တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း (စတုတ္ထပိုင်း)

တပ်မေတာ်နည်းပညာေကာလိပ်ေကျာင်း
၂၀၀၂ ခုနှစ် မေလနောက်ဆုံးပတ် အထိတောင် တပ်မတော် နည်းပညာကောလိပ် ကျောင်းသားတွေ ပေးပို့ထားတဲ့ စာနှစ်စောင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်ဆီက ဘာမှ အကြောင်းမပြန်ကြားခဲ့ပါဘူး။ ဒီလိုနဲ့ မေလကုန်ဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပါတယ်။ [caption id="attachment_12288" align="alignleft" width="310" caption="တပ်မတော်နည်းပညာကောလိပ်ကျောင်း"][/caption] တပ်မတော်နည်းပညာကောလိပ်ရဲ့ ကျောင်းသားအားလုံးလည်း စိတ်ဓာတ် အထူးတက်ကြွနေခဲ့ပါတယ်။ ရှေ့ဆက် ဘာတွေဖြစ်မယ်ဆိုတာကို မမျှော်မှန်းနိုင်ပေမယ့် ရှေ့ဆက်လျှောက်ရမယ့် ခရီးအတွက် အတွေးစိတ်ကူးတွေနဲ့ ပီတိဖြစ်နေပါတယ်။ ကျောင်းသားအများစုရဲ့ ဆန္ဒနဲ့ သဘောတူထားတဲ့အတွက် ဘယ်သူကမှ ဆန့်ကျင်တာ ကန့်ကွက်တာ မရှိခဲ့ပါဘူး။ "စစ်တပ်ထဲဆက်နေပြီး ဆင်းရဲ ဒုက္ခခံနေမယ့်အစား ဒီကထွက်သွားပြီး ဒီကောင်တွေကို ပြန်ချမယ်" ဆိုသူတွေချည်းပဲ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေလ (၃၁) ရက်ကို ရောက်လာပါတော့တယ်။ အဲဒီနေ့မနက်မှာတော့ တပ်မတော်နည်းပညာကောလိပ်ရှိ တပ်ခွဲအားလုံးကို မနက် ခြောက်နာရီ လေးဆယ့်ငါးမိနစ် တန်းပေါင်းစီကွင်းကို အရောက်သွားကြဖို့ သင်တန်းနည်းပြ အရာရှိတွေက အမိန့်ပေးပါတယ်။ ကျောင်းသားတွေစိတ်ထဲမှာ ဘာမှ အထွေအထူး မဖြစ်ကြပါဘူး။ မနက် (၇) နာရီကျော်လောက်မှာ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဘိုးအောင်က သင်တန်းသားတွေကို ဩ၀ါဒစကား ပြောကြားပြီးနောက်မှာတော့ ကျန်အရာရှိတွေဖြစ်တဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တွေက ကျောင်းသားစစ်သည်တွေရဲ့ အိပ်ဆောင်တွေထဲကို ၀င်ရောက်ပြီး အငိုက်ဖမ်း စစ်ဆေးပါတော့တယ်။  ကျောင်းသားတွေရဲ့ လက်ဆွဲသားရေအိတ်တွေနဲ့ အင်္ကျီအိတ်တွေထဲကို ရှာဖွေကြပါတယ်။ အဲဒီစစ်ဆေးချိန်ကစပြီး တပ်မတော်နည်းပညာကောလိပ် ကျောင်းသားတွေရဲ့ ကံကြမ္မာတွေလည်း ပြောင်းလဲသွားပါတော့တယ်။ မှတ်ပုံတင်တွေ၊ သူငယ်ချင်းတွေရဲ့ နေရပ်လိပ်စာ စာအုပ်တွေ၊ ကျပ် (၅၀၀၀) နဲ့အထက် တွေ့သူတွေရဲ့ ပစ္စည်းအားလုံးကို သိမ်းယူလိုက်ပါတယ်။  အဲဒီနောက် တပ်ခွဲအလိုက် ကျောင်းသားခေါင်းဆောင်တွေလို့ သံသယရှိတွေကို ဗဟိုကင်းရဲ့ အချုပ်ခန်းထဲ ထည့်လိုက်ပါတယ်။ ကိုယ်တိုင် အဖမ်းခံလိုက်ရတဲ့ ကျောင်းသားစစ်သည်တဦးက