Home
မြန်မာသတင်း
လှုပ်ခတ်မှုရှိလာတဲ့ မန္တလေးမြို့က ကျောက်စိမ်း၊ ဆိုင်ကယ်နှင့်ခရီးသွားဈေးကွက်
DVB
·
November 21, 2015
နိုဝင်ဘာလ ၈ ရက်နေ့က  မြန်မာနိုင်ငံတ၀န်းအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပစီးသွားပြီး  တစ်ပတ်ကျော်လောက်အကြာမှာ မန္တလေးမြို့မှာ  ပြောစမှတ်ပြုလောက်အောင် လူပ်ရှားလာတဲ့ ဈေးကွက်တစ်ချို့ ရှိလာပါတယ်။ လချီကြာ အေးတာကနေ လူပ်လာတဲ့ မန္တလေးကျောက်စိမ်း ကျောက်ကုန်ကြမ်းရှားပြီး တရုတ်ဝယ်လက်ပါးတဲ့ မန္တလေးက ကျောက်စိမ်းဈေးကွက်ဟာ အရင်က လချီကြာအောင် အရောင်းဝယ်တွေ အေးနေခဲ့ရာက ရွေးကောက်ပွဲအပြီး ၅ ရက်ကြာမှာ အရောင်းဝယ်တွေ ရပ်ဆိုင်းသွားတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ခုရက်ပိုင်းမှာတော့ မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှာ ကျောက်စိမ်းဈေးကွက် အရောင်းဝယ်အခြေအနေနဲ့ ပြန်ကောင်းလာတယ်လို့  ၀ါရင့်  ကျောက်ကုန်သည် ဦးစိန်ဝင်းက ပြောပါတယ်။ "ရွေးကောက်ပွဲအပြီး လေး၊ ငါးရက်လောက် အရောင်းဝယ်ရပ်သွားတယ်။ တစ်ပတ်ကျော်ကြာမှာ ပုံမှန်ပြန်လည်ပတ်နေတယ်။ ဒီရက်ပိုင်း ကျောက်ဝိုင်းမှာ ကျောက်တစ်လုံး သိန်းပေါင်း တစ်သိန်းလေးသောင်း ပေါက်သွားတယ်။ ခဲလိုင်းမှာလေ။" လက်တလောမှာ ကျောက်စိမ်းဈေးကွက် လှုပ်ရှားမှုရှိလာပေမယ့် တရုတ်ဝယ်လက်ကို အားထားနေရဆဲဖြစ်ပါတယ်။ နောင်တက်လာမယ့် အစိုးရသစ်လက်ထပ်မှာ တရုတ်ဝယ်လက် တစ်မျိုးတည်းမဟုတ်ဘဲ ဥရောပဈေးကွက်ရှိလာမှ ဈေးကွက်အပြိုင်နဲ့ ကျောက်စိမ်း အရောင်းဝယ်တွေ သွက်လာနိုင်မယ်လို့ ကျောက်ကုန်သည်တွေက သုံးသပ်ပြောဆိုကြပါတယ်။ ဧည့်အလာများလို့ ၀င်ငွေတိုး မန္တလေးကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံပေါင်းစုံက ခရီးသွားဧည့်သည်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူတွေအပါဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုဟာ မနှစ်ကထက် ၃၅ ရာခိုင်နှုန်းကျော်တိုးလာတယ်လို့ မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန စာရင်းတွေမှာ ဖော်ပြပါတယ်။ "ရွေးကောက်ပွဲကာလမှာ ဟိုတယ်တွေ တိုက်ရိုက်ရောက်တာတွေရှိတယ်။ ၇၀ရာခိုင်နှုန်း ဟိုတယ်တွေက ၉၅ရာခိုင်နှုန်းထိ တက်လာတယ်။ တက်လာတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ် ပမာဏကို ပြောပြတာပါ။ တက်လာမယ့် အစိုးရသစ် စနစ်တစ်ခုကြောင့် ပိုပြီးဝင်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်" လို့ မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးစန်းယုက ပြောပါတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာ ဥရောပနိုင်ငံက အလာများတာဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်း ဧည့်ဝင်ရောက်မှု အများဆုံးက တရုတ်နဲ့ ထိုင်းလူမျိုးတွေပါ။ ၂၀၁၅ ဧပြီလကနေ အောက်တိုဘာလအထိ မန္တလေးတိုင်းအတွင်း ပြည်ပဧည့်သည် ၀င်ရောက်မှုက ၁၂ သိန်းကျော်ရှိပြီး ၀င်ငွေက ကန်ဒေါ်လာ ၂၉ သိန်းကျော်ဖြစ်ပါတယ်။ ပြည်ပကတင်သွင်း ကုန်စိမ်းကြောင့် ပြည်တွင်း ကုန်စိမ်းအခက်ကြုံ မူဆယ်၊ ချင်းရွှေဟော် တရုတ်လမ်းကြောင်းနဲ့ အိန္ဒိယလမ်းကြောင်းကနေ ၀င်လာတဲ့ ပြည်ပက တင်သွင်းကုန်စိမ်းတွေကြောင့် ပြည်တွင်းအခြေခံစားသောက်ကုန်တွေ ဈေးတည်ငြိမ်မှု မရှိဖြစ်လာတယ်လို့ ပြည်တွင်းက ကုန်စိမ်းကုန်သည်တွေက ဆိုပါတယ်။ လတ်တလော ကုန်စိမ်း ဈေးနူန်းတွေ မတည်ငြိမ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး မိတ္ထီလာက ပွဲရုံပိုင်ရှင် ဦးသန်းလွင်က "ပြည်တွင်းမှာက ကုန်စိမ်းတွေအလုံလောက်ရှိပါတယ်။ အခု ကြက်သွန်နီတွေကော၊ ငရုတ်သီးတွေပါ တင်သွင်းနေတော့ တောင်သူတွေအတွက် နစ်နာတာပေါ့။ ပြီးတော့ ငရုတ်သီးက ပြည်တွင်းမှာဆို ကျပ် သုံးထောင်ပဲရှိတာ။ ပြည်ပက ငရုတ်သီးက ကျပ် ငါးထောင်ဈေးရှိတယ်လေ။ ပြည်ပကုန်စိမ်း တင်သွင်းခွင့်ပြုနေရင်တော့ ပြည်တွင်း ကုန်စိမ်းဈေးကွက် ပျက်မှာပဲ" လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်ဈေးကွက်တွေ အတက်ကြမ်း အကျကြမ်းဖြစ်နေပါတယ်။ ကြက်သွန်နီဆို ဈေးကွက်အတွင်း မရှိလောက်အောင် ရှားနေလို့ တစ်ပိဿာကျပ် သုံးထောင်ကျော်၊ လေးထောင်ဝန်းကျင်လောက် မြင့်တက်လာပါတယ်။ ငရုတ်သီးဈေးကွက်မှာ တစ်ပိသာကျပ် နှစ်ထောင်လောက် ဈေးကျသွားပါတယ်။ ခရမ်းချဉ်သီးဈေးနှုန်းက တစ်ပိဿာ ကျပ် ၂ထောင်ဝန်းကျင် တက်လာပါတယ်။ ရှေ့ပြေးနေတဲ့ တရုတ်ဘီး ရွေးကောက်ပွဲအပြီး အရောင်းဝယ်သွက်လာတဲ့ ဆိုင်ကယ်ဈေးကွက်မှာ တရုတ်နိုင်ငံထုတ် CZI တွေ ဈေးကွက်ကို ဦးဆောင်နေတယ်လို့ အရောင်းပြခန်း show room တွေကနေ စုံစမ်း သိရတာပါ။ ဒီနှစ် ဇူလိုင်လက ရေကြီးမှုနဲ့ ဒေါ်လာဈေးမြင့်တက်မူကြောင့် ဆိုင်ကယ် ဈေးကွက်တွေ ထိုးကျသွားခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ ရက်ပိုင်းအတွင်းမှာမှ အရောင်းဝယ်လှုပ်ခတ်မှု ရှိလာတာဖြစ်ပါတယ်။ တရုတ်ဘီးတွေက တစ်စီး ကျပ် ၄သိန်းကျော်ကနေ ၁၀ သိန်းထိရှိလို့ ၀ယ်လက်အများဆုံး ဖြစ်နေပါတယ်။ ယိုးဒယားထုတ် ဆိုင်ကယ်တွေက ကြိုက်ရောင်း ကြိုက်ဝယ်ဈေးကွက်နဲ့ ကျပ်သိန်း ၂၀ ထိ ရှိပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024