Home
မေးမြန်းခန်း
မြန်မာပြည် ရွေးကောက်ပွဲအလွန် - မေးမြန်းချက်
သန်းဝင်းထွဋ်
·
November 10, 2015
မြန်မာပြည် ရွေးကောက်ပွဲအလွန် အခြေအနေတွေနဲ့ ပတ်သက်ပြီး The Economist ရဲ့ အရှေတောင်အာရှ ဗျူရိုတာဝန်ခံ Mr.Jon Fasman ကို ဒီဗွီဘီ အယ်ဒီတာ ဦးသန်းဝင်းထွဋ်က တွေ့ဆုံ မေးမြန်းထားပါတယ်။ ပထမဆုံးမေးချင်တာက နိုဝင်ဘာ ၈ ရက်နေ့မှာ ကိုယ်တိုင်ကြုံလိုက်တဲ့ မြန်မာပြည် ရွေးကောက်ပွဲကို ဘယ်လိုမြင်ခဲ့ရလဲ။ "မနေ့ကဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲက သိသိသာသာ ချောမောပြေပြစ်ခဲ့ပါတယ်။ စံချိန်မီပါတယ်။ ပွင့်လင်းမြင်သာမှုလည်း ရှိပါတယ်။ ချောချောမောမော ပြီးဆုံးခဲ့ပုံ ပေါက်ပါတယ်။ လူတွေထွက်လာတယ်။ အတော်ကြာ တန်းစီကြတယ်။ သူတို့ စိတ်ဝင်စားလို့ပေါ့။ ကျနော်မြင်ခဲ့တဲ့ မဲရုံမှာဆိုရင် လူတွေက သူတို့ဘာလုပ်နေလဲသိတယ်။ ပြေပြေလည်လည်ပဲ စီးဆင်းနေတယ်။ ရွေးကောက်ပွဲလေ့လာသူတွေ နိုင်ငံတကာက စောင့်ကြည့်သူတွေဟာလည်း မဲရုံဝန်ထမ်းတွေကို အပြည့်အစုံ မေးမြန်းခွင့်ရတယ်။ စောင့်ကြည့်တဲ့အလုပ်ကို လွတ်လပ်စွာ လုပ်ခွင့်ရတယ်။ ပြောသင့်တဲ့သူကို ပြောခွင့်ရတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှုရှိတယ် ပြောတာပါ။" ပွင့်လင်းမြင်သာတယ်ဆိုတော့၊ ကျနော်တို့လည်း စာတွေ ဖုန်းခေါ်တာတွေ အတော်ရခဲ့တယ်။ မဲဆန္ဒရှင်တွေ မကျေမနပ်ဖြစ်တာတွေ ရာနဲ့ချီတဲ့သူတွေ မဲစာရင်းပြဿ နာ ဖြစ်နေတာတွေ ကြားခဲ့ရတယ်။ မဲရုံမှူးတွေက အမျိုးမျိုး ဆုံးဖြတ်နေကြတာတွေ၊ ကော်မရှင်အဆင့်ဆင့်က နားလည်ပုံအစုံစုံတွေဆိုတော့ အမှားကင်းစင်တဲ့ ရွေးကောက်ပွဲလို့ မဆိုနိင်ပါဘူး။ တကယ်လို့ ဒီရွေးကောက်ပွဲကို ခင်ဗျားကြုံတွေ့ခဲ့ဖူးတဲ့ ဒီမိုကရေစီဖော်ဆောင်ကာစ နိုင်ငံတွေက ရွေးကောက်ပွဲတွေနဲ့များ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုမြင်မလဲ။ "ကျနော်လေ့လာခဲ့တဲ့ မနှစ်က အင်ဒိုနီးရှား ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ပြောချင်တယ်။ နှစ်နိုင်ငံလုံးမှာ တူညီတာက ကျယ်ပြန်တဲ့ လူထုထောက်ခံမှုပါ။ မဲပေးမှု ရာနှုန်းကလည်း အရမ်းမြင့်တယ်။ နှစ်နိုင်ငံစလုံးမှာ အေးအေးချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ မဲပေးခဲ့ကြတယ်။ ဒါပေမယ့် ဘက်ပေါင်းစုံ အပြစ်ကင်း သဲလည်းစင် ပြောတာမျိုးတော့ မဆိုလိုဘူး။ ရွေးကောက်ပွဲ အကြမ်းဖက်မှုတွေ မရှိတာကလည်း ကောင်းတဲ့အချက်ပါ။ ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်မှုရှိခဲ့တယ် ဆိုတာမျိုးလည်း မကြားရပါ။" မဲပေးတဲ့နေ့ကို ကျော်ခဲ့ပြီ၊ အခု မဲရေတွက်တဲ့အဆင့်၊ ရလဒ်ထုတ်ပြန်တဲ့အဆင့် ရောက်နေပြီ၊ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ရော ခင်ဗျားအနေနဲ့ လေ့လာမှတ်သား ထောက်ပြစရာတွေ ရှိပါသလား။ "ကောင်းတဲ့မေးခွန်းပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ် မစခင်ကတည်းက နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကလည်း ပွင့်လင်းမြင်သာမှု ရှိပါ့မလား စိုးရိမ်မှုတွေရှိကြောင်း ပြောခဲ့တယ်။ အထူးသဖြင့် စစ်တပ်ရဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ပါ။ ကျနော်သိသလောက်က ယူအက်စ်ဒီပီ ထောက်ခံမဲတွေဟာ ကြိုတင်မဲက လာတာပါ။ ဒါပေမယ့် အဲဒါနဲ့တော့ အဆုံးအဖြတ် မပေးနိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ရလဒ်မှာ ဘယ်လိုဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ်။" ရွေးကောက်ပွဲအလွန်နဲ့ ပတ်သက်လို့ နောက်ထပ်မေးခွန်းပါ။ မဲရေတွက်တာကို ကြည့်နေကြရပြီဆိုတော့ ရလဒ်တွေလည်း တဖြည်းဖြည်းထွက်လာတော့ နောက်ထပ် လေးငါးရက်၊ ဆယ်ရက်ဆို သိရတော့မယ်ဆိုတော့ နိုင်တဲ့ပါတီ၊ လက်ရှိအုပ်ချုပ်တဲ့ပါတီတွေ ဘယ်လို ပူးပေါင်းဆောင်ရွက်ရနိုင်တယ် ဆိုတာရော စဉ်းစားထားမိတာရှိလား။ "မေးခွန်းကောင်းပါ။ ကျနော်ထင်တာ ဖြစ်နိုင်ခြေ ၃ ခုလောက် ရှိနေပါတယ်။ အန်အယ်လ်ဒီက ၆၇ ရာနှုန်းထက်ပိုနိုင်ပြီး အများစု [caption id="attachment_121897" align="alignright" width="300"]Mr.Jon Fasman Mr.Jon Fasman[/caption] ဖွဲ့စည်းနိုင်တာရယ်၊ စစ်တပ်ကတော့ ရှိနေသေးတယ်။ ၂၅ ရာနှုန်း ရှိနေသေးတယ်။ နောက်တခုက အန်အယ်လ်ဒီ အများစုနိုင်မယ်။ ၆၇ ရာနှုန်း မပြည့်ဘူး။ လက်ရှိအာဏာရပါတီနဲ့ အန်အယ်လ်ဒီပါတီ၊ တိုင်းရင်းသားပါတီတွေ ညှိနှိုင်းရမှာပါ။ နောက်တခုကတော့ ယူအက်စ်ဒီပီပါတီနိုင်ဖို့ပါ။ အဲဒါကတော့ မဖြစ်နိုင်တော့သလောက် ရှိနေပါပြီ။" ဆိုတော့ အန်အယ်လ်ဒီဟာ အများစုနိုင်မယ်ဆိုရင်လည်း လွှတ်တော်ထဲက စစ်တပ်ကို ထုတ်ပစ်နိုင်မယ့် အခြေအနေတော့ မရှိဘူးပေါ့။ "ဒါပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ကတော့ အလုံအလောက်ရမှာ မဟုတ်ပါဘူး။ ၇၅ ရာနှုန်း အပေါင်း ၁ လိုတာကိုး။" အန်အယ်လ်ဒီရဲ့ မူဝါဒထဲက ထင်ရှားတဲ့ တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ပါ။ သိပ်မကြာခင် အနာဂတ်မှာ အန်အယ်လ်ဒီဟာ ဒီဖွဲ့စည်းပုံပြင်နိုင်မယ် မထင်ဘူးလား။ "ဖြစ်နိုင်စရာ မရှိဘူးလို့တော့ မထင်ပါဘူး။ တကယ်လို့ စစ်တပ်က လူများစုဆန္ဒကို ပိတ်ပင်တားဆီးမထားရင်ပေါ့။ ဖွဲ့စည်းပုံပြင်ဖို့ သဘောတူခဲ့ရင်ပေါ့။ ကျနော်မြင်ခဲ့ရတာ အန်အယ်လ်ဒီက ရန်ကုန်၊ မန္တလေး၊ ရခိုင် မဲဆွယ်စည်းရုံးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူလည်း