Home
မေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ ပုံအောတာဖြစ်ပါတယ်-ဒေါ်ဝင်းမြမြ
အေးနိုင်
·
November 18, 2015
Daw Win Mya Mya
နိုဝင်ဘာလဆန်းက ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျန်တိုင်းနဲ့ ပြည်နယ်တွေနည်းတူ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  မန္တလေးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တဦးလည်းဖြစ်တဲ့ ဒေါ်ဝင်းဝင်းမြကို ရွေးကောက်ပွဲသုံးသပ်ချက်၊ အမုန်းတရား ပြောကြားမှုနဲ့ ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင်တွေ မပါဝင်နိုင်ခဲ့မှု စတာတွေအပေါ် အမြင်သိရဖို့ သွားရောက်မေးမြန်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ပြီးသွားခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းအပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်မြင်မှုတွေက အားရစရာကောင်းသလား။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အောင်နိုင်မှုအခြေအနေကတော့ အတိုင်းအထက်အလွန် အားရစရာ ကောင်းပါတယ်။ ဒါ တောင်ပြိုကမ်းပြိုလို့ ပြောလို့ရပါတယ် အောင်နိုင်မှုက။” မန္တလေးတိုင်းအပါအ၀င် နိုင်ငံတ၀န်းက မဲဆန္ဒရှင်တွေက ဘာဖြစ်လို့ အန်အယ်လ်ဒီကို မဲတွေ ပုံအောလိုက်ကြတာလဲ။ “အန်အယ်လ်ဒီကို ပုံအောကြခြင်းအကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာလျှင် မြန်မာနိုင်ငံရဲ့ အကsပ်အတည်းအမျိုးစုံ တွေ့ကြုံနေရတဲ့ အခြေအနေတွေကို အပြောင်းအလဲ ပြုပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ပုံအောလိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ ပုံအောတာ ဖြစ်ပါတယ်။” အနိုင်ရ အန်အယ်လ်ဒီက လာမယ့် ၂၀၁၆ ခုနှစ်ဆန်း လွှတ်တော်ခေါ် အစိုးရဖွဲ့ရေးကိစ္စတွေ ဆောင်ရွက်ရတော့မယ်။ အစိုးရဖွဲ့ရင် ဘယ်ကိစ္စတွေကို ကိုင်တွယ်ဖို့  ပြင်ဆင်ထားတာရှိလဲ။ “ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ကြေညာထားတာပဲ။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တုန်းက ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ ပြုပြင်ရေး ဒီ ၃ ခုက တပြိုင်တည်း လုပ်သွားမှာပါ။” လက်ရှိ အကျဉ်းထောင်တွေထဲမှာ ပညာရေးဥပဒေပြင်ဆင်ရေးဆန္ဒပြလို့ ဖမ်းထားတဲ့ ကျောင်းသားတွေ ရှိတယ်။ တချို့ အစာငတ်ခံဆန္ဒပြနေတယ်။ သူတို့ကိစ္စကရော ဦးစားပေးဖြစ်မလာနိုင်ဘူးလား။ “ကျောင်းသားတွေကိစ္စက ထိပ်တန်းဦးစားပေးကိစ္စ မဖြစ်လာနိုင်ဘူးလားလို့ မေးစရာမေးခွန်းကို မဟုတ်ဘူးလို့ ယုံကြည်တယ်။ ကျောင်းသားတွေဟာ တိုင်းပြည်ရဲ့အနာဂတ် တကယ့်ကို အနာဂတ်ခေါင်းဆောင်လောင်းလေးတွေပါ။” ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်မှာ ရွေးခံရပြီးနောက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌအနေနဲ့ ဦးစီးဆောင်ရွက်တဲ့  မန္တလေးနဲ့ လားရှိုးမှာ တရားဥပဒေစိုးမိုးရေး ရှေ့ပြေးစင်တာတွေ ထူထောင်ရေးကိစ္စဟာ အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့လို့ မျှော်မှန်းသလောက် မအောင်မြင်တာတွေ့ရတယ်။ အဲဒါတွေက ဘယ်လိုဖြစ်တာလဲ။ “ဒါတွေက ပြောရမယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်မှပဲ ဒါတွေဟာ သွက်သွက်လက်လက်နဲ့ အပြောင်းအလဲတွေ ဖြစ်သွားမယ်လို့ ထင်တယ်။ ဒီအတိုင်းကတော့ လုပ်ပိုင်ခွင့်တွေ အလွန်နည်းပါတယ်။ ဒါကြောင့်မို့လို့ အခုလို ဖြစ်သွားတယ်လို့ပဲ ယူဆရပါတယ်။” ၂၀၀၃ ဒီပဲယင်းအခင်းဖြစ်ပြီးနောက်ပိုင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွေအထိ မီဒီယာနဲ့ စကားပြော၊ သတင်းပေးရင် ထောင်ကျတန်းကျ ဖြစ်ခဲ့တာတွေရှိတဲ့ကြားက အန်တီက မကြောက်မရွံ့ ပြောဆိုခဲ့တယ်။ အဲဒါ ဘယ်လိုစိတ်ဓာတ်နဲ့ ရပ်တည်ဆောင်ရွက်ခဲ့တာလဲ။ “အဲဒီတုန်းက ပြောရမယ်ဆိုရင်တော့ ဒီပဲယင်းက လွတ်လာတဲ့အချိန်ကစပြီးတော့မှ ဒီပဲယင်းနဲ့ပတ်သက်ပြီးတော့မှ ဒီဗွီဘီ ကိုအေးနိုင်တို့အဖွဲ့ကြီးပါပဲ၊ ကျောင်းသားတွေကနေ ဦးစီးပြီးတော့မှ ဆောင်ရွက်နေတဲ့ သတင်းဌာနကြီး ဆိုလိုက်တော့ ဗမာပြည်အကြောင်းတွေကို တော်တော်လေးကို ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူတွေနဲ့ ကမ္ဘာသိအောင် လုပ်ပေးနိုင်တဲ့ အနေအထားလေးတွေ ရှိတယ်။ အဲဒီက စပြီးတော့မှ ဒါက နိုင်ငံခြားအသံလွှင့်ဌာနတွေနဲ့ အဆက်အသွယ်ရတယ်။ ဒီနောက်ပိုင်းကျတော့လည်း ပြည်တွင်းအရေး၊ ပြည်တွင်းကိစ္စတွေဟာ ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ဟာလည်း လုံးဝငြိမ်သွားလိုက်တယ်။ ဒီပဲယင်းပြီးတဲ့အခါမှာ၊ အဲဒီအချိန်မှာ ဒါဟာဆိုလို့ရှိရင် ပြန်ပြီးတော့မှ နိုင်ငံရေးလှုပ်ရှားလာအောင်ဆိုတဲ့အသိစိတ်ဓာတ်နဲ့ အန္တရာယ်၊တွေရှိမှန်း သိသော်လည်းပဲ မြို့နယ်တွေကို လိုက်ပြီးတော့ အစည်းအဝေးတက်မယ်၊ ပြီးရင် ဒီမြို့နယ်တွေရဲ့ အစည်းအဝေးကို တက်တဲ့  အကြောင်းအရာတွေကို နိုင်ငံခြားသတင်းဌာနကြီးလေးခုနဲ့ ထည့်ထည့်ပေးတယ်။ ဒီလိုနဲ့ တနိုင်ငံလုံးက “သြော် မန္တလေးမှာတောင်မှ ဒေါ်ဝင်းမြမြ အစည်းအဝေးတွေ တက်တယ်၊ မီဒီယာကနေ လွှင့်တယ်ဆိုပြီးတော့မှ အားလုံးပြန်ပြီးတော့မှ လှုပ်ရှားလာတာကို ဒီပြင့်လူ မရိပ်စားမိရင်နေ၊ ကျမတို့ ကိုယ်တိုင်ကတော့ ဒီလိုမျိုး ၀ပ်ငြိမ်နေရာကနေပြီးတော့မှ ပြန်ပြီးတော့မှ နိုင်ငံရေးက နာလန်ထပြီး လှုပ်ရှား၊ လူတွေ အကုန်လုံးက မြို့နယ်တွေ၊ တနိုင်ငံလုံးမှာရှိတဲ့ အဖွဲ့အစည်းအဆင့်ဆင့်တွေ အန်အယ်လ်ဒီတွေဟာ ပြန်ပြီးတော့မှ ရှင်သန်ပြီး နှိုးနှိုးဆော်ဆော်နဲ့ အလုပ်တွေ ပြန်ပြီးတော့မှ လုပ်နိုင်လာတယ်လို့ အဲသလောက် အကျိုးရှိတာကို