Home
မေးမြန်းခန်း
လာမယ့်အခင်းအကျင်းတွေကို ရွေးကောက်ပွဲရဲ့ရလဒ်နဲ့ မလွဲမသွေ ချိတ်ဆက်ထားရမယ် - ဦးမင်းကိုနိုင်
အေးနိုင်
·
November 16, 2015
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲအပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်ဟာ မြန်မာ့နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းဖို့အတွက် ပြည်သူလူထုက တာဝန်အပ်နှင်းလိုက်တာဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက) ဦးမင်းကိုနိုင်က ပြောပါတယ်။  ဦးမင်းကိုနိုင်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ သမိုင်းဝင်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့တယ်။ ဒီရလဒ်က မဲပေးခဲ့ကြတဲ့ ပြည်သူတွေဆန္ဒက ဘာကို ညွှန်းဆိုတာလဲ။ "ဓမ္မနဲ့ အဓမ္မ အားပြိုင်တာပါပဲ။ ကျနော်တို့ပြည်သူတွေက ဓမ္မဆိုတဲ့ တရားမျှတမှုဘက်က အပြည့်အ၀ရှိတယ်ဆိုတာ ပြသလိုက်တာပါပဲ။" ရွေးကောက်ပွဲအကြိုနဲ့ ကျင်းပခဲ့တဲ့ အခြေအနေကို ကြည့်ရင် လွတ်လပ်သန့်ရှင်း တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကံသေကံမ ပြောနိုင်လား။ "ဒါက ကျနော်တို့က အပြုခံစိတ်နဲ့ ကြည့်မယ်ဆိုရင် သူတို့လုပ်ပေးတာကြီးက လွတ်လပ်ရဲ့လား၊ တရားမျှတရဲ့လားလို့ မေးရတာပေါ့။ ကျနော်တို့က အပြုခံစိတ်နဲ့ မကြည့်ဘူး။ ကျနော်တို့ကိုယ်တိုင်ကိုက ဒါကို တရားမျှတအောင် ငါတို့ ရုန်းကန်မယ်၊ အားစိုက်မယ်။ လွတ်လပ်အောင် ငါတို့ပဲ ကြိုးစားမယ်ဆိုပြီး အားလုံးညီလို့ ဒီရလဒ်ထွက်လာတာဗျ။ တကယ်လို့သာ ကျနော်တို့ သူတို့လုပ်ပေးတဲ့အတိုင်း ပစ်ထားပြီးတော့ မဲတပြားတည်း သွားထည့်ရုံလောက်နဲ့တော့ မရဘူး။ အားလုံးက ၀ိုင်းပြီးတော့ စောင့်ကြည့်သင့်တာ စောင့်ကြည့်တယ်၊ ထိန်းသင့်တာကိုထိန်းတယ်၊ ဖော်ထုတ်သင့်တာကို ဖော်ထုတ်တယ်၊ တောင်းဆိုသင့်တာကို တောင်းဆိုတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြလို့၊ လူလည်းညီခဲ့ကြလို့ ဒီအခြေအနေ ရလာတာ။" ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီနဲ့အတူ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေ နိုင်တာတွေ့တယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ အလားအလာက ဘယ်လိုဖြစ်နိုင်သလဲ။ "အဲဒီအဖွဲ့ထဲမှာတော့ တကယ့် ဒီမိုကရေစီကို တန်ဖိုးထားတဲ့ ခေါင်းဆောင်တွေ၊ လူထုရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေ ရောက်သွားတာပေါ့။ ဒါပေမယ့်ဗျာ သိတဲ့အတိုင်းပဲ၊ ၁၁ ဦးရှိတယ်ဗျာ၊ ၆ ဦးကတော့ သူက တပ်ကပဲ ခန့်ထားတဲ့လူတွေ ဖြစ်နေတယ်ဗျာ။ အဲဒါကြောင့် မဲခွဲလို့ရှိရင်တော့ လူထုကိုယ်စားလှယ်တွေက ၅ ယောက်ပဲ ရှိတဲ့အတွက်ကြောင့် လူထုရွေးထားတာ မဟုတ်တဲ့သူတွေဘက်က ၆ ယောက်ကတော့ အမြဲ အသာစီးရနေမှာပဲ။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဟာ ပြီးပြည့်စုံတဲ့ ပြောင်းလဲခြင်းကို ရောက်တာမဟုတ်ဘူး။ ကျနော်တို့က လက်ဂျစ်တယ်မေစီ (Legitimacy) ခေါ်တဲ့ တရားဝင်ဖြစ်မှု၊ အများကနေ နှင်းအပ်လိုက်တယ်ဆိုတဲ့ အခွင့်၊ အဲဒီဟာတွေကို သက်သေပြပြီးတော့ ဆက်သွားရမှာဗျ။" ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေဟာ လာမယ့် ဧပြီလဆန်းမှာ အစိုးရသစ်လွှတ်တော်မှာ ပူးပေါင်းဆောင်ရွက်သင့်သလား၊ မဲအများစုရတဲ့ အနေနဲ့ သီးခြားစီ သွားသင့်သလား၊ ဘယ်လိုမြင်ပါသလဲ။ "ဒါက ဉာဏ်အမြော်အမြင်ရှိတဲ့သူတိုင်း နားလည်ပြီးသားပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့သွားမှာကိုက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကိုးဗျ။ အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီရေးလည်း ပြောနေတဲ့အချိန်မှာ တဘက်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကလည်း တတွဲတည်း ပါနေတယ်။ ဒါကြောင့် ကျနော်ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ ပါလာတဲ့အခါမှာ သူတို့နဲ့ အပြည့်အ၀ကို ပူးပေါင်းဆောင်ရွက်ရမယ်လို့ ကျနော်ယုံကြည်တယ်။ ဖြစ်လည်း ဖြစ်ကြမှာပါ။ ဒီအနေအထားဟာ လွှတ်တော်ထဲမှာလည်း ဆက်ပြီးတော့ မဟာမိတ်၊ ဒီစကားထက်ပိုပြီးတော့ အနှစ်သာရ ပြည့်စုံစေချင်သေးတယ်။ တကယ့်ရဲဘော်ရဲဘက်စိတ်နဲ့ လက်တွဲကြပါလိမ့်မယ်။" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ၈၈ မျိုးဆက် (ငြိမ်းပွင့်) တို့က အရင်က လွှတ်တော်ပြင်ပနိုင်ငံရေး လုပ်ခဲ့ကြတယ်။ အခု အန်အယ်လ်ဒီက အတိုက်အခံပါတီ မဟုတ်တော့ဘဲ အနိုင်ရပါတီ၊ အာဏာရပါတီ ဖြစ်တော့မယ်။ ဆိုတော့ လွှတ်တော်တွင်း နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို အရင်လိုပဲ ချိတ်ဆက်မလား။ "ကျနော်တို့က နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်ပဲ ကြည့်ကြမှာပဲလေ။ ရိုးရိုးသားသား အမြင်မတူတဲ့အခါတွေ ကျရင်တော့ ကျနော်တို့ ငြင်းခုန်ရင် ငြင်းခုန်ကြမှာပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့ပုံသဏ္ဌာန်က မိတ်ဘက်ပုံသဏ္ဌာန်ပဲ ရှိကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ဗျာ ပြည်သူလူထုရွေးထားတဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ဘယ်လောက်လုပ်ခွင့်ရပြီးလို့လဲ ဆိုတာလည်း တဘက်မှာ မေးခွန်းရှိသေးတယ်ဗျ။ အဲဒီတော့ သူတို့က ရသင့်ရထိုက်တဲ့ အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ ရလာပြီဆိုတဲ့ အချိန်ကျရင် လွှတ်တော်ထဲမှာလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားသလို လွှတ်တော်အပြင်ကလည်း ဒီဦးတည်ချက်ပဲ သွားကြရမှာပဲ။ ဆိုတော့ ကျနော်ကတော့ မြင်ပါတယ် ကြီးမားတဲ့ ပြဿ   နာ မရှိပါဘူးလို့။ တချို့ကိစ္စတွေမှာတော့ ကျနော်တို့ မတူညီရင်လည်း ညှိကြတာပေါ့၊ ဆွေးနွေးကြတာပေါ့။" ဒေါ်အောင်ဆန်းစုကြည်က သမ္မတကို သူက ကိုင်တွယ်ထိန်းကျောင်းမယ်လို့ ပြောဆိုချက်အပေါ် ဒီမိုကရေစီနိုင်ငံတချို့က မီဒီယာတွေမှာ စိုးရိမ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ရှိတယ်။ ဒီအပေါ် ဦးမင်းကိုနိုင် သဘောထားက ဘယ်လိုရှိသလဲ။ "အေး၊ အဲသလိုပြောတော့ ဒါက ထူးခြားတဲ့ဖြစ်စဉ်လို ဖြစ်နေတာပေါ့။ ဒါပေမယ့် ကျနော်တချက် ပြန်ထောက်ပြဦးမယ်လေ၊ သူ့တယောက်တည်း (ဒေါ်အောင်ဆန်းစုကြည်) ကိုပဲ သမ္မတမဖြစ်အောင်လို့ လုပ်ထားတဲ့ ထူးခြားဖြစ်စဉ်ကိုလည်း ပြောကြဦးလေ။ ဆိုလိုတာက ဒါဟာ အကြောင်းမဲ့ဖြစ်လာတာ မဟုတ်ဘူး။ သူ့တယောက်တည်းကို ကန့်သတ်ပြီးတော့ ချထားခဲ့လို့ ပြောလာတဲ့ ထူးခြားဖြစ်စဉ် ဖြစ်နေတယ်။" ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်တုန်းက တရုတ်နိုင်ငံက ပထမဆုံး အသိအမှတ်ပြုပေမယ့် နောက်ပိုင်းမှာ စစ်အစိုးရကို ထောက်ခံတယ်။ အခုအခြေအနေက အဲဒီပုံစံမျိုး ပြန်သွားမလား။ နိုင်ငံတကာ အခြေအနေက ပြောင်းလဲနေပြီလား။ "ဒီလိုဗျာ ကျနော်တို့က ကျနော်တို့နိုင်ငံအကြောင်း ပြောကြရင် ရုတ်တရက်ပြောရင် ဒေသတွင်းအကြောင်းလိုပဲ ဖြစ်နေတာပေါ့။ ဒါပေမယ့် Regional ခေါ်တဲ့ ဒေသတခုလုံးဆိုင်ရာ အကြောင်းထဲကနေ ပြေးမလွတ်ပါဘူး။ ကျနော်တို့ အိမ်နီးချင်းအကြောင်းတွေလည်း ပြောရမယ်၊ အာဆီယံတွေရဲ့ အနေအထားကိုလည်း ပြောကြရမှာပဲ။ အဲဒီတော့ ကျနော်တို့ ဒီဘက် ၁၉၈၈ ကစပြီးတော့ လှုပ်ရှားလာကတည်းကတော့ ပြောရရင်တော့ အိမ်နီးချင်းတွေနဲ့ အာဆီယံတွေရဲ့ ကျနော်တို့တိုင်းပြည်အပေါ်မှာ ထားခဲ့တဲ့ သဘောထား၊ သူတို့ရဲ့ ပြုမူဆောင်ရွက်ချက်တွေက အင်မတန်မှ ပြန်သုံးသပ်စရာ ရှိပါတယ်။ ကျနော်တို့ သဘောမတူတာတွေလည်း အင်မတန်ရှိတယ်ပေါ့။ ဒီစစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတွေ၊ ဒေသတွင်း အဖွဲ့အစည်းတွေ အများအပြားရှိပါတယ်။ ဒီကနေ့ကတော့ လွန်ခဲ့တဲ့ နှစ်အစိတ်နဲ့တော့ အင်မတန် ကွာခြားသွားပြီဗျ။ ပြောကြရင်တော့ ကမ္ဘာကြီးရဲ့ အနေအထားကိုက ခွင့်မပြုတော့ဘူးဗျ၊ အဲလို အာဏာရှင်ဘက်ကို ဆက်ပြီးတော့ သက်ဆိုးရှည်ချင်တယ်ဆိုရင်။ ကျနော်တို့က လက်တွဲကြမယ်ဆိုတာက တကယ်ပြုပြင်ပြောင်းလဲဖို့ ယုံကြည်တဲ့သူတွေ လက်တွဲကြရမယ်။ အဲဒီတော့ ပြန်ချုပ်လိုက်ရင်တော့ အိမ်နီးချင်းတွေမှာရှိတဲ့ အင်အားကြီးနိုင်ငံတွေရော၊ ဒေသတွင်းက နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကရောက ကျနော်တို့ရဲ့ မှန်ကန်တဲ့ အပြောင်းအလဲကိုပဲ သူတို့ ယုံယုံကြည်ကြည် လိုက်ပါဖို့သင့်တယ်။ ကျနော်တို့အတွက် ဒီအင်အားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုတယ်ဗျ။" လွန်ခဲ့တဲ့ အောက်တိုဘာလလယ်က တပြည်လုံးအပစ်ရပ်စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က အစိုးရနဲ့ လက်မှတ်ထိုးတယ်။ ခု နိုင်ငံရေးမူဘောင် ရေးဆွဲချိန်ပေါ့။ အနိုင်ရပါတီက အပြတ်အသတ် နိုင်ခဲ့လေတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုအလားအလာရှိမလဲ။ "သူက ဘာမဆိုပေါ့နော် နောက်လာမယ့် အခင်းအကျင်းမှာရှိတဲ့ အပြောင်းအလဲအားလုံး၊ လုပ်ငန်းစဉ်အားလုံး နိုင်ငံရေးမူဘောင်လည်းပါမယ်၊ အဲဒီအကုန်လုံးဟာ ဟောဒီ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ရလဒ်နဲ့ မလွဲမသွေ ချိတ်ဆက်ထားရမယ်။ ဒါမှသာလျှင် ကျနော်တို့က မှန်ကန်တဲ့ အပြောင်းအလဲရောက်မယ်။ ချောမွေ့တဲ့ အပြောင်းအလဲရောက်မယ်။ ဒီရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး၊ ငြင်းဆန်ပြီး၊ မေ့လျော့ပြီးတော့ သွားတဲ့ လုပ်ငန်းစဉ်မျိုးက ဘယ်လုပ်ငန်းစဉ်မျိုးမှ အလုပ်ဖြစ်မှာလည်း မဟုတ်ဘူး၊ ဒီလိုသွားလို့လည်း မရဘူး။" ဗမာပြည်နိုင်ငံရေးဖြစ်စဉ်မှာ တပ်မတော်မပါဘဲ မဖြစ်ဘူးလို့ ထောက်ပြချက်ရှိသလို ပြည်သူက အခရာကျတယ်ဆိုတဲ့ ပြောဟောချက်ရှိတယ်။ လက်ရှိအခင်းအကျင်းမှာ မြန်မာပြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ ဘယ်လိုမျိုးခေါင်းဆောင်တွေက အရေးပါနေလဲ။ "နံပါတ် ၁ က လူတွေရဲ့ စိတ်အခံတွေကို ပြောင်းလဲကြဖို့ဗျ။ ဆိုလိုတာက ဖိနှိပ်ချုပ်ချယ်မယ်၊ အခွင့်ထူးခံမယ်ဆိုတဲ့ အတွေးနဲ့ဆိုရင်တော့ ဘယ်အင်အားစု၊ ဘယ်အဖွဲ့အစည်းကိုမှ ဆက်ပြီးတော့ လက်တွဲလို့ ဒါ လက်တွေ့မှာ မဖြစ်နိုင်ဘူးဗျ။ ခုန စိတ်ထားတွေ ပြောင်းပစ်ရမယ်။ အဓိကက ဘာလဲဆိုတော့ ပြန်လည်ရင်ကြားစေ့ရေး၊ ကျနော်တို့ ပြောခဲ့၊ အော်ခဲ့၊ တောင်းခဲ့တာလည်း ကြာပြီဗျာ၊ ဒီကနေ့ထိလည်း တကယ်မရဘူး။ မရဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ အကြောယူထားတဲ့ ကိစ္စမျိုးမှာ သာယာတာမျိုး၊ လက်မလွှတ်ချင်တာမျိုးကို မရဘူးဗျ။ တချိန်မှာဖြင့်ရင် အားလုံးဟာ တန်းတူညီမျှတဲ့ အခွင့်အရေးပဲ ရှိရမယ်ဆိုတဲ့ ပန်းတိုင်လည်းရှိရမယ်။ ကြားကာလတခုမှာ ဘယ်လောက်ထိ ဒါတွေကို လျှော့ပေးသွားမယ်ဆိုတာလည်း ရှိရမယ်။ အဲဒီတော့ အဲဒါတွေ အားလုံးဟာ ကောင်းပြီ တချိန်က မဖြစ်ခဲ့ဘူး။ ဒီနေ့ဖြစ်ကိုဖြစ်ရမယ်၊ ဘာကြောင့်ဖြစ်ရမလဲဆိုတော့ ကျနော်တို့ အမြဲတမ်းပြောတယ်။ ဒီရွေးကောက်ပွဲက ရလိုက်တာ Legitimacy ဗျာ၊ တရားဝင်ဖြစ်မှုဗျာ။ အများစုကနေ တခဲနက်ကြီး ထောက်ခံပေးလိုက်တယ်။ ပြည်လုံးကျွတ် ထောက်ခံပေးလိုက်တဲ့ ကိုယ်စားလှယ် ဖြစ်နေတယ်ဗျာ။ ဒါကြောင့်မို့ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နေရာမှာ တခြားပုဂ္ဂိုလ်ဖြစ်လည်း ကျနော် ဒီစကားပြောမှာပဲ။ ပြည်သူတရပ်လုံးက