ပါပုံရပါတယ်။ အန်အယ်လ်ဒီကို မဲပေးတဲ့ မဲဆန္ဒရှင်တွေက ဖွဲ့စည်းပုံပြင်ဆင်ချင်တာ ရှင်းပါတယ်။ သူတို့ဆန္ဒက ဒေါ်စု သမ္မတဖြစ်စေချင်တာလည်း ရှင်းပါတယ်။ စစ်တပ်ဘက်က ဒီဖွဲ့စည်းပုံဟာ အာဏာကို ချုပ်ကိုင်ထားသလိုဖြစ်နေမယ်၊ ပိုပြီး လူထုကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံဖြစ်အောင် ပြင်ဆင်ရေးကို နည်းလမ်းရှာကြရအောင်ဆိုတာမျိုး ပြောလာတာကို အရမ်းမြင်ချင်ပါတယ်။" မဲရလဒ်ကို ပြန်ကြည့်ရအောင်။ တကယ်လို့ ဒီရွေးကောက်ပွဲရလဒ်ဟာ စစ်တပ်က လက်မခံနိုင်တာ ဖြစ်နေခဲ့ရင်ဆိုတာမျိုး စိုးရိမ်စိတ်ရှိလား။ "အဲလိုဖြစ်ခဲ့ရင်တော့ တကယ့်ပြဿ  နာပါပဲ။ အဆိုးရွားဆုံး ဖြစ်နိုင်ခြေတခုပေါ့။ ခုချိန်ထိ မြင်နေရတဲ့ မဲရလဒ်အခြေအနေနဲ့ စိတ်တက်ကြွနေတဲ့ အခြေအနေတွေအရ ပြည်ခိုင်ဖြိုးပါတီက ထင်တာထက် ပိုမဲရနေခဲ့ရင် ဒေါ်စုက မဲမသမာတာတွေကို လက်မခံဘူးလို့ ပြောလာခဲ့ရင် စစ်တပ်က ၀င်ရှင်းပြီး ပြည်ခိုင်ဖြိုးက ဒီရလဒ်ကို လက်မခံဖို့ တိုက်တွန်းတာဖြစ်ဖြစ်၊ စစ်တပ်က အာဏာဆက်ယူထားတာဖြစ်ဖြစ် အဲဒါဆို အကြီးအကျယ် ပြဿ    နာပါပဲ။" ဒါပေမယ့် သမ္မတရော ကာကွယ်ရေးဦးစီးချုပ်ရော ပြောပြောနေတာကတော့ နောက်ကြောင်းပြန်မလှည့်တော့ပါဘူးတဲ့။ "ဟုတ်တယ်။ ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လည်း ပြောထားတယ်။" နောက်တခုက တိုင်းပြည်ရဲ့ ၀င်ငွေအများစုက လက်တဆုပ်စာ လူနည်းစုဆီမှာပဲ ရောက်နေကြတယ်။ ခုထိလည်း အဲလိုပဲဖြစ်နေတုန်းပဲဆိုတော့။ "အဲဒါကတော့ နောက်တက်လာမယ့် အစိုးရအတွက် အကြီးအကျယ် စိန်ခေါ်မှုပါပဲ။ တိုင်းပြည်ဝင်ငွေ အတော်များများကို လူနည်းစုကပဲ ရကြတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ရေနံ၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးမှာပဲ အာရုံစိုက်နေကြတာရော။" သယံဇာတအခြေခံ စီးပွားရေးပေါ့။ "ဟုတ်ပါတယ်။ ရာဇ၀င်အရ တခြားနိုင်ငံတွေမှာ တွေ့နေရတာကတော့ သယံဇာတကျိန်စာ ဖြစ်တတ်တာပါ။ အဓိက၀င်ငွေက တခြားကဏ္ဍတွေမှာ ဥပမာ ထုတ်လုပ်မှုမှာ စိုက်ပျိုးရေးလုပ်ငန်းမှာ ရှိမနေတာမျိုးက ဘယ်အစိုးရ တက်လာတက်လာ ပွင့်လင်းမြင်သာဖို့နဲ့ လူများစုကို အကျိုးရှိစေဖို့ကတော့ စိန်ခေါ်ချက်တခု ဖြစ်နေမှာပါပဲ။" နောက်တခါ စစ်တပ်နဲ့မဆိုင်တဲ့ စိန်ခေါ်မှုက စီးပွားရေးမူဝါဒ အပေါ်မှာရော တခြား စိန်ခေါ်မှုတွေ ရှိနေမလား။ ဘာလို့လဲဆို စစ်အစိုးလက်ထက်က စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေအတွက် နိုင်ငံတကာက ဝေဖန်နေကြတာဆိုတော့။ "သယံဇာတအပြင် ကြီးကျယ်တဲ့ စိန်ခေါ်မှုတခုကတော့ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးပါပဲ။ စီးပွားရေးမှာ ၀င်ဖို့ထွက်ဖို့ လွယ်ကူရမယ်။ ရင်းနှီးမြှုပ်နှံမှုမှာ အလွယ်ဆုံးနိုင်ရမယ်။ အမြတ်ငွေလည်း ရလွယ်ရမယ်။ ခရက်ဒစ်ကတ်တွေ လွယ်ကူရမယ်။ အဲဒါတွေက စီးပွားရေးကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးလာဖို့ အကူအညီ ရနိုင်ရမှာပါ။" တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေမှာ သယံဇာတခွဲဝေမှု မမျှတတာတွေကြောင့်လည်း ပါတယ်ဆိုတဲ့ အစီရင်ခံစာတွေ မနည်းဘူး။ သယံဇာတ အညီအမျှ ခွဲဝေနိုင်ဖို့ အလားအလာတွေကိုရော ဘယ်လိုသုံးသပ်မလဲ။ "အဲဒါလည်း အကြီးအကျယ် အခက်အခဲ ဖြစ်မှာပါပဲ။ Global witness က အစီရင်ခံစာမှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က မြင်ခဲ့ရတဲ့အတိုင်းပဲ မြန်မာ့ကျောက်စိမ်းစီးပွားရေးမှာ တနှစ်ဝင်ငွေ ဒေါ်လာသန်းပေါင်း ၃ သောင်း ၁ ထောင်လောက်ရှိတယ်။ အများစုက ကချင်ပြည်နယ်မှာရှိတယ်။ ကချင်ပြည်နယ်သားတွေက အနည်းဆုံးပဲရတယ်။ ဘယ်လိုဖြစ်ဖြစ် သယံဇာတနဲ့ ပတ်သက်လို့ စစ်တပ်က ချုပ်ကိုင်ထားတာကို ဖြေရှင်းရပါလိမ့်မယ်။ အဲဒီဒေသကလူထုနဲ့ မြန်မာပြည်သားတွေ အညီအမျှ ခံစားရဖို့ စီစဉ်ရပါလိမ့်မယ်။" တကယ်လို့ အနိုင်ရတဲ့ပါတီက အန်အယ်လ်ဒီ ဖြစ်ဖြစ်။ အန်အယ်လ်ဒီ၊ ယူအက်စ်ဒီပီ ပူးတွဲနိုင်တာဖြစ်ဖြစ် အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေ အများစုနိုင်တာဖြစ်ဖြစ် စစ်တပ်နဲ့ တွဲလုပ်ရမယ်။ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်လို့ရော တခြား စိန်ခေါ်မှုတွေ ရှိနေနိုင်ဦးမလား။ “ပူးပေါင်းဆောင်ရွက်တဲ့ အလုပ်ဖြစ်နိုင်တဲ့ အစိုးရကတော့ ရှိနိုင်ပါမယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြင်ချင်တွေ့ချင်တာကတော့ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ တည်ငြိမ်တဲ့ အစိုးရနဲ့ တပ်မတော်က တစိတ်တပိုင်း အာဏာရှိတဲ့ အခြေအနေလို့ ထင်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကတော့ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်ကြားမှာ ကွက်တိတည်ရှိနေတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံကြီး ၂ ခုရဲ့ လွှမ်းမိုးမှုတွေကို မျှခြေဖြစ်အောင် ထိန်းညှိရမယ်။ ဂျပန်၊ အမေရိကန်နဲ့ ဥရောပက အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်။ မဟာဗျူဟာအရ အချက်အချာကျနေတဲ့ နေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံဟာ အဲဒီလွှမ်းမိုးမှုတွေကို ထိန်းညှိနိုင်ဖို့ကလည်း ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။” ကျနော်တို့ စိန်ခေါ်တာ ခြိမ်းခြောက်တာတွေ ပြောခဲ့တာများပြီဆိုတော့ လာမယ့် အစိုးရသစ်အတွက်၊ လွှတ်တော်အသစ်အတွက် အခွင့်အလမ်းအကြောင်းလည်း