သူ့အတွေ့အကြုံတွေကို ဒီလို ပြန် ပြောင်းပြောပြပါတယ်။ “ပထမအကြိမ် မေးဖို့အတွက် ထားထားတယ်။ နောက် ဗဟိုအကျဉ်းကို ထည့်တယ်။ လေးဘက်တိုက်ထဲမှာ ချုပ်လိုက်တယ်။ လေးဘက်တိုက်ထဲ ချုပ်လိုက်တော့ ကျနော်တို့အနေနဲ့ အချုပ်တွေ ထောင်တွေဆိုတာ တခါမှ မမြင်ဖူးခဲ့ဘူး။ ဒီကျောင်းတက်လာတဲ့ ကာလတလျှောက်လုံးမှာလည်း တခါမှ အပြစ်မရှိခဲ့ဘဲနဲ့ အပြစ်ပေးခံရတာ။ အဲဒီကျတော့ တော်တော်ဝမ်းနည်းတယ်။ ၀မ်းနည်းတယ်ဆိုတာ ကျောင်းသားတယောက်နဲ့ အချုပ်ခန်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ဒီလိုဖမ်းဆီးချုပ်နှောင်လိုက်တော့ ကျနော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လွှတ်မယ်ပဲဖြစ်ဖြစ်၊ မလွှတ်ဘူးပဲဖြစ်ဖြစ် လွတ်တဲ့လမ်းတော့ တော်တော်နည်းပါးသွားပြီ။ အဲဒီအတွက် တော်တော်ဝမ်းနည်းတယ်။ နောက်တော့ ကျနော်တို့ကို စစ်ထောက်လှမ်းရေးတွေ ခေါ်စစ်တယ်။ ကျနော့်ကို စစ်တဲ့ ထောက်လှမ်းရေးတယောက်ကတော့ ပြောပါတယ်။ မင်းကို  မထိဘူး၊ မရိုက်ဘူး၊ အသားနာအောင် မလုပ်ဘူး။ ဒါပေမယ့် ဘ၀နာအောင်ပဲ ဘောပင်နဲ့ထိုးမယ်။ သူက ဘောပင်နဲ့ထိုးလိုက်တာပဲ။ ဘ၀မှာ စုတ်ပြတ်သတ်သွားတယ်။ စိတ်ထဲမှာ ကိုယ်တွေက တကယ်ပဲ ယုံကြည်ကိုးစားတယ်။ ဒါပေမယ့် ကိုယ်တွေတကယ် ယုံကြည်ကိုးစားမှုက သူတို့နဲ့ မထိုက်တန်ဘူးလို့ ထင်တယ်။” ဒုတိယနှစ်နဲ့ ပထမနှစ်ကျောင်းသားအားလုံးကို  မနက် (၇) နာရီကနေ ညနေ (၃) နာရီအထိ တန်းပေါင်းစီကွင်းပြင်ထဲမှာ ဘယ်မှသွားခွင့်မပြုတော့ဘဲ ထိုင်ခိုင်းထားပါတယ်။ နေ့လယ်စာ ထမင်းမကျွေးဘဲ ထိုင်ခိုင်းထားတာ ဖြစ်ပါတယ်။ ညနေ (၃) နာရီမှာ Main Workshop ထဲကို ပြောင်းရွှေ့နေစေပြီးနောက် တံခါးပိတ်ထား လိုက်ကြပါတော့တယ်။ ကျောင်းသားတွေ Main workshop ထဲရောက်ပြီးနောက် အပြင်ကနေ တံခါးကို သော့ခတ်ပိတ်ပြီးသား ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ ညနေ (၄) နာရီကျော်လောက်မှာ ကျောင်းသား တယောက် နှစ်ယောက်က ငါတို့ကို ထမင်းမကျွေးဘဲ ဒီအတိုင်း ထားတော့မှာလားလို့  အော်ဟစ် ပြောဆိုလိုက်ပါတယ်။ ဒီအခါမှာ ကျန်တဲ့ ကျောင်းသားအားလုံးကလည်း ထောက်ခံတဲ့အနေနဲ့ ၀ိုင်းအော်ဟစ်ကြပါတယ်။ ညနေစောင်းလာတော့ ဗိုက်လည်း တော်တော်ဆာလာပြီဖြစ်လို့  မကျေနပ်စိတ်တွေဟာ ပေါက်ကွဲလာပါတော့တယ်။ သင်တန်းသား ၃၀၀၀ ကျော်ရဲ့ အော်ဟစ်သံတွေဟာ Main workshop ထဲမှာ မိုးပြိုတဲ့အလား ဆူညံပြီး ဟိန်းထွက်နေပါတယ်။ အော်ဟစ်ရုံမက တံခါးတွေကိုလည်း ထုနှက်ကြပါတယ်။ အုပ်ချုပ်သူ အရာရှိတွေက