Home
မြန်မာသတင်း
ထောင်တွင်းအစာငတ်ခံဆန္ဒပြဗကသကျောင်းသား ကိုဖြိုးဓနကို အရေးပေါ်ဆေးရုံတင်
နော်နိုရင်း
·
November 12, 2015
12243416_857339411047923_9046355879329309600_n
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ထောင်တွင်းအစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေထဲက ကိုဖြိုးဓနဟာ ကျန်းမာရေးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကို ပို့ဆောင်ကုသမှု ခံယူနေရပါတယ်။ ကိုဖြိုးဓနဟာ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး အစာငတ်ခံဆန္ဒပြတာဖြစ်ပြီး မနေ့ ရုံးထုတ်တဲ့အချိန် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံဆီကို ပိုဆောင်ကုခဲ့ရတာဖြစ်တယ်။ “ကိုဖြိုးဓနက သူကအစကတည်းက အစာအိမ်ရောဂါ ရှိတယ်။ အစာအိမ်ရောဂါ ရှိတဲ့ပေါ်မှာ သူအစာငတ်ခံ ဆန္ဒပြတာ ၉ ရက်မြောက်ဖြစ်လာတဲ့အခါကျတော့ သူ့ကို အရေးပေါ် ဆေးရုံ တင်လိုက်ရတဲ့ အခြေအနေရှိပါတယ်။ သတိတော မမေ့ဘူးပေါ့နော်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေဟာ တော်တော်ဆိုးဝါးတဲ့အခြေ အနေကိုဖြစ်တဲ့ အတွက်ကြောင့်မို့လို သူ့ကိုရန်ကုန်ဆေးရုံ တင်လိုက် ရတာ။” လို့  ရုံးထုတ်ကို သွားရောက်ခဲ့ တဲ့ ကိုအောင်မှိုင်းဆန်းရဲ့ ဇနီး မလဲ့လဲ့နွယ်က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိလွတ်မြောက်ရေးအတွက် သာယာဝတီထောင်တွင်း မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသား အာလုံး ၁၃ ဦးအထိ ရှိနေပါတယ်။ အလားတူမြင်းခြံထောင်မှာလည်း ကိုစည်သူမြတ်နဲ့ ကိုစိုးလှိုင်တို့လည်း နိုဝင်ဘာလ ၅ ရက်နေ့ ကစပြီး စတင်အစာငတ်ခံဆန္ဒပြခဲ့ရာ  ၉ ရက်နေ့မှာတော့ ရေပါ  မသောက်တော့ဘဲ အစာငတ်ခံဆန္ဒပြနေတယ်လို့ ကျောင်းသားသမဂ္ဂရဲ့သတင်းလွှာမှာ ဖော်ပြထားပါတယ်။ သာယာဝတီထောင်တွင်း အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းကတော့ ဒီကနေ့ အစာငတ်ခံဆန္ဒပြနေတာ ၂၁ ရက်အထိ ရှိလာပြီး ထောင်တွင်းဆေးရုံမှာပဲ အနီးကပ် စောင့်ရှောက်ထားတယ်လို့လည်း သူ့ရဲ့ဇနီးဖြစ်သူ မလဲ့လဲ့နွယ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024