ပြောရအောင်။ ပြီးတော့ ကျနော်တို့ရဲ့ မဲဆန္ဒရှင်တွေအတွက်ပေါ့။ “ဒီနိုင်ငံမှာ သေချာမရှာရသေးတဲ့ သယံဇာတတွေ ရှိနေသေးတယ်။ အလားအလာက အများကြီးရှိတယ်။ အခွင့်အလမ်းတွေက ကြီးမားတယ်။ ဆိုလိုတာ မြန်မာပြည်သားတွေက အရင်းအမြစ်ပါပဲ။ အလုပ်လုပ်နိုင်သူတွေ အများကြီးရှိတယ်။ လူငယ်တွေ အများကြီးရှိတယ်။ ၁၉၆၂ ခုနှစ်မတိုင်ခင် ကာလကို ပြန်ကြည့်မယ်ဆိုရင် မြန်မာဆိုတာ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံထဲမှာ ပါတယ်။ နောက်ထပ် ဒီလိုပြန်ဖြစ်နိုင်သေးတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ လူတွေအများကြီးရှိတယ်။ စိုက်ပျိုးမြေတွေလည်း အများကြီးရှိတယ်။ နည်းပညာအရ သေချာစီမံခန့်ခွဲနိုင်ရင်ပေါ့။ ခေတ်မီအောင်လုပ်မယ်။ စက်ကိရိယာထွန်းကားမယ်ဆိုရင် ဒီနိုင်ငံဟာ ကမ္ဘာ့ဆန်အိုးကြီး ဖြစ်လာဦးမယ်။ ဒါကတော့ ကျနော်မြင်တဲ့ ပထမအခွင့်အလမ်းပေါ့။ “နောက်တခုကတော့ စက်မှုထုတ်ကုန်ပါ။ ဒီနိုင်ငံမှာ လူငယ်အလုပ်သမားတွေရှိတယ်။ ကွင်းပြင်တွေထဲကနေ စက်ရုံတွေထဲကို ရောက်လာချင်ကြတယ်။ အရှေ့တောင်အာရှကနေ နိုင်ငံတကာကို ဖြန့်ကြက်နိုင်တဲ့ နေရာအနေအထား အကောင်းဆုံးမှာ ရှိနေတယ်။” ဒါပေမယ့် ကျနော်တို့ မြင်နေရတာက မီးဖိုချောင်ကနေ အိမ်ရှေ့ခန်း အိပ်ခန်းတွေထဲအထိ ဒီမှာ သုံးစွဲနေကြတာက တရုတ်ကလာတာ၊ ထိုင်းကလာတာတွေပဲဆိုတော့။ “အဲဒါက စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ဖို့ အမြန်လိုအပ်နေတဲ့ အကြောင်းတရားပါပဲ။ လူသုံးပစ္စည်းတွေ ဒီမှာပဲ ထုတ်လုပ်မယ်။ ဒီကလူတွေ အလုပ်အကိုင်ရမယ်။ ၀င်ငွေက ဒီမှာပဲရှိမယ်။" တခုခုထပ်ဖြည့်ချင်သေးလား။ ခင်ဗျားအမြင်ချင်ဆုံး အခြေအနေမျိုးပေါ့။ “တကမ္ဘာလုံးက လူတိုင်းဝယ်သုံးချင်တဲ့ စက်မှုထုတ်ကုန်တွေကို မြန်မာအလုပ်သမား ထောင်ပေါင်းများစွာက ထုတ်လုပ်နေတာမျိုး မြင်ချင်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ကုန်ချောအဆင့်ထိ ထုတ်လုပ်တင်ပို့ ရောင်းနိုင်လာတာ မြင်ချင်တယ်။ စက်မှုထုတ်ကုန်လုပ်ငန်းမှာ လူတွေ ပိုအလုပ်ရလာပြီး မြန်မာပြည်ထုတ်ပစ္စည်းတွေကို လူတွေက ၀ယ်ချင်လာတာ မြင်ချင်တယ်။ မြန်မာ့ဆန်စပါးကို တကမ္ဘာလုံးက ၀ယ်နေကြတာ မြင်ချင်တယ်။ မြန်မာပြည်ထုတ် အ၀တ်အစားတွေ၊ ဖိနပ်တွေ ၀ယ်နေကြတာ မြင်ချင်တယ်။ မြန်မာပြည်သူတွေကလည်း ကိုယ့်နိုင်ငံသားတွေ ထုတ်လုပ်တဲ့ အ၀တ်အစားတွေ ၀ယ်ဝတ်နေကြတာ မြင်ချင်တယ်။ အဲဒါတွေ ကျနော်ဖြစ်စေချင်တာပါပဲ။” အစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက်မှာပေါ့လေ။ “ဟုတ်ပါတယ်။ အစိုးရသစ်လက်ထက်မှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024