သတိထားမိတယ်။ အဲလိုလည်း အကျိုးရှိအောင် ကြိုးစားပြီးလုပ်ခဲ့ခြင်းဖြစ်ပါတယ်။” အန်တီအနေနဲ့ စစ်အစိုးရလက်ထက်တုန်းက ဈေးဆိုင်ခန်း (ဈေးချိုရှိအထည်ဆိုင်) သိမ်းဆည်းခံရတာ ရှိတယ်။ ဒီပဲယင်းဖြစ်စဉ်မှာ ရိုက်နှက်ဖမ်းဆီးထောင်ချခံရတယ်။ အဲသလို တက်ကြွလှုပ်ရှားပေမယ့် ဘာဖြစ်လို့ အခု ရွေးကောက်ပွဲ မ၀င်တာလဲ။ “အခု ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၀င်ပြီးယှဉ်ပြိုင်မှုမပြုတာကတော့ ပြောရမယ်ဆိုရင် form လည်းပဲ ဇူလိုင် ၁၇ မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း form ကိုတင်ဖြစ်ပါတယ်။ နောက် ၁၈ ရက်နေ့ကျတော့ ဗဟိုအောင်နိုင်ရေး အစည်းအဝေးသွားတဲ့အခါမှာ ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ဒေါ်ဝင်းမြမြ အစ္စလာမ်သာသနာဝင်တွေကို တနိုင်ငံလုံးလိုက်စည်းရုံးရမယ်၊ နိုင်ငံအနှံ့ သွားရမယ်၊ ရွေးကောက်မခံပါနဲ့” လို့ ပြောတဲ့အပေါ်မှာ ကျမတို့ခေါင်းဆောင်ရဲ့ စီမံမှုကို နာခံပြီးတော့မှ ၁၉ ရက်နေ့မှာတော့ ပြန်ပြီးတော့မှ ကိုယ်တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီပုံစံနဲ့ ၀င်ပြီးရွေးကောက်မခံခဲ့တာ ဖြစ်ပါတယ်။” အန်တီက ကိုယ့်အခြေအနေ၊ ကိုယ့်ရဲ့တာဝန်ကြောင့် ရုပ်သိမ်းပေမယ့် အန်အယ်လ်ဒီမှာ ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်မှာ အစ္စလာမ်ဘာသာဝင်မပါဘူးဆိုပြီးတော့ မြင်တဲ့သူတွေ ရှိတယ်။ ပါတီစုံစနစ်ကို ကျင့်သုံးတဲ့၊ ဘာသာပေါင်းစုံ ရှိနေတဲ့နိုင်ငံမျိုးမှာ ဒါမျိုးဖြစ်သင့်သလားဆိုပြီး ရေရှည်အတွက်  ထောက်ပြတယ်။ ပါဝင်ခွင့်မရလို့ စိတ်ခုနေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဘာပြောချင်လဲ။ “အနေအထားက ဒီအစ္စလာမ်သာသနာဝင်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းထိန်ကိုယ်တိုင်လည်း အမိန့ှ်ရှိသွားပါတယ်။ အရည်အချင်းရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ချန်ခဲ့ရတယ်ဆိုပြီးတော့ မိန့်သွားပါတယ်။ အဲဒီတော့ အကြောင်းရင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အကျပ်အတည်းတခု၊ ဘာအကျပ်အတည်းတုန်းဆိုတော့ မဘသ (အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့) လွှမ်းမိုးမှုအကျပ်အတည်း။ မဘသက ပုံစံမျိုးစုံနဲ့ အန်အယ်လ်ဒီကို တိုက်ခိုက်တဲ့အထဲမှာ ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ တိုက်ခိုက်တယ်။ အဲဒီအကျပ်အတည်း၊ ဒီအချိန်ကြီးမှာ နိုင်ငံရေးက ထိလွယ်ရှလွယ် နိုင်ငံရေးဖြစ်နေတယ်။ တကယ်လို့ အစ္စလာမ်သာသနာဝင်တွေကို ထည့်ခဲ့တယ်ဆိုရင်လည်းပဲ ဘယ်လိုပုံစံများ အခြေအနေဆိုးသွားမတုန်းဆိုတာ ခေါင်းဆောင်တွေက စိုးရိမ်ပုံရပါတယ်။ ဒီအပေါ်မှာ ခေါင်းဆောင်တွေက သင့်တော်သလို စီမံလိုက်ပုံရပါတယ်။ ဒါကြောင့်မို့လို့ အစ္စလာမ်သာသနာဝင်တွေဟာ ဆိုလို့ရှိရင် အခု ၂၀၁၅ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တယောက်မှ မပါခဲ့ပါဘူး။ အဲဒီတော့ တခြားသူတွေကလည်း - မှန်ပါတယ် အပြစ်တင်တယ် ဒီမိုကရက်တစ်ပါတီဖြစ်ပြီးတော့မှ ဒီလိုမျိုးဘာသာစုံမပါရကောင်းလားဆိုတာ အပြစ်တင်ပါတယ်။ သို့သော်လည်းပဲ ဘယ်လိုပြောမတုန်းဆိုတော့ မဘသ လွှမ်းမိုးမှုကြောင့်မို့လို့ ခေါင်းဆောင်တွေအနေနဲ့က။ ပါတီမှာလည်းပဲ ဘာသာရေးခွဲခြားတဲ့ပေါ်လစီ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်းပဲ ဘာသာရေးခွဲခြားတဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ သို့သော်အခြေအနေအရ အခုလိုပဲ အစ္စလာမ်သန့်စင်ရေးကို လုပ်ခဲ့ရတယ်လို့ အဲလိုပဲ မြင်ပြီးတော့မှ။ ၀မ်းနည်းတာတခုကတော့ ဗမာလူမျိုးအစစ်တွေပဲ၊ အစ္စလာမ်သာသနာကိုးကွယ်တာနဲ့ပဲ ဒီကနေ့ မဘသ အုပ်စုနဲ့ အပေါင်းပါတွေကနေပြီးတော့မှ ဒါ ဗမာလူမျိုး၊ အစ္စလာမ်သာသနာ ကိုးကွယ်တဲ့အတွက် ဗမာ မဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ သတ်မှတ်ခြင်းကို ခံရတယ်။ ဒါကိုတော့ အလွန်ကိုပဲ အစ္စလာမ် သာသနာဝင်တွေ အများကြီး စိတ်မကောင်းဘူး။” လာမယ့်နှစ်ဆန်းပိုင်းလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီအနေနဲ့ ရပ်တည်တော့မယ်ဆိုတော့ လွှတ်တော်ပြင်ပ တက်ကြွလှုပ်ရှားသူတွေနဲ့ ဘယ်လို ပေါင်းစပ်လုပ်ကိုင်မလဲ။ “အခုပြီးခဲ့တဲ့ ၂၀၁၂ နောက်ပိုင်းမှာ ဆိုတာလည်းပဲ လွှတ်တော်ထဲမှာ လွှတ်တော်နိုင်ငံရေးကို လွှတ်တော်ကိုယ်စားလှယ်က လုပ်ကြတယ်။ ပြီးရင် ကိုယ့်သက်ဆိုင်ရာမြိုနယ်တွေကို  ဆင်းလာပြီးတော့ သက်ဆိုင်ရာမြို့နယ်တွေနဲ့ ချိတ်ဆက်တယ်။ တိုင်းနဲ့ လာပြီးတော့မှ တွေ့ဆုံတယ်။ လုပ်စရာကိုင်စရာတွေကို အောက်ခြေသတင်းတွေကို သူတို့ ယူတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ ဒီအလုပ်ကို ဆက်လုပ်တယ်။ ဒီလို carry လုပ်နေတာပါပဲ။ ဒီအတိုင်းပဲ ဆက်သွားမှာပါ။” ဒီပဲယင်းကိစ္စအပါအ၀င် မြန်မာပြည်မှာ လယ်သိမ်းယာသိမ်း ပြဿနာပေါင်း သန်းခြောက်ထောင်ကိုဖြေရှင်းတဲ့အခါ နစ်နာသူတွေအတွက် အန်အယ်လ်ဒီက အာဏာလက်ဝယ်ရှိတဲ့အခါ ဘယ်လို ကုစားပေးမလဲ။ “ဒါကတော့ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကြီး ပေါ်ပေါက်လာပြီ ဆိုလို့ရှိရင် ကျမတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ထဲမှာ တိုင်ပင် ဆွေးနွေးမယ်။ ခုနလိုမျိုး တွေ့ကြုံနေရတဲ့ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့မယ်။ အကောင်းဆုံးပုံစံတခု ဖြစ်အောင်တော့ ကျမတို့ခေါင်းဆောင်က စီစဉ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လူမှုကွန်ယက်စာမျက်နှာတွေမှာ အစ္စလာမ်ဘာသာဝင်တွေကို တိုက်ခိုက်တာ ရှိတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်တာ ရှိတယ်။ အမုန်းတရားပြန့်ပွားမှုတွေကို ထိထိရောက်ရောက်နှိပ်ကွပ်တာမရှိတဲ့အပေါ် ဘယ်လိုမြင်လဲ။ “အမုန်းတရားတွေကို အွန်လိုင်းမှာတွေလည်း ပါတယ်။ ပဋိပက္ခတွေဖြစ်အောင်လည်းပဲ အမုန်းတရား ဖန်တီးနေတဲ့ ပုဂ္ဂိုလ်တွေက အမြဲတမ်းဖန်တီးနေတယ်။ ဒါတွေကတော့ မြင်တယ်လေ။ သက်ဆိုင်ရာ အာဏာပိုင်ကနေပြီးတော့ ဒါကို ဖိဖိစီးစီး အရေးယူမယ်၊ ဥပဒေစိုးမိုးမယ်ဆို ဒါတွေ ဘာမှ ရှိစရာအကြောင်း မရှိဘူး။ အခုဟာက အဲသလိုမရှိတဲ့အပေါ်မှာ ဒီလိုမျိုးအမုန်းတရားတွေ ဖန်တီးတာတွေက အောင်မြင်နေတယ်။ ဒါကလည်း ပြောရမယ်ဆိုရင်ကတော့ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အမုန်းစကားဟာ အစ္စလာမ်သာသနာဝင်ကိုပဲ အသုံးချပြီးတော့မှ အမုန်းစကားတွေ ဖန်တီးနေတာပဲ။ အဲဒီတော့ အန်အယ်လ်ဒီဟာဆိုရင် မွတ်ဆလင်ပါတီဖြစ်တယ်။ အစ္စလာမ်တွေအများကြီးပါတဲ့ ပါတီဖြစ်တယ်။ အစ္စလာမ်တွေ ထောက်ခံတဲ့ပါတီဖြစ်တယ်ဆိုပြီးတော့မှ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးနည်းအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို တိုက်ခိုက်တဲ့အလုပ်ကို လုပ်နေခြင်းပဲဖြစ်ပါတယ်။” ဥရောပနိုင်ငံတွေဘက်မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နယ်ပယ်တွေမှာ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းပါဖို့ လုပ်နေကြတာ ရှိတယ်။ အန်အယ်ဒီအနေနဲ့ ဘယ်လောက်ထိပါဝင်ခွင့်ရအောင် လုပ်ဆောင်နေပါသလဲ။ “ဒါကတော့ အမျိုးသမီးတွေအများကြီးပါအောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဗဟိုက ညီလာခံလုပ်တာပဲဖြစ်ဖြစ်၊ အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားကို ဦးစားပေးပြီးတော့မှ ထည့်ရမယ်၊ လုပ်ငန်းကော်မတီဖွဲ့တယ်ဆိုလည်း အမျိုးသမီး၊ တိုင်းရင်းသား၊ လူငယ်တွေကို ဦးစားပေးပြီးထည့်ဖို့က ညွှန်ကြားချက်တွေ ရှိပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ ကောင်းတာက မန္တလေးမြို့ပေါ်မှာ ဒီတခါ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးလိုက်တာ ကျမတို့အနေနဲ့က အမျိုးသမီးတွေ ထည့်ပေးပါသော်လည်းပဲ အခု ဒီ မန္တလေးတိုင်းထဲမှာ ဆိုလို့ရှိရင် မန္တလေးမြို့ပေါ်မှာ အန်အယ်လ်ဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ အမျိုးသမီးတယောက်မှ မပါခဲ့ဘူးရှင့်။ ရှေ့ကိုတော့ ဒီထက်ပိုပြီး ကျိုးစားပြီးတော့မှ ပါခွင့်ရအောင်လို့ ကျမတို့အနေနဲ့ အလုပ်လုပ်ရမှာပေါ့။” အန်စီအေခေါ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ထိုးထားပြီး အခုနိုင်ငံရေးမူဘောင်တွေ ဆွဲနေကြပြီ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားရှိပါသလဲ။ “ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ အခု ၈ ဖွဲ့လက်မှတ်ထိုးတယ်။ ဒါပေမယ့် ပြည်သူလူထုအားလုံးရဲ့အသံကို ပြောရမယ်ဆိုရင်တော့ ဒီလို ခွဲခြားခွဲခြား လုပ်လို့မရဘူး။ လက်နက်ကိုင်တိုင်းရင်းသားတွေ အဖွဲ့စုံပါတဲ့၊ လက်မှတ်ထိုးတဲ့ လုပ်ငန်းကြီးကနေ တဆင့်မှပဲ ယာယီအပစ်အခတ်ရပ်စဲတဲ့ လက်မှတ်ကိုထိုးမယ်၊ ပြီးလို့ရှိရင် အများကြီး စားပွဲပေါ်မှာ ဆွေးနွေးရဦးမယ်။ ဥပမာ တပ်ပိုင်းဆိုင်ရာတွေလည်း အများကြီးညှိရဦးမှာ မြင်သလောက်တော့၊ အရင်အရင်ဆွေးနွေးလာခဲ့တာ။ ဥပမာ ဟုတ်လား၊ ဆွေးနွေးပြီးတာနဲ့ လက်မှတ်ထိုးပြီးတာနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေက လက်နက်တွေဖြုတ်ရမယ် ဆိုတာကတော့ ပြည်သူ့ရဲ့အသံကိုပြောရရင် ဘယ်လိုလုပ်နိုင်မတုန်း။ ဥပမာ ကချင်က ဗိုလ်ချုပ်ဂွန်မော်၊ ဦးဂွန်မော် ချက်ချင်းဖြစ်မသွားနိုင်ဘူး။ ဒါက သူတို့လည်း ဗိုလ်ချုပ်အဆင့်ရှိတယ်။ ဒီကလည်း ဗိုလ်ချုပ်ကြီးတွေရှိတယ်။ သူတို့လည်းပဲ ကိုယ့်ရဲ့ တိုင်းရင်းသားအရေးအတွက် လက်နက်ကိုင်ကြရတာ။ တန်းတူညီမျှရေးကို ရချင်တဲ့အတွက် သူတို့ကိုယ်တိုင်လည်းပဲ ငြိမ်းချမ်းရေးကို အများကြီးလိုချင်နေတယ်။ အဲဒီတော့ ဒါကို ပြေလည်အောင်ပဲ ညှိရမှာပေါ့။ တိုင်းရင်းသားအဖွဲ့ပေါင်းစုံကနေ တညီတညွတ်တည်း၊ ညီညီညွတ်ညွတ်နဲ့ လက်မှတ်ထိုးပြီးပြီလားဆိုတော့မှ ဒီလိုလက်မှတ်ထိုးပြီးတဲ့အချိန်မှာ စားပွဲဝိုင်းမှာ အများကြီးဆွေးနွေးစရာတွေရှိပါတယ်။ အဲလို ဆွေးနွေးမှုတွေပြီးမှ ညှိနှိုင်းပြီးတော့မှ နောက်ဆုံးပိတ် တနိုင်ငံလုံးမှာ တပ်မတော်ဟာ တရပ်တည်းရှိဖို့ဟာ ကြိုးစားယူရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မရခဲ့တာ။ ဒါပေမယ့် ဒီကနေ့တော့ ဘုရားသခင် အလိုတူသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က မဲအပြတ်အသတ်နိုင်တဲ့အပေါ်မှာ ဒီကိစ္စတွေဟာ ဒေါ်အောင်ဆန်းစုကြည် ထဲထဲဝင်ဝင် ပါလို့ရသွားပါပြီ။ ကချင်ဗိုလ်ချုပ်ဂွန်မော်ကလည်းဒေါ်အောင်ဆန်းစုကြည်ဟာ ဒီငြိမ်းချမ်းရေးထဲမှာ ပါဖို့ လိုတယ်ဆိုတဲ့အကြောင်းကို သူ့ဆန္ဒကို ဖော်ပြထားပါတယ်။” ဒီရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးစင်မြင်ပေါ်တက်လာကတည်းက အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးလို့ ကြွေးကြော်တဲ့ အန်အယ်လ်ဒီအတွက် အားတခုဖြစ်စေခဲ့တာပေါ့နော်။ “ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ကြီး စတည်ထောင်ကတည်းက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားတွေကို တွေ့ဆုံဆွေးနွေးရေးပါ။ ပင်လုံညီလာခံကြီးကဲ့သို့ ညီလာခံကြီးတခု ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရမှာပါ။ ၀မ်းသာစရာပါ။ အဲဒါကို ဒီနေ့ ခြေလှမ်းစရတော့မယ်ဆိုတဲ့ လက္ခဏာပါပဲ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024