသတင်း
မံစီမြို့နယ်မှ ရှမ်းရွာသား၂ ဦး ကေအိုင်အေဟု စွပ်စွဲပြီး နှိပ်စက်ညှဉ်းပန်းခံရ
နန်းမြနဒီ
·
November 26, 2015
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်က ရှမ်းရွာသား ၂ ဦးကို အစိုးရတပ်က ကေအိုင်အေလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ အရပ်သား ကာကွယ်စောင့်ရှောက်မှု စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ မံစီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု နောင်လုတ်ကျေးရွာနေ ဦးစိုင်းမောင်ဆမ် (အသက် ၄၅ နှစ်) နဲ့ စိုင်းရီလင်း (အသက် ၂၃ နှစ်) တူဝရီး ၂ ဦးဟာ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက  သူတို့ရွာကနေ မံစီမြို့ကို တရားရုံးကိစ္စတခုနဲ့အလာ လမ်းမှာ အစိုးရတပ်က ဖမ်းဆီးနှိပ်စက်ခဲ့တာလို့ ဗန်းမော်ခရိုင် အရပ်သားကာကွယ်စောင့်ရှောက်မှု စောင့်ကြည့်ရေးအဖွဲ့ စီမံကိန်းတာဝန်ခံ ဦးအောင်မျိုးဆန်းက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ ၂ ယောက်ဟာ အဲဒီနေ့ ညနေပိုင်းက အင်ဘာရွာ၊ ဂျန်မိုင်ရွာဘက်ကနေ မံစီ သွားမလို့ပေါ့။ အရင်ဆုံး ကချင်စစ်တပ်နဲ့တွေ့တယ်၊ ကချင်တပ်က ဘာမှမပြောတော့ ဘာမှမဖြစ်ဘူးထင်ပြီး ရှေ့ဆက်လာတာ၊ မံစီရောက်ခါနီး ၂ မိုင်လောက်ပဲလိုတယ်၊ အဲဒီမှာ အစိုးရတပ်နဲ့တွေ့တယ်၊ ခလရ ၄၃၈ လို့ပြောတယ်။ သူတို့ကို သေနတ်နဲ့ ၄-၅ ချက်ပစ်ပြီး ခြောက်လှန့်တယ်တဲ့၊ သူတို့ကလည်း ကြောက်ကြောက်နဲ့ ဆက်မောင်းလာတာ တနေရာရောက်တော့ မြန်မာစစ်သား ၅ ယောက်က ဖမ်းထားလိုက်တယ်။ ကေအိုင်အေလို့ စွပ်စွဲတယ်၊ ပြီးတော့ တညလုံးနှိပ်စက်ပြီး စစ်မေးတယ်၊ လည်ပင်းကို ကြိုးနဲ့ချည်တယ်၊ ခေါင်းကို သေနတ်ဒင်နဲ့ထုတယ်၊ သံတုတ်နဲ့ထိုးတယ်၊ ကိုယ်ခန္ဓာကိုလည်း ရိုက်တယ်၊ မနက်မိုးလင်းတော့လည်း ထပ်စစ် ထပ်ရိုက်တယ်၊ တယောက်စီခွဲပြီး ချုံပုတ်ထဲခေါ်သွားပြီး မေးတာမဖြေလို့ ဟိုတယောက်ကိုတော့ သတ်လိုက်ပြီ၊ ပြောမလား မပြောဘူးလားဆိုပြီး ထပ်ရိုက်ထပ်မေးတယ်လို့ ကျနော်တို့အဖွဲ့ကို ပြန်ပြောပြတယ်။” သူတို့ ၂ ယောက်ကို ဘယ်လိုမေးမေး ကေအိုင်အေအကြောင်း မသိရတော့ ၂၀ ရက်နေ့မှာ မံစီရဲစခန်းလက်ထဲ အပ်ထားခဲ့ကြောင်း၊ ရဲစခန်းကိုမလာခင် ဒဏ်ရာကြောင့် ရလာတဲ့သွေးတွေကို ရေဆေးခိုင်း ရေချိုးခိုင်းပြီး မျက်နှာကို မိုးကာနဲ့ဖုံးပြီး ခေါ်လာကာ မြို့အ၀င်ရောက်မှ ပြန်ဖွင့်ပေးတယ်လို့ ဆိုပါတယ်။ ရဲစခန်းကတော့ တာဝန်မယူဘဲ သူတို့ဆွေမျိုးတွေရဲ့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း၊ အာမခံနဲ့ ပြန်လွှတ်ပြီး မံစီမှာရှိနေစဉ် စကခ ၂၁ လက်အောက်ခံ တပ်ကလည်း ၄ နာရီကြာ ခေါ်ယူစစ်မေးခဲ့သေးတယ်လို့ ဆိုပါတယ်။ အစိုးရတပ်မှ ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာကို မံစီဆေးရုံကလည်း လိမ်းဆေးသောက်ဆေးသာ ပေးခဲ့ကြောင်း၊ သူတို့အဖွဲ့က အတွင်းပိုင်းဒဏ်ရာတွေ သိရဖို့ ဗန်းမော်ဆေးရုံမှာ ဓာတ်မှန်ရိုက်စေခဲ့ရာမှာ အဖြေမသိရကြောင်း၊ အရေးတယူ ကုသပေးမှု မရှိဘူးလို့ ခံစားရကြောင်း သူက ဆက်ပြောပါတယ်။ အခုလိုခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး အနှိပ်စက်ခံ ရွာသား ၂ ဦးရဲ့ သဘောထားကို မေးမြန်းရာမှာ ကံကောင်းလို့ မသေဘဲ ပြန်လွတ်လာတာ တော်ပါပြီလို့ပြောပြီး ဘာမှ ဆက်ပြီး အရေးယူတိုင်ကြားတာတွေ မလုပ်ချင်ဘူးလို့ ပြောတဲ့အတွက် ဒီမနက်ပဲ မန့်ဝိန်းကြီးကို ပြန်ပို့ပေးခဲ့တယ်လို့  ဦးအောင်မျိုးဆန်းက ပြောသွားပါတယ်။ ဗန်းမော်ခရိုင်ထဲမှာ စစ်တပ်ဘက်ကရော၊ ကေအိုင်အေဘက်ကပါ ရွာသားတွေကို စွပ်စွဲဖမ်းဆီးတာတွေ မကြာမကြာ ကြားရလေ့ရှိပြီး အရပ်သား ကာကွယ်စောင့်ရှောက်မှု စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးခဲ့ရတာတော့ ၄ ဦးရှိတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024