ပြည်လုံးကျွတ် တခဲနက် ထောက်ခံပေးလိုက်တဲ့ ခေါင်းဆောင်မှုကိုတော့ အသိအမှတ်ပြုပါ။ အဲဒီရွေးကောက်ပွဲရလဒ်ကိုတော့ လေးစားပါ။ အဲဒီအခြေခံနဲ့ သွားရင်တော့ ရတယ်။" ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့ကို တွေ့ဆုံဖို့ လွန်ခဲ့တဲ့ရက်ပိုင်းက တောင်းဆိုတယ်။ အကြောင်းပြန်ချက်တွေကို ကြည့်ရသလောက် အခြေအနေတွေက ကောင်းမနေဘူးလား။ ဘယ်လိုသုံးသပ်မိလဲ။ "ကျနော်တို့ပြည်သူတွေလည်း အသည်းတထိတ်ထိတ်နဲ့ တကယ့်စွန့်စားခန်းကို ကြည့်နေရသလိုပဲ။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေက ပရိသတ်မဟုတ်ဘူးဗျ၊ တကယ်ကျတော့။ ဒီရဲ့ဖြစ်လာမယ့် ကောင်းကျိုးဆိုးမွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေက ခံစားကြရမှာ။ ဆိုတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်တွေ ဘယ်လိုပုံစံတွေ့မယ်ဆိုတာတော့ ပြည်သူတွေက မသိဘူး။ ဆိုလိုတာက လေးပွင့်ဆိုင်တွေ့မှာလား၊ တယောက်ချင်းတွေ့မှာလား ဆိုတာကိုရော။ ပြည်သူတွေ လိုချင်တာက ရလဒ်ကိုဗျာ။ အဲဒီရလဒ်က နံပါတ် ၁ လုံလောက်တဲ့ အချိန်အတွင်းမှာ ထွက်ရမယ်၊ မဟုတ်လို့ရှိရင် အချိန်နှောင်းသွားတာမျိုး လုံးဝမရဘူးနော်။ နောက်ပြီးတော့ ထွက်လာတဲ့ရလဒ်၊ သဘောတူညီချက်ပေါ့နော် အဲဒါကလည်း ပြည်သူအားလုံး ၀မ်းမြောက်ဝမ်းသာရှိပြီးတော့ ဒါဆိုရင်တော့ ငါတို့ ညီညီညွတ်ညွတ်နဲ့ နောက်ထပ်ရုန်းကန်ကြမယ်၊ လိုက်ပါကြမယ်ဆိုတာမျိုး ဖြစ်လာရမယ်။ အဲဒီတော့ ပြည်သူတွေ စိတ်ပျက်သွားလောက်တဲ့ အချိန်ဆွဲမှုမျိုး မဖြစ်ရဘူး။ ပြည်သူတွေ လက်မခံနိုင်လောက်တဲ့ ရလဒ်ပျက်ပြယ်တာမျိုးလည်း မဖြစ်ရဘူး။ ဒါ အရေးကြီးဆုံးပဲဗျ။" အခု ဒေါ်အောင်ဆန်းစုကြည် ခေါ်ထားတဲ့ ဆွေးနွေးပွဲတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပိတ်ထားတဲ့ ပုဒ်မပြင်ဆင်ရေးကိစ္စတွေ ဆောင်ရွက်လို့ မရနိုင်ဘူးလား။ "ကျနော်ပြောချင်တာက သမ္မတဟာ ဘယ်သူဖြစ်ရမယ်ဆိုတာက တပိုင်းဗျ။ သမ္မတ တယောက်ရဲ့လုပ်ပိုင်ခွင့်၊ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ အာဏာ အပြည့်ရှိရဲ့လားဆိုတာကို ကျနော်က နံပါတ် ၁ အရင်ပြောချင်တာ။ ဒီဖွဲ့စည်းပုံက ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ခုနမေးထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦး အဲဒါက သမ္မတထက် တကယ်အမြင့်မှာ ရှိနေတာနော်။ ကျန်တဲ့ကိစ္စတွေက ဖြစ်လာမယ်လို့ ပြောကြတာပဲ ရှိသေးတယ်။ အခုဟာက စာထဲမှာ ချည်ပြီးတုပ်ပြီး ရေးထားတယ်။ သမ္မတအထက်မှာရှိနေတယ် ဒီ ၁၁ ဦး။ ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကနေ ခန့်တဲ့လူ။ ဟော ဆိုတဲ့အခါကျတော့ အဲဒီမှာတင်ကိုက သမ္မတဟာ တစုံတရာရဲ့အောက်မှာ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ပေါ်တယ်။ နောက်တခုဗျာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် သမ္မတကနေပြီးတော့ မတိုက်ပါနဲ့၊ ရပ်ထားပါလို့ ပြောတဲ့အချိန်မှာ စစ်တပ်က သွားတိုက်နေတယ်ဗျာ။ ဆိုတော့ အဲဒီလိုမျိုး နာခံမှုမရှိတဲ့ စစ်တပ်နဲ့ အပေါ်မှာရှိနေရမယ့် သမ္မတကိုတော့ အရင်ပြင်သင့်တယ်။ ဆိုတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ရှိတဲ့ စနစ်ရောက်မှ ဘယ်သူဖြစ်သင့်တယ်ဆိုတာကို ကျနော်က ပိုပြီးတော့ စိတ်ဝင်စားတယ်။" အန်အယ်လ်ဒီက အပြတ်အသား အနိုင်ရပေမယ့် တပ်က မီးစိမ်းမပြရင် ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင် လိပ်ခဲတည်းလည်း ဖြစ်နိုင်တာတွေနဲ့ ပတ်သက်လို့ ဖြေရှင်းစရာနည်းလမ်း ဒီထက်ကောင်းတာ ဘာတွေရှိလဲ။ "ဒီလိုဗျာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားတခု၊ တိုင်းပြည်တခုမှာ ဖြစ်ကိုဖြစ်ရမယ့် အပြောင်းအလဲတခုကို လူပုဂ္ဂိုလ်တဦးတယောက်ရဲ့သဘောထားကြောင့် နှောင့်နှေးတယ်တို့၊ ကြန့်ကြာတယ် ဆိုတာကတော့ မဖြစ်သင့်ဘူးဗျ။ အဲဒါကြောင့်ပြောတာပေါ့၊ လူတယောက်ပေါ်မှာပုံပြီးမှ စဉ်းစားရတဲ့ စဉ်းစားနည်းတွေက သိပ်ခက်ခဲတယ်ဗျ။ အဲဒီတော့ လိုချင်တာကတော့ စုပေါင်းဦးဆောင်မှု၊ စုပေါင်းတာဝန်ခံမှု ဖြစ်လာအောင် ဘက် ၂ ဘက် ဖြစ်နေရင်လည်း အဲဒီ ဘက် ၂ ဘက်ကနေပြီးတော့ အတူလက်တွဲပြီးတော့ တာဝန်ယူနိုင်တဲ့ ဆုံးဖြတ်ချက်တခုမျိုးကို ရအောင်တော့ ရှာသင့်နေပြီ၊ ညှိနှိုင်းဆွေးနွေးပြီးတော့။ ကျနော်တို့ဆီမှာက ဒီယဉ်ကျေးမှုကို တကယ်အမှန်တော့ မရောက်သေးပါဘူး။ အခုမှ ကျနော်တို့ ကြိုးစားနေတာ၊ ကြိုးစားဆိုတဲ့နေရာမှာ ခုနပြောသလို ရွေးကောက်ပွဲရလဒ်က ဒါက ခိုင်မာတဲ့ သက်သေပါ။ လေးစားရမယ့်ကိစ္စပါ။" ၁၉၉၀ ပြည့် ပါတီစုံရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီ နိုင်ခဲ့တယ်။ အာဏာမရဘဲ ပါတီခေါင်းဆောင်တွေ ဖမ်းခံရပြီး ပါတီကို ချည့်နဲ့အောင် လုပ်ခံရတယ်။ အခုလည်း နိုင်တာကရော စိတ်ချရပါ့မလားလို့ အများပြည်သူ စိုးရိမ်မှုတွေအပေါ် ဘယ်လိုပြောချင်ပါသလဲ။ "ဒါတွေအားလုံးက ဒီတိုင်းပြည်မှာ အရေးပါတဲ့ အပြောင်းအလဲအပေါ်မှာ သြဇာညောင်းနေကြတဲ့၊ အင်အားကိုယ်စီ ရှိနေကြတဲ့ ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အတိတ်ကဟာက အင်မတန်ခါးသီးပြီးတော့ ရုပ်ဆိုးအကျည်းတန်လှပါတယ်။ အဲဒီလူတွေက ဒီနေ့မှာ သမိုင်းမှာ ၀န်ခံသည်ဖြစ်စေ၊ မ၀န်ခံသည်ဖြစ်စေဗျ အဆိုးရွားဆုံး တရားခံတွေထဲမှာ ပါတယ်ဗျ။ အဲဒီလို ပြုမူခဲ့တဲ့လူတွေအားလုံး။ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ပို့ရမယ့်အစား ထောင်ထဲပို့တယ်ဆိုတာက အင်မတန် ရိုင်းစိုင်းကြမ်းတမ်းပါတယ်။ အခု ကျနော်တို့ဖြစ်ရမှာက လူမှန်နေရာမှန် ဖြစ်ရမယ့်ခေတ်ကို ရောက်ပါပြီ။" ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီက မဲအများဆုံးနိုင်တယ်။ အခုပွဲမှာ အတိုက်အခံ အန်အယ်လ်ဒီက နိုင်တယ်။ ဒီတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပါတီစုံစနစ် ရှင်သန်အားကောင်းအောင် ပါတီကြီးတရပ်အနေနဲ့ ဘယ်လိုရှေ့ဆက်လှမ်းသင့်သလဲ။ "ဒီလိုပါ၊ ဘယ်ရွေးကောက်ပွဲပဲဖြစ်ဖြစ်ပေါ့ဗျာ။ နိုင်တဲ့သူ၊ ရှုံးတဲ့သူ ရှိမှာပဲ။ နိုင်တဲ့သူက ဘာကိုရသွားတာလဲဆိုတော့ တာဝန်ဗျ၊ တာဝန်ထမ်းဆောင်ခွင့်ကို ရသွားတာ။ ရှုံးတဲ့သူက ဘာလဲဆိုတော့ ပြန်လည်သုံးသပ်ခွင့်ကို ရရမယ်ဗျ။ အဲဒီလိုတော့ ရှိရလိမ့်မယ်။ တာဝန်ထမ်းဆောင်တယ်ဆိုတာ ပျက်နေတာတွေကို သူပြင်ရမှာပေါ့ဗျာ။ ကောင်းတာကို ပိုပြီးကောင်းအောင်လုပ်ရမယ်၊ ဒါ လူတိုင်းသိပြီးသားကိစ္စ။ အဲဒီတော့ ရှုံးတဲ့လူတိုင်းဟာ ငါ ဘာကြောင့်ရှုံးတာလဲ ဆိုတာကိုတော့ ကျကျနန သုံးသပ်ရမယ်။ ကျနော်ပြောချင်တာဗျာ ဘောလုံးပွဲမှာ အုပ်စုပွဲက ထွက်သွားတဲ့ အသင်းလိုပေါ့ဗျာ။ သူများတွေ ဆက်ကန်နေလိမ့်မယ်။ သူတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း ကိုယ်က ပရိသတ်အနေနဲ့ကြည့်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘာကြောင့်ရှုံးရသလဲဆိုတာ သုံးသပ်ပေါ့။ ဒီအခွင့်အရေးကိုမှ မသုံးတတ်ဘူးဆိုရင်တော့ အနာဂတ်မရှိဘူးနော်။" အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို နိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စု အဖြေရှာရာမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ကြဖို့ တိုက်တွန်းချင်လဲ။ "သူက ၂ ပိုင်းရှိတယ်ဗျာ။ တကယ့်နိုင်ငံရေးပေါ်လစီကိစ္စတွေ သပ်သပ်ရှိမယ်။ တပိုင်းက သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်တာရှိမယ်။ ဆိုလိုတာက သဘာဝဘေးအန္တရာယ်တို့ ဘာတို့လိုဟာမျိုးတွေ၊ နောက်ပြီးတော့ တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ဧရာဝတီ အစ်ရှူးလိုဟာမျိုး။ အဲဒါတွေ အကုန်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အားကောင်းမောင်းသန်မှုကြောင့်ပဲ ထိန်းနိုင်ခဲ့၊ သိမ်းနိုင်ခဲ့ကြတာပဲ။ တခုပဲရှိတယ်၊ သူ့မှာ အားလုံးပြီးပြည့်စုံတဲ့ ကွန်ရက်ကြီးကတော့ မရသေးဘူးဗျ၊ ကြိုးလည်းကြိုးစားနေကြတာပဲ။ ဒါကြောင့်မို့လည်း အားနည်းချက်ဆိုတာကတော့ သဘာဝကျကျ ရှိနေတုန်းပဲ။ ဒါပေမယ့် သေချာတာကတော့ သူက ဒီခေတ်လူငယ်တွေပေါ့နော်၊ သူတို့က လွတ်လွတ်လပ်လပ် လုပ်ချင်တယ်၊ အမိန့်ပေးတာကို မကြိုက်ဘူး။ ဒါပေမယ့် အလုပ်ဖြစ်အောင်တော့ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်တွေ ရှိတယ်။ အဲဒီလူငယ်အများးစုက အရပ်ဘက် လူ့အဖွဲ့အစည်းတွေထဲမှာ ရှိကြတယ်။ ကိုယ်တိုင်ထောင်ထားတာလည်း ရှိတယ်။ ကျနော်က