DVB Logo
Home
နိုင်ငံရေး
မြန်မာစစ်ကားတန်းကို ကေအိုင်အေ ဗုံးခွဲတိုက်ခိုက်
DVB
·
July 7, 2011
Donate to DVB

မြန်မာအစိုးရတပ်ရဲ့ စစ်ကားတန်းတခုကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဘက်က မိုးမောက်မြို့နယ်အတွင်း ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါစစ်သား  အနည်းဆုံး ၃ဝ ထက်မနည်း ထိခိုက်သေကျေဒဏ်ရာရဖွယ် ရှိတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်အရ သိရပါတယ်။

ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု (စကခ)ရဲ့ စစ်ထရပ်ကား (၃) စီး ဗန်းမော်-မြစ်ကြီးနား လမ်းကြောင်းအတိုင်း ချီတက်လာရာ မိုးမောက်မြို့နယ် ကျခပ်တိုက် ကျေးရွာအနီးမှာ ကေအိုင်အိုရဲ့ ရှေ့တန်းအဖွဲ့တခုက ဒီကနေ့ နေ့လယ်က ဗုံးခွဲရာမှာ လူ ၃ဝ ထက်မနည်း တင်ဆောင်ထားတဲ့ ထရပ်ကား ၁ စီး လုံးဝကြေမွသွားပြီး အခြားကားတစီးလည်း ထိခိုက်သွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတာ မှန်ကန်တယ်လို့ ကေအိုင်အိုပြောခွင့်ရသူ ဦးလနန်းက ပြောဆိုပေမယ့် အသေးစိတ် မသိသေးဘူးလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ကချင်ပြည်နယ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ ကေအိုင်အို ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့တာပါ။ မြန်မာအစိုးရက သူ့ကိုယ်စားလှယ်နှစ်ဦး လိုင်ဇာရောက်နေသလို ဒီနေ့သတင်းစာမှာတော့ ကေအိုင်အေဟာ အများပြည်သူ အသက်အိုးအိမ်တွေကို သေကြေပျက်စီးအောင် ကားလမ်းရထားလမ်းတွေကို မိုင်းထောင်ဖောက်ခွဲမှုတွေ ဆက်လက်ကျူးလွန်တယ်လို့ ရေးပါတယ်။

ကေအိုင်အိုဘက်ကလည်း မြန်မာအစိုးရဘက်က စေလွတ်တဲ့ ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်ကို လက်ခံနားထောင်သလို တဖက်ကလည်း တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတာ ဖြစ်ပါတယ်။

နှစ်ဖက်အကြား အပစ်ရပ်ဖို့ ကေအိုင်အိုထံ လာရောက်ညှိနှိုင်းမှုတွေ ရှိနေပြီး မြန်မာစစ်တပ်ဘက်က ဇွန်လ ၁၈ ရက်နေ့တည်းက အပစ်ရပ်ထားပြီလို့ ပြောဆိုနေပေမယ့် ကေအိုင်အို တပ်စခန်းတွေအနီးက စစ်တပ်တွေ ပြန်လည် ဆုတ်ခွာခြင်း မရှိသေးသလို အခုလို စစ်ကားတွေနဲ့ ရွှေ့ပြောင်းသယ်ဆောင်ကာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေချိန်မှာပဲ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အစိုးရဘက်က ၁၈ ရက်နေ့မှာ တဖက်သတ် အပစ်ရပ်ထားတယ်ဆိုတာကို ကိုယ်စားလှယ်တွေနဲ့ သုံးကြိမ်ပြောပြီး ကေအိုင်အို ခေါင်းဆောင်တွေကလည်း အပစ်ရပ် မိန့်ထုတ်ပြန်ညွှန်ကြားပေးဖို့ အကြိမ်ကြိမ် တောင်းဆိုပါတယ်။

ကေအိုင်အိုကလည်း အပစ်ရပ်တယ်ဆိုရင် အထောက်အထားပြဖို့ တခုတည်းကို အကြိမ်ကြိမ် တောင်းဆိုနေပါတယ်။

ကချင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က သူ့ကိုယ်စားလှယ်တွေနဲ့ ကေအိုင်အိုထံ ပေးလိုက်တဲ့စာမှာ ငြိမ်းချမ်းရေးအတွက် အချိန်ယူ ဆွေးနွေးရမှာဖြစ်လို့ နှစ်ဘက်စလုံးက ဒီကာလအတွင်းမှာ ပစ်ခတ် တိုက်ခိုက်တာမလုပ်ဖို့ ထပ်မံပန်ကြားသလို လက်နှိပ်စက်စာလုံးမှာမပါဘဲ လက်ရေးနဲ့ (မြစ်ကြီးနားဗန်းမော်လမ်းပေါ်က မဒီးယန် တံတားတခု ပြန်လည်ဆောက်လုပ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့) ကမ်းလှမ်းပါတယ်။

ကေအိုင်အေက ၅ ရက်နေ့စွဲနဲ့ အကြောင်းပြန်ရာမှာ နှစ်ဘက်ဆွေးနွေးရာမှာ မြန်ဆန်စေဖို့ မဒီးယန်တံတားပြန်လည်ပြုပြင်ရေးကိစ္စကို သဘောတူပါတယ်။

ဒါပေမယ့် တခြားကိစ္စတွေကတော့ နှစ်ဘက်သဘောတူညီချက်တွေရမှ ဆက်ဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင် ၇ ရက်မှာ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013