A d v e r t i s e m e n t With Us

ရွာ​ကျောင်း​အတွက် ​ငွေ​ကောက်ပြီး​ စာရင်း​မရှင်း

ကျောက်ပန်း​တောင်း​မြို့​နယ် လက်ပံပြား​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ဦး​သန်း​ဝေဟာ မနှစ်နှစ်လယ်ပိုင်း​က ရွာသား​တွေထံက ​ကျောင်း​အတွက်ဆိုပြီး​ ​ငွေသိန်း​သုံး​ဆယ်နီး​ပါး​ ​ကောက်ယူသွား​ပေမယ့်​ အ​ကောင်အထည်မ​ဖော်​သေး​သလို ​ငွေစာရင်း​ရှင်း​တာလည်း​ မလုပ်ဘူး​လို့​ ရွာသား​တွေက ​ပြောပါတယ်။ မနှစ်က ​ကျေး​ရွာ​အေး​ချမ်း​ဖြိုး​ကောင်စီဥက္ကဋ္ဌ ဦး​သန်း​ဝေဟာ ရွာမှာရှိတဲ့​ အထက်တန်း​ကျောင်း​ သိပ္ပံ​ဆောင်အတွက်ဆိုပြီး​ တအိမ်​ထောင်ကို (သုံး​ထောင်ကျပ်) နှုန်း​နဲ့​ အိမ်​ခြေ​ပေါင်း​ ၇၀၀ ခန့်​ဆီက​နေ ​ငွေ​တွေ​ကောက်ခံခဲ့​သလို အနီး​ဝန်း​ကျင်ရွာ​တွေက ထည့်​ဝင်​ငွေ​တွေနဲ့​ဆိုရင် ၂၈ သိန်း​ ရရှိတယ်ဆိုတဲ့​ အ​ထောက်အထား​ကို ရွာသား​တွေက ရရှိထား​ပါတယ်။ ဒီ​ကျောင်း​ဆောင်အတွက် ၁၅၂ သိန်း​ကျသင့်​မှာဖြစ်တယ်လို့​ ဦး​သန်း​ဝေက ဘဏ္ဍာအခွန်ဝန်ကြီး​ ဗိုလ်ချုပ်လှထွန်း​ထံ မနှစ်ဇူလိုင်မှာ တွက်ချက်တင်ပြခဲ့​ပါတယ်။ သူ့​လက်ထဲမှာ ၂၈ သိန်း​ပဲရှိတာ​ကြောင့်​ ကျန်တာကို ​ငွေချ​ပေး​ဖို့​ ဦး​သန်း​ဝေ လက်မှတ်နဲ့​ ဘဏ္ဍာ​ငွေ​တောင်း​စာကို ရွာသား​တွေက ရရှိထား​ပါတယ်။ ဝန်ကြီး​က ​ငွေမချ​ပေး​ပေမယ့်​ ဘိလပ်​မြေ အိတ် ၆၀ ချ​ပေး​တာကိုလည်း​ ဦး​သန်း​ဝေက ကိုယ်ကျိုး​သုံး​လိုက်တယ်လို့​ ဆိုပါတယ်။ ဒီကာလအတွင်း​မှာ အစိုး​ရအ​ပြောင်း​အလဲဖြစ်သလို ရွာသား​တွေထံက ဦး​သန်း​ဝေရဲ့​ ရပ်ရွာအ​ရေး​ မကြည့်​ဘဲ ကိုယ်ကျိုး​ကြည့်​တဲ့​ကိစ္စကို ​ဖြေရှင်း​ပေး​ဖို့​ သက်ဆိုင်ရာကို တင်ပြရာမှာလည်း​ မထိ​ရောက်ဘူး​လို့​ ဆိုပါတယ်။ သူတို့​ကျေး​ရွာမှာ ရပ်ကွက်ငါး​ခုရှိတဲ့​အနက် ဦး​သန်း​ဝေဟာ ရပ်ကွက်မှူး​တဦး​လည်း​ဖြစ်သလို ရွာအုပ်ချုပ်​ရေး​မှူး​လည်း​ ဖြစ်သလို သူ​နေတဲ့​ရပ်ကွက်က ရာအိမ်မှူး​လည်း​ဖြစ်တယ်။ သူ့​ကို ကျန်​လေး​ရပ်ကွက်က ရာအိမ်မှူး​လေး​ဦး​က မြို့​နယ်ပြည်ခိုင်ဖြိုး​ရုံး​မှာ သွား​တိုင်ရာမှာလည်း​ မထူး​ပါဘူး​လို့​ ​ပြောပါတယ်။ ဒီသတင်း​နဲ့​ပတ်သက်လို့​ ဦး​သန်း​ဝေကို ဆက်သွယ်လို့​ မရပါဘူး​။ ဦး​သန်း​ဝေကို ​ကျေး​ရွာလူထုက မနှစ်သက်​ပေမယ့်​ ဦး​သန်း​ဝေဟာ စစ်အစိုး​ရလက်ထက်တုန်း​က ရဝတဥက္ကဋ္ဌ၊​ သမ္မတဦး​သိန်း​စိန်တက်လာ​တော့​လည်း​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ရာထူး​ကို ဆက်တိုက်ရယူထား​ပြီး​ တာဝန်အ​ပြောင်း​အလဲကို ​ကျေး​ရွာလူထုက လိုလား​နေကြတယ်လို့​ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up