အင်အားနည်းတာ၊ များတာကို ပဓာန မရေတွက်ဘူး။ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေပေါ့ အဲဒါတွေကိုကျတော့ အားလုံးဆုံချက်တနေရာ ရှိသင့်တယ်။ ကျနော်ပြောတာ ဆုံချက်ပဲ၊ ဗဟိုဦးဆောင်မှု မဟုတ်ဘူး။ ဟိုအပေါ်ကနေ ထိန်းချုပ်ထားတာမျိုး မဟုတ်ဘူး။ အဲဒီအတွက် လူငယ်တွေဟာ ကွန်ယက်တွေကို ကိုယ်ကိုယ်တိုင် ဖွဲ့သင့်ကြတယ်။ အဲဒီကွန်ရက်ဟာ ပြိုင်တူရုန်းထဖို့၊ တနေရာက မ လိုက်တာနဲ့ ပိုက်ကွန်ကြီးတခုလုံး ပါလာတာမျိုးပေါ့။ အဲဒီပုံစံမျိုးနဲ့ သွားရင်ရတယ်။" မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လပိုင်းအတွင်း သူ့အစီအစဉ်အတိုင်း ကျင်းပတော့မယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပါတီက ပုဂ္ဂိုလ်တွေ၊ ပြည်သူလူထုတွေ၊ ဒီဖြစ်စဉ်က နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံး ပေါ်တာပေါ့နော်၊ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာပြောစရာရှိမလဲ။ ဘာတွေဆောင်ရွက်ဖို့ရှိမလဲ။ "ခင်ဗျားမေးခွန်းထဲမှာ မပါတဲ့ဟာကိုပဲ ကျနော်က ထောက်ပြရမယ်။ ရွေးကောက်ပွဲရလဒ်။ ရွေးကောက်ပွဲရလဒ်ကို ချန်လှပ်ပြီးတော့ စဉ်းစားတာမျိုးက ဘယ်အရေးကြီးတဲ့ အစ်ရှူးမှာမှ မဖြစ်သင့်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ချင်သလား၊ ရွေးကောက်ပွဲရလဒ်နဲ့ ချိတ်ဆက်ပါ။ ဘာဖြစ်လို့လဲ။ သူက နောင်အခါမှာ အာဏာသုံးရပ်ကို ပါရတော့မယ်လေ။ အဲဒီလူတွေနဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ လက်တွေ့ကျမလဲ။ ကျနော်ပြောတာ အဲဒါပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်တာ မကောင်းဘူးလားမေးရင် ကောင်းတယ်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်၊ ပါသင့်ပါထိုက်တဲ့ တရားတွေတော့ ပါရလိမ့်မယ်။ ဒါမှလည်း အရှည်ကောင်းမှာပေါ့ဗျာ။ အခုလတ်တလော ငါရှိတုန်းမှာ ငါက တပိုင်းထားမယ်၊ ကျန်တာ ငါမသိဘူးဆိုလို့ မရဘူး။ ဒါကြောင့်မို့လို့ အခုလာမယ့် တွေ့ဆုံဆွေးနွေးပွဲတွေဟာ အချိန်မီအတွင်းမှာ ဖြစ်လည်းဖြစ်ရမယ်။ ပြီးလို့ရှိရင် အရေးကြီးတဲ့ အချက်တွေအတွက် သဘောတူညီချက်တွေတော့ ထွက်လာရမယ်။ ကျနော်ပြောတဲ့ဟာက ပြီးပြည့်စုံတဲ့ဟာ မဖြစ်သေးရင်နေပါ။ သက်ပြင်းချချင်ပြီဗျာ လူတွေ၊ ပြည်သူလူထုကြီးက သက်ပြင်းချချင်ကြပြီ။ ပြီးတော့မှ ယုံကြည်စိတ်နဲ့ နောက်ထပ်လိုက်ပါဖို့ ပြည်သူလူထုက စောင့်နေကြပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးဟာ ပြည်သူလူထုအပေါ်မှာ အမြော်အမြင်တရား ထားပြီးတော့ အမြန်ဦးဆောင်ပြီးတော့ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့ ဖြေရှင်းကြဖို့ ကျနော် အားလုံးကိုယ်စား တိုက်တွန်းချင်တယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024