ထိန်းမရတဲ့အဆုံး တံခါးဖွင့်ပေးရပါတယ်။ Main workshop အပြင်ကို ရောက်တဲ့အထိ အော်ဟစ်သံတွေ ဆူညံနေဆဲပါ။ ၃၀၀၀ ကျော် ကျောင်းသားအုပ်စုကြီးဟာ ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို လွှတ်ပေးဖို့ အော်ဟစ်တောင်းဆိုရင်း ခေါင်းဆောင်တွေကို ထိန်းသိမ်းထားတဲ့ ဗဟိုကင်းက အချုပ်ခန်းဆီကို ချီတက်သွားကြပါတော့တယ်။ မကြာခင် လက်နက်ကိုင်စစ်သား တပ်ခွဲတခွဲနဲ့ အတူ တိုင်းမှူး ရောက်လာပါတယ်။ အော်ဟစ် ဆန္ဒပြနေတဲ့နေရာကို ရောက်လာပြီး  ရှေ့ဆက်မသွားဖို့ တားမြစ်ပြောဆိုပါတယ်။ ကျောင်းသားစစ်သည် လူအုပ်ကြီးကတော့ တိုင်းမှူးရဲ့စကားကို မနာခံဘဲ ဗဟိုကင်းကို ဆက်လက်ချီတက်သွားပါတယ်။ တားလို့မရတဲ့အဆုံးမှာတော့ လက်နက်ကိုင် စစ်သားတဦးက သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်ပါတယ်။ အဲဒီနောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး (မန္တလေးတိုင်းမှူး) ဗိုလ်ချုပ်ရဲမြင့်က  “မင်းတို့ပြောစရာရှိရင် အေးအေးဆေးဆေးပြောကြ။ အော်ဟစ်ပြီး ဆူညံဆူညံ မလုပ်ကြနဲ့”လို့ ပြောပါတယ်။ ကျောင်းသားစစ်သည်တွေက ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အခုချက်ချင်း ပြန်လွှတ်ပေးဖို့ တညီတညွတ်တည်း တောင်းဆိုကြပါတယ်။ ကျောင်းသားအုပ်ကြီး တောင်းဆိုတဲ့အတွက် ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်တွေကို ကျောင်းအုပ်ကြီးရဲ့ကားနဲ့ သွားခေါ်ခိုင်းလိုက်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်တနေ့ (၁၊ ၆၊ ၂၀၀၂) မနက် ၇ နာရီမှာ တကျောင်းလုံး တန်းပေါင်းစီကွင်းကို အရောက်သွားကြရပါတယ်။ အဲဒီနောက်မှာတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်း ရောက်လာပြီး စကားပြောပါတယ်။ သူစကားပြောတဲ့ စင်မြင့်ဘေးမှာ သူနဲ့အတူပါလာတဲ့ စစ်သား တယောက်က ဂျစ်ကားပေါ်ကနေ ကျောင်းသားတွေဘက်ကို ပွိုင့် ၅ စက်သေနတ်ငယ်နဲ့ ချိန်ထားပါတယ်။ လက်နက်မဲ့ ကျောင်းသားတွေကို ခြိမ်းခြောက်တဲ့သဘောပါ။ ဗိုလ်ချုပ်ကျော်ဝင်းက “မနေ့က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ မင်းတို့တွေ ကျောင်းဆက်တက်ချင်သေးလား” လို့ မေးပါတယ်။ သူ့ရဲ့အမေးအဆုံးမှာ ကျောင်းသားစစ်သည်တွေက တညီတညွတ်တည်း “မတက်ချင်ဘူး” လို့ ပြန်ဖြေလိုက်ကြပါတယ်။ “ဒါဆိုရင် စစ်တပ်ကနေ ထွက်ခွင့်မပေးနိုင်ဘူး” လို့ ဗိုလ်ချုပ်ကျော်ဝင်းက ပြောပါတယ်။ “မပေးလည်း ထွက်မှာပဲ” လို့  အပြန်အလှန် ပြောဆိုကြပါတယ်။ ဆက်လက်ပြီး ဗိုလ်ချုပ်ကျော်ဝင်းက “တကယ်လို့ မင်းတို့တွေ အပြင်ရောက်သွားရင်လည်း အပြင်တက္ကသိုလ်တွေကို ဆက်တက်လို့မရဘူး။ တက်ခဲ့ရင်လည်း အဲဒီသူတွေရဲ့ ဘွဲ့လက်မှတ်တွေကို အသိအမှတ်မပြုဘူး” လို့ ဆက်ပြောပါတယ်။ မေလ ၃၁ ရက်နေ့ညနေပိုင်း ဆန္ဒပြတောင်းဆိုမှု ဖြစ်ပြီးတဲ့နောက် အဲဒီနေ့ ညပိုင်းမှာ စစ်တပ်တပ်ရင်းတရင်း MTC ကျောင်းကို လျှို့ဝှက်အစောင့် ချထားလိုက်ကြပါတယ်။ စစ်တပ်ထဲမှာ သဘောထားပြည့်ဝပြီး ပညာတတ်တဲ့ နိုင်ငံကောင်းကျိုးလိုလားတဲ့ စစ်အရာရှိများ များစွာရှိပါတယ်။ MTC ကျောင်းမှာလည်း ပညာတတ်ပြီး သဘောထားပြည့်ဝတဲ့ အရာရှိများစွာ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ အထက်အရာရှိက ပေးအပ်တဲ့ အမိန့်နဲ့တာဝန်ကို မလွန်ဆန်နိုင်ကြပါဘူး။ ၂၀၀၂ ခုနှစ် ဇွန်လ ၁ ရက် စနေနေ့မနက် ၉ နာရီမှာ Main workshop အရှေ့ဘက်ခန်းမထဲမှာ စတုတ္ထနှစ် (အပတ်စဉ် ၁) ကျောင်းသားတွေနဲ့ ဗိုလ်ချုပ်ကျော်ဝင်းတို့ တံခါးပိတ် တွေ့ဆုံကြပါတယ်။ ပထမနှစ်၊ ဒုတိယနှစ်နဲ့ တတိယနှစ် ကျောင်းသားတွေကို အမှတ်စဉ်အလိုက် တွေ့ဆုံမယ်ဆိုတဲ့အတွက် ကိုယ့်အလှည့်ရောက်မယ့် အချိန်ကို စောင့်မျှော်နေကြပါတယ်။  ဇွန်လ ၆ ရက် ကြာသပတေးနေ့မှာ တတိယနှစ်ကျောင်းသားတွေနဲ့ ဗိုလ်ချုပ်ကျော်ဝင်း ဒုတိယအကြိမ် တွေ့ဆုံကြပါတယ်။ ဒီတွေ့ဆုံခြင်းဟာ နောက်ဆုံးဖြစ်သွားပါတော့တယ်။ ဒုတိယနှစ်ကျောင်းသားတွေနဲ့ တွေ့ဆုံရမယ့်အလှည့် မရောက်လိုက်တော့ပါဘူး။ ဗိုလ်ချုပ်ကျော်ဝင်းက တတိယနှစ်ကျောင်းသားတွေကို တွေ့ဆုံပြီးနောက် လေးငါးရက်အကြာမှာ တပ်မတော်နည်းပညာကောလိပ်ကျောင်းက  ကျောင်းသား အားလုံးကို အိမ်ပြန်ပို့လိုက်ပါတော့တယ်။ ကျောင်းသားအားလုံးကို “တပ်မတော်အက်ဥပဒေ ပုဒ်မ ၁၈ (၃) အရ တပ်မတော်မှ အမြဲတမ်း ထုတ်ပယ်ခြင်း” ဆိုပြီး ကျောင်းထုတ်ပစ်လိုက်ပါတယ်။ လွှတ်ပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း နောက်နေ့ကစပြီး တရက်ချင်း ညနေပိုင်းနဲ့ ညပိုင်းမှာ လာရောက်ခေါ်ဆောင်သွားပါတယ်။ အဲဒီခေါင်းဆောင်တွေကို ထောင်ဒဏ် အနည်းဆုံး ၅ နှစ်ကစပြီး ၇ နှစ်၊ ၈ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်၊ ၂၀ နှစ်အထိ အပြစ်ပေးလိုက်ပါတယ်။ ကျောင်းသားတွေကို ကျောင်းထုတ်ပစ်ရာမှာ ဆိုထားတဲ့ တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၈(၃) ဟာ “သတင်းထိမ်ချန်မှု” ပုဒ်မပါ။ ပုန်ကန်ဖို့ အစီအစဉ်ရှိတာ သိလျက်နဲ့ သတင်းမပေးခဲ့တဲ့အတွက်   အဲဒီပုဒ်မ တပ်လိုက်တာပါ။ တနည်းပြောရရင် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို စစ်ပုန်ကန်မှုတခုလို့  သတ်မှတ်လိုက်ခြင်းပါပဲ။ ဒါကြောင့်  မြန်မာတပ်မတော်သမိုင်းတလျှောက်မှာ အကြီးအကျယ် စစ်ပုန်ကန်မှုကို တပ်မတော်နည်းပညာကောလိပ်က စတင်လိုက်တာလို့  ပြောနိုင်ပါတယ်။ ဒီလို စစ်ပုန်ကန်မှုမြောက်အောင် လှုပ်ရှားခဲ့တာမျိုး မရှိခဲ့ဖူးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်တပ်တခုလုံး  တုန်လှုပ်သွားခဲ့ပါတယ်။ တပ်မတော် နည်းပညာကောလိပ် ကျောင်းသားတွေကို စစ်တပ်ထဲဆက်ထားရင် တခြား တပ်ရင်းတွေရှိ အရာရှိစစ်သားတွေကို စည်းရုံးပြီး တော်လှန်ပုန်ကန်လာမှာကို အတော်စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီအတွက်ကြောင့်ပဲ စစ်တပ်ကနေ ထွက်ခွင့်ပေးလိုက်တာပါ။ အများအကျိုးအတွက် ဦးဆောင်ခဲ့တဲ့ တပ်မတော်နည်းပညာကောလိပ်က ကျောင်းသားစစ်သည်ခေါင်းဆောင် အယောက် ၆၀ ကျော်ကို တရားရုံးပြင်ပမှာ မျက်ကွယ် အမိန့်ချမှတ်လိုက်ပါတယ်။ အဲဒီသူတွေဟာ အခုထက်တိုင် မြန်မာနိုင်ငံရဲ့ နယ်အကျဉ်းထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေဆဲဖြစ်ပါတယ်။ “မန္တလေးထောင်ထဲမှာတော့ အမြင့်ဆုံထောင်ချလိုက်တယ်။ ဘယ်နှနှစ်ချလည်းတော့ မသိဘူး။ အမှန်ဆိုရင် သူတို့ရဲ့ တရားစီရင်မှုက မျှတမှု မရှိဘူးလို့ ယူဆတယ်။ အဲဒီအချိန်မှာ သူတို့ ဘယ်လိုပဲပေးပေး ကျနော်တို့မှာ ငြင်းဆန်ပိုင်ခွင့် မရှိတော့ဘူး။ သူတို့အနေနဲ့ တဖက်သတ် တရားစီရင်ရေးတခုလို့ ကျနော်တို့ ယူဆတယ်။ တယောက်နဲ့တယောက် မြင်ခွင့်တွေ့ခွင့် မရှိဘူး။ ဟိုဘက်ခန်းနဲ့ ဒီဘက်ခန်း လှမ်းပြီးစကားအော်ပြောခွင့် မရှိဘူး။ ကျနော်တို့ကို အဆောင်ထဲမှာပဲ တိုက်ခန်းထဲမှာပဲ အချိန်ပြည့်ပိတ်ထားတယ်။ အပြင်လောကကို မပြောနဲ့ ကျနော်တို့နေတဲ့ တိုက်ရှေ့မှာ မြက်ပင်ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တို့အနေနဲ့ မြင်တွေ့ခွင့် မရဘူး။ အဲဒီအချိန်မှာ ကျနော့်သူငယ်ချင်းတွေ ဘယ်ကိုရောက်သွားလဲဆိုတာ ကျနော်တို့မသိနိုင်ဘူး။ မသိနိုင်ဘူးဆိုတာ သူတို့အနေနဲ့ သတင်းအစ ဖျောက်လိုက်တဲ့ သဘောပေါ့။” နောက်ပိုင်းမှာ တပ်မတော်နည်းပညာကောလိပ်ကျောင်းက  ၀န်ထမ်း အားလုံးကို စစ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းပစ်လိုက်ပါတယ်။ မေမြို့ တပ်မတော်နည်းပညာကောလိပ်ကျောင်းကိုလည်း ပိတ်ပစ်လိုက်ပြီး ကျောင်း အဆောက်အဦတွေကို စစ်တက္ကသိုလ် စာစစ်ဌာန ၂ အဖြစ် ပြောင်းလဲလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up