ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာ/ချုပ်နှင့် လွှတ်တော်နာယက တို့ကို တွေ့ဆုံခွင့် တောင်းဆို
DVB
·
November 11, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ၃ စောင်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်ခြင်းဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ ပြည်သူလူထုရဲ့ နှလုံးစိတ်ဝမ်းအေးချမ်းရေးအတွက် အလွန်အရေးကြီးတာကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း လာမယ့်အပတ်အတွင်း အဆင်ပြေမယ့်အချိန်တွင် တွေ့ဆုံခွင့်ရရေး စီစဉ်ပေးဖို့ အကြောင်းကြားစာမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားပါတယ်။